JICM အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေး ဘုံသဘောတူညီချက် (၈) ချက်ရရှိ

JICM အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေး ဘုံသဘောတူညီချက် (၈) ချက်ရရှိ


Ministry of Information/ ​နေပြည်တော် / February 18, 2020


ရန်ကုန် ဖေဖော်ဝါရီ ၁၈

(၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည် ဖော်ရေးအတွက် အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ (NCA-S EAO)၏ နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဆက်လက် ကျင်းပသည်။

နှစ်ဖက် အလုပ်အဖွဲ့ညှိနှိုင်းအစည်းအဝေးအပြီးတွင် အချက်(၈)ချက်ကို  ဘုံသဘောတူ စုစည်းချက် အဖြစ်ရရှိပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေးအား သက်မှတ်ထားသည့်အချိန်ကာလ(၂၀၂၀ ခုနှစ် ပထမလေးလပတ်)အတွင်း ကျင်းပပြုလုပ်နိုင်ရေး ကို ဦးတည်သည့် ရှေ့လုပ်ငန်းစဉ်များ၊ ၂၀၂ဝအလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်ထည်မှုများကို အသေးစိတ်အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း ယနေ့ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် “ဒီနှစ်ရက်တာအစည်းအဝေးမှာ အပြုသဘော ဆောင်တဲ့ အားလုံးကြားသိလိုတဲ့ ရလဒ်ကောင်းတွေကို ရရှိတာဖြစ်ပါတယ်။ ပူးတွဲအလုပ်အဖွဲ့ငယ် ဖွဲ့စည်းပြီး နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့တွေရဲ့ အဆိုပြုချက်တွေကို တူညီတဲ့အချက်တွေ၊ မတူညီသေးတဲ့အချက်တွေ၊ နီးစပ်နေတဲ့ အချက်တွေအဖြစ် နှိုင်းယှဉ်ပြခြင်းဖြင့် Single Text သဘောမျိုး ဆန်ဆန်ဆောင်ရွက်နိုင်ခဲ့လို့ နှစ်ဖက်ဆွေးနွေးညှိနှိုင်းတဲ့နေရာမှာ များစွာအထောက်အကူ ပြုခဲ့ပါတယ်။ အပြန်အလှန်အသေးစိတ်ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေးကို သက်မှတ်ထားတဲ့အချိန်ကာလအတွင်း ကျင်းပပြုလုပ် နိုင်ရေး ဦးတည်တဲ့ ရှေ့လုပ်ငန်းစဉ်တွေကို သဘောတူချမှတ် နိုင်တယ်။

ပြီးခဲ့တဲ့ (၈)ကြိမ်မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက်အတိုင်းအချိန်ဇယား Timeline နဲ့ပတ်သက်လို့ အစည်းအဝေးကျင်းပရေးဆိုင်ရာ အစီအစဉ်တွေကို အစည်းအဝေး တစ်ခုစီအလိုက် အသေးစိတ်ညှိနှိုင်းနိုင်ခဲ့တယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (UPC) ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများအစည်းအဝေး၊ UPDJC အစည်းအဝေး၊ လုပ်ငန်းကော်မတီ အစည်းအဝေး၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) အစည်းအဝေး၊ JICM အစည်းအဝေးများကို စဉ်ဆက်မပြတ် ကျင်းပသွားဖို့ ဒီအစည်းအဝေးမှာ သဘောတူညီမှုတွေ ရရှိခဲ့ပါတယ်။

