Cash for Work စီမံချက်ဖြင့် လုပ်သားအရေအတွက် ၂ ဒသမ ၇ သန်း အကျိုးခံစားခွင့်ရရှိမည်

Cash for Work စီမံချက်ဖြင့် လုပ်သားအရေအတွက် ၂ ဒသမ ၇ သန်း အကျိုးခံစားခွင့်ရရှိမည်


Ministry of Information/ ​နေပြည်တော် / July 08, 2020


Covid-19 ကူးစက်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း တွေ့ကြုံရသော အခက်အခဲများအတွက် နိုင်ငံတော်က ရေးဆွဲဆောင်ရွက်လျက်ရှိသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကိုဗစ်ကာလ အရေးပေါ်တုံ့ပြန်ရေးအစီအစဉ် (Contingency Emergency Response Component) တစ်ခုအဖြစ် Cash for Work စီမံကိန်းကို ရေးဆွဲဆောင်ရွက် လျက်ရှိပါသည်။ Cash for Work စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ COVID- 19 စီးပွားရေး ကုစားမှုအစီအစဉ်ကို အထောက်အကူပြု ခြင်း၊ ပြည်သူများ ချက်ချင်းဝင်ငွေရရှိခြင်း၊ ကျေးရွာ ဖွံ့ဖြိုးရေးအတွက် လိုအပ်သော အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်း များ ဆောင်ရွက်ခြင်းနှင့် လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးမှု ကို အထောက်အကူပြုခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်စေသည့် စီမံကိန်း
Cash for Work ဆိုသည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံနေရသော ကျေးလက်ဒေသများရှိ မိသားစုများ၏ ဝင်ငွေရရှိရေး လုပ်ငန်းများ ထိခိုက်မှုဖြစ်ပေါ်လျက်ရှိသည့်အတွက် ကျေးလက်နေပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက် စေပြီး လုပ်အားခငွေ ပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူ များ ဝင်ငွေရရှိစေရုံသာမက ကျေးရွာအခြေခံအဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်စေသည့် စီမံကိန်းအမျိုးအစား ဖြစ်ပါသည်။
Cash for Work စီမံကိန်းအတွက် ကျေးရွာဖွံ့ဖြိုးမှုလုပ်ငန်းများကို ကျေးရွာလူထုကိုယ်တိုင် ရွေးချယ်ရမည် ဖြစ်ပြီး စီမံကိန်းကာလ (၃) လတာအတွင်း ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည်။ စီမံကိန်းလုပ်ငန်းများ ရွေးချယ်ရာတွင်လည်း နည်းပညာ ရှုပ်ထွေးမှုမရှိဘဲ ရိုးရှင်းလွယ်ကူသည့် အခြေခံအဆောက် အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုသာ ရွေးချယ်ဆောင်ရွက် ရမည်ဖြစ်သည်။ ဥပမာ- လမ်းပြုပြင်ခြင်း၊ လမ်းအဆင့် မြှင့်တင်ခြင်း၊ သောက်သုံးရေကန်များ ပြုပြင်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်း၊ ရေနုတ်မြောင်းနှင့် ရေဆိုးမြောင်း တူးဖော်ခြင်း၊ မြေသားရေကန်တူးဖော်ခြင်း အစရှိသည့် ကျေးရွာအသီးသီးက မိမိတို့ကိုယ်တိုင်ရွေးချယ်သော လုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။
Cash for Work စီမံကိန်းကာလ (၃)လအတွင်း စီမံကိန်းစက်ဝန်းလုပ်ငန်းစဉ်များဖြစ်သော ကျေးရွာအဆင့်တွင် (၁) စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ (၂) ကော်မတီ ဖွဲ့စည်းခြင်းနှင့် သင်တန်းပို့ချခြင်း၊ (၃) စီမံကိန်းလုပ်ငန်း၊ စီမံကိန်းလုပ်ငန်းခွဲ ရွေးချယ်ခြင်းနှင့် မြို့နယ်စီမံကိန်း ရေးဆွဲရေးနှင့် အကောင် အထည်ဖော်ရေးကော်မတီအား တင်ပြခြင်း၊ (၄)အကျိုးခံစားခွင့် အိမ်ထောင်စုများ ရွေးချယ်ခြင်း၊ (၅) စီမံကိန်းလုပ်ငန်းများ အတည်ပြုခြင်းနှင့် ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း၊ (၆) လုပ်သားများအား စီမံခန့်ခွဲခြင်း၊ (၇) စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ (၈)စောင့်ကြည့်ခြင်းစစ်ဆေးခြင်းနှင့် စီမံကိန်းပိတ်သိမ်းခြင်း စသည်တို့ကို အဆင့်အလိုက် ဆောင်ရွက်သွားမည်ဖြစ်သည်။
ထောက်ပံ့ပေးသွားမည်
စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပစ္စည်း ဝယ်ယူမှု ၄၀ ရာခိုင်နှုန်းနှင့် လုပ်အားခ ၆၀ ရာခိုင်နှုန်း အချိုး မျှော်မှန်းထားပြီး ကျေးရွာတစ်ရွာအတွက် အကျိုးခံစားခွင့်ရရှိ အိမ်ထောင်စုများအား စုစုပေါင်း ပေးချေမည့် လုပ်အားခသည် ကျပ်သိန်း ၆၀ ခန့် ရရှိမည် ဖြစ်သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းကို ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးရှိ ကျေးရွာ ပေါင်း ၂၄၈၈ ရွာတွင် ဆောင်ရွက်မည် ဖြစ်ပါသည်။ အဆိုပါ ကျေးရွာများရှိ စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်သားအရေအတွက် ၂ ဒသမ ၇ သန်းအတွက် လုပ်အားခ စုစုပေါင်း ကျပ် ၁၄၉၂၈ သန်းခန့် အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပါသည်။
အကျိုးခံစားခွင့်ရရှိ
ထိုကဲ့သို့ Cash for Work စီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သော အကျိုးခံစားခွင့်ရှိသည့် အိမ်ထောင်စု များအား လုပ်အားခပေးချေရာ၌ ကျွမ်းကျင်လုပ်သားများ အတွက် ဒေသပေါက်ဈေးအတိုင်း ပေးချေရမည်ဖြစ်ပြီး ရိုးရိုးလုပ်သားများအတွက် လုပ်အားခ အနိမ့်ဆုံးနှုန်းထား ၄၈၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိ သတ်မှတ်ထားပါသည်။ သို့သော်လည်း လုပ်သားတစ်ဦးလျှင် ပျမ်းမျှ လုပ်အားခနှုန်းထား တစ်ရက်လျှင် ၅၄၀၀ ကျပ်နှုန်း ရရှိမည်ဖြစ်သည့်အတွက် ကျေးရွာတစ်ရွာတွင် တစ်ရက် လျှင် လုပ်သား ၃၅ ယောက်နှုန်းဖြင့် ခန့်မှန်းအလုပ် လုပ်ရက် ရက်ပေါင်း ၃၀ ခန့်ဖြင့် လုပ်သားအင်အား ၁၁၀၀ ခန့်အတွက် အကျိုးခံစားခွင့်ရရှိစေမည် ဖြစ်ပါသည်။
Cash for Work စီမံချက်တွင် ပါဝင်ဆောင်ရွက်ရန် အတွက် လုပ်သားများရွေးချယ်ရာတွင် ပျမ်းမျှ တစ်အိမ်ထောင်လျှင် တစ်ဦးနှုန်း ပါဝင်ဆောင်ရွက်နိုင်ရန် လျာထားပါသည်။ ပူးပေါင်းဆောင်ရွက်ရန် စိတ်အား ထက်သန်သည့် လုပ်သားအင်အား လိုအပ်သည်ထက် များပြားနေပါက စီမံကိန်းအကျိုးခံစားခွင့် အိမ်ထောင်စု ရွေးချယ်ရေးစံနှုန်းများအား အသုံးပြုကာ အမှတ်ပေး ကဒ်ဖြင့် ပါဝင်မည့်လုပ်သားများကို ကျေးရွာကော်မတီမှ ရွေးချယ်ပေးရမည်ဖြစ်သည်။ အခြေခံကျသော ရွေးချယ် ရေးစံနှုန်းများဖြစ်သည့် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စု၊ အမျိုးသမီးဦးဆောင်သောအိမ်ထောင်စု၊ မသန်စွမ်းသူ များ၊ နာတာရှည်ရောဂါသည်နှင့် သက်ကြီးရွယ်အိုများ ပါဝင်သောမိသားစု၊ ပုံမှန်အလုပ်အကိုင်မရှိသော အိမ်ထောင်စုဝင်များမှ လုပ်သားများကို ဦးစားပေးရွေးချယ် မည်ဖြစ်သည်။
ကာလတိုစီမံချက်ဖြစ်သော်လည်း လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို ပုံမှန်စီမံကိန်းလုပ်ငန်းစဉ်များကဲ့သို့ စောင့်ကြည့်ကြီးကြပ်ရေးလုပ်ငန်းများနှင့် ကျေးရွာအဆင့် တွင် လုပ်ငန်းစတင်အကောင်အထည်ဖော်ရာမှ လုပ်ငန်း တိုးတက်မှုအစီရင်ခံစာ ပြုစုခြင်းများကိုပါ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ဖြစ်ပေါ် လာနိုင်သော အခက်အခဲများ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်ရန်တို့အတွက် ကျေးရွာများအတွင်း ဝေဖန် အကြံပြု တိုင်ကြားရေးစနစ်ကိုပါ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့အပြင် စီမံကိန်း ဆိုင်ရာ သတင်းအချက်အလက်များအား ကျေးရွာလူထု/ အများပြည်သူ သိရှိနိုင်စေရန်ရည်ရွယ်၍ စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှု စာရွက်စာတမ်းများနှင့် ပိုစတာများအား ကြော်ငြာသင်ပုန်းတွင်ကပ်၍ ချပြရှင်းလင်းသွားမည် ဖြစ်ပါသည်။
ကြိုးပမ်းဆောင်ရွက်သွားမည်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်၊ မြစိမ်းရောင်စီမံကိန်း၊ လူထု ဗဟိုပြုစီမံကိန်း အစရှိသည့် စီမံကိန်းလုပ်ငန်းများကိုလည်း နိုင်ငံတစ်ဝန်း ဒေသအသီးသီးတွင် အကောင်အထည်ဖော် လျက်ရှိပါသည်။ ယင်းစီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းမှရရှိသော သင်ခန်းစာများနှင့် အတွေ့အကြုံများကိုအသုံးချပြီး ယခုကိုဗစ်ကာလအတွက် Cash for Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ နိုင်ငံတော်က ချမှတ် ဆောင်ရွက်လျက်ရှိသော ကိုဗစ်ကာလစီးပွားရေးကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရုံးအဆင့်ဆင့် ဌာနဝန်ထမ်းများ နှင့် အရင်းအမြစ်များကို အသုံးပြုကာ ယခု Cash for Work စီမံကိန်းကို ထိရောက်အောင်မြင်မှုရှိစေရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

အောင်ကြည် (ကျေးလက်)

HOT NEWS
January 4,