ရှင်မတောင် သစ်တောကြိုးဝိုင်းထဲ၌ နှစ် ၂၀ အတွင်း တောရိုင်းတိရစ္ဆာန် များ သိသိသာသာ လျော့နည်းလာ

ရှင်မတောင် သစ်တောကြိုးဝိုင်းထဲ၌ နှစ် ၂၀ အတွင်း တောရိုင်းတိရစ္ဆာန် များ သိသိသာသာ လျော့နည်းလာ


Ministry of Information/ ​နေပြည်တော် / September 17, 2019
image_latest


ယခင်က ရှင်မတောင်ခြေ တစ်ဝိုက်သည် တောနေသတ္တဝါများ ပေါများ ခဲ့ပြီး ကျားသစ်များ၊ ခွေးအ များ လည်းရှိခဲ့ကြောင်း သိရသည်။ ရှင်မတောင်ခြေအနီးရှိ ဘောင်ဘဲ့တန်းရွာမှ ဒေသခံတစ်ဦးက “ဟိုတုန်းက ကျားသစ်လည်း ရှိခဲ့တယ်၊ လွန်ခဲ့တဲ့ နှစ် ၄၀လောက် ပေါ့၊ ကျားသစ်က ရွာတွေထဲဝင်ပြီး နွားတွေ လာလာဆွဲတော့ ရဲခေါ်ပြီး သေနတ်နဲ့ ပစ်ခိုင်းရတယ်၊ ခွေးအဆိုရင် အမွေးအရှည်ကြီးတွေနဲ့ တစ်ခါတစ်ခါ တောထဲ မှာတွေ့တာ၊ သူတို့ကလည်း လူကို ကြောက်တယ်။ လူမြင်တာနဲ့ ပျောက် သွားတာ၊ လူထက်လျင်တယ်၊ အခုတော့ တောကြောင်တွေ၊ ခွေးအ တွေလည်း ရှားသွားပြီ” ဟု ပြောသည်။

ရှင်မတောင် သစ်တောကြိုးဝိုင်း၏ ဧရိယာသည် ၁၄၉၉၅ ဧက ကျယ်ဝန်းပြီး အဆိုပါ ရှင်မတောင်သစ်တောကြိုးဝိုင်း အတွင်း၌ ရွှေသမင်၊ သမင်၊ တောယုန်၊ ဂျီ၊ မျောက်၊ ခွေးအ၊ သိမ်းငှက်၊ ဖွတ်၊ ပုတတ်၊ မြွေ၊ တောကြက်၊ ရေကြက်၊ ဟင်္သာ၊ ငုံး၊ ခါ၊ ချိုး၊ ဆက်ရက် စသည့် တိရစ္ဆာန် များ နေထိုင်ကျက်စားလျက်ရှိ ကြောင်း ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက ထုတ်သည့် ရေစကြိုမြို့နယ် ဒေသဆိုင်ရာအချက်အလက် စာရင်း များအရ သိရသည်။ ထို့အပြင် ကမာ္ဘ တွင် မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် ရွှေသမင်ကဲ့သို့သော တိရစ္ဆာန်များလည်း နေထိုင်ကျက်စားကြောင်း သိရသည်။

ရှင်မတောင် သစ်တောကြိုးဝိုင်းအတွင်းရှိ တိရစ္ဆာန်ကောင်ရေနှင့် မျိုးစိတ်များကို အသေးစိတ် သိရှိနိုင်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများက စာရင်းပြုစုထားခြင်း မရှိသေးသောကြောင့် တိရစ္ဆာန် များကို ထိန်းသိမ်းစောင့်ရှောက် ရေးလုပ်ငန်းများ လုပ်နိုင်ရန် ခက်ခဲလျက်ရှိကြောင်း တောရိုင်း တိရစ္ဆာန် စောင့်ရှောက်နေသည့် အဖွဲ့များမှ သိရသည်။

“ အဓိကကတော့ ဒီရှင်မတောင် သစ်တောကြိုးဝိုင်းထဲမှာရှိတဲ့ တိရစ္ဆာန်ကောင်ရေနဲ့ တိရစ္ဆာန် မျိုးစိတ်တွေကို စာရင်းပြုစုပြီးတော့ သုတေသနလုပ်ငန်း တွေလုပ်ဖို့ လိုနေတာပါ၊ သုတေသန လုပ်ငန်းတွေ လုပ်နိုင်မှ၊ တိရစ္ဆာန်တွေရဲ့ အမူအကျင့်တွေကိုသိရမှ ထိန်းသိမ်း စောင့်ရှောက်တဲ့နေရာမှာ ပိုပြီးတော့ ထိရောက်လွယ်ကူမှာပါ” ဟု ရေစကြိုမြို့နယ် ရွှေသမင်နှင့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဟန်က ပြောသည်။