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများနဲ့ Public Consultation ကျင်းပနိုင်ရေးအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ဆောင်ရွက်ဖို့ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပြီး မကြာမီကျင်းပမယ့် UPDJC အစည်းအဝေးမှာ အတည်ပြုပေးဖို့ဖြစ်ပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပဖို့လမ်းပွင့်သွားပြီလို့ ဆိုနိုင် ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် NCA စာချုပ်လက်မှတ်မရေးထိုးရသေးတဲ့ EAO ညီနောင်များ ပါဝင်လာရေး အခင်းအကျင်းတွေကို ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တယ်” ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် “ကျွန်တော်တို့အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များ ရဲ့ နှစ်ဖက်အလုပ်အဖွဲ့ အစည်းအဝေးကို  သုံးရက်ဆွေးနွေးခဲ့ပါတယ်။ ဒီနှစ်ရက်မှာလည်း NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်အတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေရဲ့  နှစ်ဖက်စုစည်းချက်တွေအပေါ်မှာ နှစ်ဖက်အလုပ်အဖွဲ့တွေ သဘောတူညီတဲ့ Singel Text သဘောတူညီမှု ရရှိခဲ့ပါတယ်။ သဘောတူညီမှုမရှိသေးဘဲ ကျန်ရှိတဲ့အချက်တွေကိုလည်း ကျွန်တော်တို့ ဆက်ပြီးဆွေးနွေး သွားမှာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနဲ့၊ အဆင့်လိုက် အကောင်အထည်ဖော်မှု အဆင့်(၃) ဆင့်ကိုလည်း ကျွန်တော်တို့ သဘောတူညီမှု ရတယ်။ ကျွန်တော်တို့ ဒီမိုကရေစီနဲ့ဖက်ဒရယ်ဆိုင်ရာ အချက်တွေကို လာမယ့်အစည်းအဝေး တွေမှာ အတည်ပြုနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟုပြောကြားသည်။

ယနေ့ ကျင်းပသည့် အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား) ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို(ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ်များအဖြစ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှဌေး၊ စောမြရာဇာလင်း၊ ဆလိုင်းထလားဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ်ကလူးဆေး၊ စောကျော်ညွန့်၊ ဆော်လမွန်၊ နိုင်အောင်မငေး၊ ခွန်မြင့်ထွန်း၊ ဒေါက်တာစိုင်းဦး တို့တက်ရောက်ကြသည်။

အစည်းအဝေးအပြီးတွင် ငြိမ်းချမ်းရေး ကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် NCA-S EAO ကိုယ်စားလှယ် နိုင်အောင်မငေးတို့က နှစ်ရက်တာ ကျင်းပခဲ့သည့် JICM အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၆၊ ၁၇၊  ၁၈ ရက် သုံးရက်တာကျင်းပခဲ့သည့် အစည်းအဝေးရလဒ်နှင့် ပတ်သက်၍ ဦးလှမောင်ရွှေက “ကျွန်တော်တို့ အစိုးရ ကိုယ်စားလှယ်တွေဘက်က အဖွဲ့တစ်ခု တည်းထားပြီး ၁၆၊ ၁၇၊ ၁၈ သုံးရက်တာ ဆွေးနွေးခဲ့တာရှိတယ်။ ၁၆ ရက်နေ့ ပထမနေ့မှာ တော့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က စုဖွဲ့ပေးထား တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာရေး ညှိနှိုင်းအဖွဲ့နဲ့ ဆွေးနွေး ခဲ့တာရှိတယ်။ JICM အစည်းအဝေး ဆုံးဖြတ်ချက် (၈) ချက်ထဲက သဘောတူညီချက် (၁) ဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာစေရေးကို ဆွေးနွေးခဲ့တာရှိတယ်။ နှစ်ဖက်မှာ ညှိနှိုင်းထားတာက လာမယ့် မတ်လ ၁၀၊၁၁၊၁၂ မှာ JMC အစည်းအဝေးတွေ ပြန်စဖို့ပါပဲ။ အားလုံးသိတဲ့အတိုင်း ဆိုင်းငံ့ထားတဲ့ JMC အစည်းဝေးကို လာမယ့်မတ်လ ၁၀၊၁၁၊၁၂ မှာ ပြန်စနိုင်ဖို့ အစိုးရဘက်က အဆိုပြုတယ်။ ဒီအတိုင်းပဲ ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

