AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ တံတားတစ်စင်းကို ထပ်မံမိုင်းခွဲဖျက်ဆီး၊ ကွတ်ခိုင်မြို့အား အဝေးမှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ချဉ်းကပ်လာသဖြင့် တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက် ခဲ့မှုကြောင့် အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေး

AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ တံတားတစ်စင်းကို ထပ်မံမိုင်းခွဲဖျက်ဆီး၊ ကွတ်ခိုင်မြို့အား အဝေးမှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ချဉ်းကပ်လာသဖြင့် တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက် ခဲ့မှုကြောင့် အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေး


Ministry of Information/ ​နေပြည်တော် / August 19, 2019
image_latest


နေပြည်တော် ဩဂုတ် ၁၈
 

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် သိန်းနီမြို့နယ်နှင့် ကွမ်းလုံမြို့နယ်အတွင်းရှိ တံတားများအား AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက မိုင်းခွဲဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိပြီး ကွတ်ခိုင်မြို့အား အဝေးမှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ချဉ်းကပ်လာသဖြင့် တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်ခဲ့မှုကြောင့် အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လမ်းပန်းဆက်သွယ်မှုပြတ်တောက

AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက ဩဂုတ် ၁၇ ရက် ညနေ ၅ နာရီခန့်တွင် လားရှိုး-သိန်းနီ-ကွမ်းလုံပြည်ထောင်စု လမ်းမကြီးပေါ်ရှိ နားတီးကျေးရွာအထွက် အရှည်ပေ ၅၀၊ အကျယ် ၂၅ ပေရှိ ၃၁ မိုင် ကွန်ကရစ်တံတားကို ထပ်မံမိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် တံတားမှာပျက်စီးခဲ့ပြီး လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက် သွားခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲလေးကြိမ်ဖြစ်ပွား

ထို့ပြင် ယနေ့နံနက် ၁၀ နာရီခန့်တွင် ကွတ်ခိုင်မြို့အား အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် မြို့၏အနောက်တောင်ဘက် နေရာသုံးနေရာမှ လက်နက်ကိုင်အင်အား ၁၅၀ ခန့် ချဉ်းကပ်လာရာ တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ လားရှိုး-ကွတ်ခိုင်-နမ့်ဖတ်ကာ- မူဆယ်နှင့် သိန်းနီ - ကွမ်းလုံသွားပြည်ထောင်စု လမ်းမကြီးတစ်ဝိုက်၌လည်း လုံခြုံရေးနှင့်နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများနှင့် လက်နက်ကိုင် အဖွဲ့များ ထိတွေ့တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များဩဂုတ် ၁၅ ရက် နံနက် ၅ နာရီခွဲခန့်တွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာတက္ကသိုလ်၊ နောင်ချိုမြို့အထွက် ပြင်ဦးလွင်တိုးဂိတ်ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့အထွက် နောင်ချို တိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေး ရေးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ် တစ်ခုတို့ကို လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ နှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် သုံးဦးကျဆုံးပြီး အပြစ်မဲ့အရပ်သားပြည်သူ ၁၃ ဦးနှင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ယင်းနေ့ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့၏လက်နက်ငယ် ၁၇ လက်၊ ကျည်အိမ်ခြောက်ခု၊ ကျည် ၁၃၁၂ တောင့်၊ မူးယစ် ဆေးဝါးရှာဖွေရေး ကိရိယာ တစ်ခု၊ ဓာတုဗေဒစမ်းသပ်ရှာဖွေရေးကိရိယာတစ်ခု၊ လက်ကိုင်စကားပြောစက်လေးလုံးတို့ဆုံးရှုံးခဲ့ပြီး မော်တော်ယာဉ် သုံးစီးမီးလောင်ပျက်စီးခဲ့ကြောင်း၊ ဂုတ်တွင်း တံတား မိုင်းခွဲဖျက်ဆီး ခံရမှုကြောင့် ကြမ်းခင်းများပျက်စီးသွားခဲ့ပြီး ယာဉ်များသွားလာ၍မရဘဲ ဖြစ်ခဲ့ရသည်။

စစ်ကူများ သွားရောက်ပူးပေါင်းခဲ့

သို့ဖြစ်၍ တပ်မတော်စစ်ကြောင်းများက ဂုတ်တွင်းရဲကင်းစခန်း၊ နောင်ချိုတိုးဂိတ်နှင့် အေးရှားဝေါလ်တိုးဂိတ်တို့ အား စစ်ကူများ သွားရောက်ပူးပေါင်းခဲ့ပြီး ဆက်လက်နယ်မြေရှင်းလင်းစဉ် တပ်မတော်နည်းပညာတက္ကသိုလ်၏ အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းပေါ်မှဘက်ထရီအိုး၊ ဝိုင်ယာကြိုးများနှင့် ချိတ်ဆက်ထားသည့် Type 63 107 မီလီမီတာ အမျိုးအစားဒုံးသီးခြောက်လုံး၊ ရှော့တိုက်ဒုံးများ ပစ်ခတ်ရန် AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက အသင့်ပြုလုပ်ထားသည့် နေရာများနှင့် ဘက်ထရီအိုးတစ်လုံးတို့ကို တွေ့ရှိခဲ့ရသည်။ ထို့ပြင် နောင်ချိုမူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် ဂုတ်တွင်းရဲကင်း စခန်းနေရာများတွင် တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့တိုက်ခိုက် မှုများ ဖြစ်ပွားခဲ့သည်။

လက်တုံ့ပြန်သည့်အကြမ်းဖက်လုပ်ရပ်

AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဇူလိုင် ၂၅ ရက်က ကွတ်ခိုင်မြို့နယ် ရှောက်ဟော် ကျေးရွာ အရှေ့တောင်ဘက် ချောင်းဆုံနေရာတစ်ဝိုက် မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုးငွေကျပ် ကျပ် ၁၆ ဘီလီယံကျော်နှင့်မူးယစ်ဆေးဝါး ရိုက်စက်အပါအဝင် ဆက်စပ်ပစ္စည်းများ၊ ဘိန်းချက်စခန်း များအားလည်းကောင်း၊ဩဂုတ် ၈ ရက်တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရက်ခုံတိုင်ကျေးရွာမှ မူးယစ် ဆေးဝါးတန်ဖိုးငွေကျပ် ကျပ် ၅ ဘီလီယံခန့်၊ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများအားလည်းကောင်း တပ်မတော်က သိမ်းဆည်း ရရှိခဲ့သည့်အပေါ် မကျေနပ်သဖြင့် လက်တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လာခဲ့ခြင်း ဖြစ်ကြောင်း ဩဂုတ် ၁၅ ရက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ သတင်းထုတ်ပြန်ချက်များအပေါ် အခြေခံပြီးသတင်းများ ထုတ်ပြန်ထားရှိပြီးဖြစ်သည်။

လုံခြုံရေးလုပ်ငန်းများဆောင်ရွက်

မိုင်းခွဲဖျက်ဆီးခံခဲ့ရသော တံတားများ အမြန်ဆုံးပြန်လည် တည်ဆောက်နိုင်ရေးနှင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး အပါအဝင်၎င်းဒေသများ၏ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး တို့အတွက်တပ်မတော်စစ်ကြောင်းများက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သတင်းစဉ်
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

HOT NEWS
January 4,