ရှင်မတောင်ဒေသရှိ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်မျိုးစိတ်များကို လေ့လာနိုင်ရန် ကင်မရာ ထောင်ချောက်များနှင့် GPS တပ်ဆင်ခြင်းကဲ့သို့သော လုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် မြင်းခြံမြို့မှ တိရစ္ဆာန်ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့က ကူညီပေးမည်ဟု ကမ်းလှမ်းခြင်းများ ရှိခဲ့သော်လည်း အဖွဲ့အနေဖြင့် ရန်ပုံငွေမတတ်နိုင်သေးသောကြောင့် အဆိုပါ လုပ်ငန်းများကို မလုပ်နိုင်သေးကြောင်း ဦးသန်းဟန်က ဆက်ပြောသည်။

ရှင်မတောင်ဒေသ၌ တိရစ္ဆာန် အချို့ ပျောက်ဆုံးလုနီးပါးအထိ ရှားပါးလာ ရခြင်းမှာ ယခု နောက်ပိုင်းနှစ်များအတွင်း ရှင်မတောင် ဒေသတွင် မိုးခေါင်ခြင်းနှင့် ရာသီဥတုပိုမိုပူပြင်းခြင်း တို့ကြောင့် ဖြစ်ကြောင်း သိရသည်။ “ ရှင်မတောင် တစ်ဝိုက်မှာ ရာသီဥတုကလည်း ပုံမှန် မဟုတ်တော့ အစာနဲ့ ရေရှားလာတယ်၊ ရှင်မတောင်ရဲ့ ဟိုဘက်အစွန်းမှာ တောင်ဖီလာတောင်ဆိုတာ ရှိတယ်၊ ပြီးခဲ့တဲ့လတွေက အဲဒီဘက်မှာ သမင်ဖိုကြီးတစ်ကောင် သေတယ်၊ ရေရှားပြီး ရေမသောက် ရလို့ သေသွားတယ်လို့ ကောက်ချက်ချကြတာပေါ့၊ တောင်ခြေက တချို့ရွာတွေမှာတော့ ရေရှိတယ်၊ ဒါပေမယ့် အဲဒီသမင်တွေက လူနားနီးတဲ့ နေရာအထိလည်း မသွားရဲဘူး။ ကြားဖူးတာတော့ တချို့ သမင်တွေက ရေအငတ်ခံပြီး သေကြတယ်လို့ ကြားဖူးတယ်” ဟု ဂွေးပင်ယာကျေးရွာမှ ဒေသခံ ကိုမြင့်ဇော်က ပြောသည်။

ရှင်မတောင် သစ်တောကြိုးဝိုင်း အနီးရှိကျေးရွာများမှ ဒေသခံများအား တိရစ္ဆာန်များကို ထိန်းသိမ်းစောင့် ရှောက်တတ်စေရန် မြန်မာနိုင်ငံ သစ်ပင်ချစ်သူများအသင်းက အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားရန်ရှိကြောင်း အသင်းဥက္ကဋ္ဌ ဦးသန်းထိုက်ဦးက ပြောသည်။ ရှင်မတောင်ဒေသခံ ပြည်သူများထဲတွင် တောလိုက်မုဆိုး အဖြစ် အသက်မွေးသူ မရှိသလောက် နည်းပါးကြောင်း၊ တောတောင်အတွင်း သောက်ရေရှားပါးခြင်းနှင့် အလေ့ကျ ပေါက်ပင်များ ပျက်စီး၍ တိရစ္ဆာန်များအတွက် ဂေဟစနစ် ပျက်စီးလာခြင်း ကြောင့်သာ တိရစ္ဆာန်များ ရှားပါးလာ ခြင်းဖြစ်ရာ ဂေဟစနစ် ပြည့်စုံပါက သားပေါက်နှုန်း ပြန်မြင့်တက်လာကာ ထိန်းသိမ်းရေးလည်း အောင်မြင်နိုင် မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယခုနှစ် နွေရာသီကာလ ရေရှားပါးချိန်က ရှင်မတောင်ဒေသမှ တိရစ္ဆာန်များ ရေသောက်နိုင်စေရန် တောင်ခြေ တစ်ဝိုက်ရှိ သဘာ၀ရေကန်များတွင် ရေများကို အလှူရှင်များက ဖြည့်ဆည်းပေး ခဲ့ကြသလို လာမည့်နွေရာသီတွင် ရှင်မတောင် သစ်တောကြိုးဝိုင်းအတွင်းမှ တိရစ္ဆာန်များ ရေသောက်နိုင်စေရန် မြေသားရေကန်များကိုလည်း မြန်မာနိုင်ငံ သစ်ပင်ချစ်သူများအသင်းက ဦးဆောင်၍ တူးဖော်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းဆောင်းပါး - အိမွန်ဆွေ (ရေစကြို)

 

 

 

HOT NEWS
January 4,