Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီး လက်ခံ

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီး လက်ခံ


Ministry of Information/ ​နေပြည်တော် / July 08, 2020


နေပြည်တော် ဇူလိုင် ၈

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ရုံးအမှတ် (၄) ၌ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လာရောက်လှူဒါန်းမှုများအား လက်ခံသည်။

ရှေးဦးစွာ လှူဒါန်းမှုများနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မိမိတို့နိုင်ငံတွင် လက်ရှိ၌ ကိုဗစ်-၁၉ ကပ်ရောဂါကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားလျက်ရှိပြီး ထိုသို့ထိန်းချုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုလှူဒါန်းမှု များသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ပရှိမြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၉) ရုံးနှင့် ပြည်ပရှိ ကုပ္မဏီများနှင့် အဖွဲ့အစည်းများက နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့်လှူဒါန်း လာသည့် အလှူငွေများနှင့် လှူဒါန်းမှုပစ္စည်းများဖြစ်ပါကြောင်း။

ဆက်လက်၍ ယခုအချိန်၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် နှီးနွှယ်ဝန်ကြီးဌာနများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့ပေါင်းစုံနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကြောင့် အတိုင်းအတာ တစ်ခုအထိ ရောဂါထိန်းချုပ်ထားနိုင်သော်လည်း ပေါ့ဆ၍ မရပါကြောင်း၊ ယခုကဲ့သို့လှူဒါန်းမှုများသည် ယခု ကိုဗစ်-၁၉ ဖြစ်စဉ်တွင် လူနာများအတွက် အသုံးပြုနိုင် မည်သာမက ရေရှည်တွင် ကျန်းမာရေးစနစ်ပိုမိုကောင်းမွန်စေမည့် အရင်းအနှီး အထောက်အပံ့များ ဖြစ်သဖြင့် အကြိမ်ကြိမ်အကျိုးရှိနေမည်ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း၊ ပံ့ပိုးမှုများရယူခြင်းတို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့မှ ပူးပေါင်းကူညီဆောင်ရွက်ခဲ့မှုများ အားကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။

လှူဒါန်းပွဲတွင် ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး (၉) ရုံးတို့က အလှူငွေကျပ် (၁၅) သိန်းနှင့် အမေရိကန်ဒေါ်လာ (၆,၇၀၀)၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ N 95 Mask (၃,၀၀၀) နှင့် Surgical Mask (၁၀,၀၀၀)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့အခြေစိုက် ရွှေချိုက်ကုမ္ပဏီ (Kunming Cuicai Trading Co.Ltd) က အလှူငွေ ကျပ် (၁၈,၅၈၇,၀၀၀)၊ ထိုင်းနိုင်ငံအခြေစိုက် ZMW Solution မှ အမှုဆောင်အရာရှိချုပ် ဦးဇော်မိုးဝင်းက တစ်ကိုယ်ရေ ရောဂါကာကွယ်ရေးဝတ်စုံ (၃၀) နှင့် Face shield (၃၀၀) ၊ ဂျပန်နိုင်ငံရှိ Japan YUAI Foundation၊ Amazing Asia Association နှင့်  Saitama ပြည်နယ်မှ Yoshinosato (Health and Welfare) Group တို့မှ Mask (၁၄,၉၀၀)တို့အား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လွှဲပြောင်းပေးအပ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ နှင့် အမြဲတမ်း အတွင်း ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းတို့က လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေး အပ်ခဲ့သည်။  

 

(သတင်းစဉ်)

HOT NEWS
January 4,