မနေ့ကနဲ့ ဒီနေ့ကတော့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့က စုဖွဲ့ပေးထားတဲ့ ညှိနှိုင်းရေးအဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တွေ ထပ်ပြီး ဆွေးနွေးပါတယ်။ JICM အစည်းအဝေးဆုံးဖြတ်ချက် နှစ်ကနေ  ရှစ်အထိ  ၇ ချက်ကို ဆွေးနွေးခဲ့တယ်။ ဒီနေ့ ညှိနှိုင်းလို့ ရတာကတော့ လာမဲ့ မတ်လ ၅၊၆၊၇ ရက်မှာ အလုပ်အဖွဲ့ ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ ပြန်လည် ကျင်းပဖို့နဲ့ မတ်လ ၁၀ ရက်နေ့မှာတော့ UPDJC အတွင်းရေးမှူး အစည်းအဝေးကို ကျွန်တော်တို့ နေပြည်တော်မှာကျင်းပဖို့နဲ့ မတ်လ ၁၂ ရက်နေ့မှာ UPDJC အစည်းအဝေးကို ကျင်းပဖို့ ဆိုပြီး နှစ်ဖက် သဘောတူထားတယ်” ဟုပြောသည်။

ဖေဖော်ဝါရီ ၁၇ နှင့် ၁၈ ရက်များတွင် ကျင်းပခဲ့သည့် နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးနှင့် ပတ်သက်၍ NCA-S EAO ကိုယ်စားလှယ် နိုင်အောင်မငေးက “ နှစ်ရက်တာ အစည်းအဝေးရလဒ်က အတော်လေးကောင်းမွန်တယ်။ အစည်းအဝေး ရလဒ်က NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင်မှာ အစိုးရဘက်က အဆို နဲ့ ကျွန်တော်တို့ဘက်က အဆိုကို ဘုံသဘောထား တူညီချက်တွေ ပြန်စုစည်းကြတယ်။ အဲ့ဒီမှာ (၈) ချက်ကို ဘုံသဘောတူ စုစည်းချက်အဖြစ်ရရှိပြီး ကျန်တဲ့ (၁၂)ချက်ကတော့ ဆက်လက်ဆွေးနွေးရန်ဆိုပြီး ရရှိပါတယ်။ ရရှိထားတဲ့ အဆိုပြုချက် တွေကို သက်ဆိုင်ရာအဖွဲ့အစည်း ခေါင်းဆောင်များထံတင်ပြပြီးတော့ နောက်ထပ်တွေ့ဆုံမဲ့ ၅ ၊ ၆၊ ၇ ရက်တွေမှာ ဆက်လက်အတည်ပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၂၀ အလွန် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်မှုတွေ ဆွေးနွေးခဲ့ပါတယ်။ အစိုးရဘက်က အဆိုပြုချက်ကို ကျွန်တော်တို့ ယူသွားပါတယ်။ ကျွန်တော်တို့ရဲ့ အဆိုပြုချက်ကိုလည်း အစိုးရအဖွဲ့ကို ပေးပါတယ်။ ဒါကိုလည်း လာမယ့်အစည်းအဝေးမှာ ဆက်ပြီးတော့ ဘုံသဘော ထားတူညီချက်အဖြစ် ဆက်ပြီးပြင်ဆင်ဆွေးနွေးဖို့ သဘောထား ရရှိခဲ့ပါတယ်” ဟုပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို သက်မှတ်ထားသည့် အချိန်ကာလအတွင်းကျင်းပနိုင်ရန် အစိုးရနှင့် NCA-S EAO နှစ်ဖက် အလုပ်အဖွဲ့များ၏ တတိယအကြိမ်  နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို မတ်လ ၅၊  ၆၊ ၇ ရက်နေ့ များတွင် ရန်ကုန်မြို့ NRPC ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

သတင်း - ရဲခေါင်ညွန့်၊ ဓာတ်ပုံ - ဖိုးထောင်

HOT NEWS
January 4,