MSME များ ချေးငွေရရှိရေးအတွက် ဖြေလျှော့မှုများပြုလုပ်နိုင်ရန် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

MSME များ ချေးငွေရရှိရေးအတွက် ဖြေလျှော့မှုများပြုလုပ်နိုင်ရန် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်


Ministry of Industry/ NayPyiTaw / June 25, 2019


 

၂၁.၆.၂၀၁၉
    MSMEများ ချေးငွေရရှိရေးအတွက် ဖြေလျှော့မှုများပြုလုပ်နိုင်ရန် ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လုပ်ငန်းကော်မတီဝင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ နေပြည်တော်စည်ပင်သာယာရေးဘဏ်၊ ပုဂ္ဂလိကဘဏ်များမှတာဝန် ရှိသူများ၊ ပြင်ပစီးပွားရေးလုပ်ငန်းရှင်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
    အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ယနေ့ကျင်းပပြုလုပ်သော အစည်းအဝေးသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၁/၂၀၁၉) အစည်းအဝေး တွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ၏ လမ်းညွှန်ချက်များနှင်အညီ အစည်း အဝေးဆုံးဖြတ်ချက်တွင်ပါဝင်သည့် “MSMEs များ ချေးငွေရရှိရေးအတွက် ဖြေလျှော့မှုများ ပြုလုပ်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို စက်မှုဝန်ကြီးဌာနမှ ဦးဆောင်၍ ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်များ၊ Financial Institution များ၊ Regional MSME အေဂျင်စီများ၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ချေးငွေစိစစ်ရေးကော်မတီများ၊ သက်ဆိုင်ရာဌာနများ၊ ပြင်ပပညာရှင် ဖိတ်ခေါ်ကျင်းပရန်” အချက်နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် အစည်း အဝေးကျင်းပရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဥပဒေ၊ မူဝါဒများ ချမှတ်ပြီး အကောင်အထည်ဖော်သည့်နေရာတွင် အခြေခံမူ (၈)ချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ MSME များအတွက် JICA SME Two Step Loan ချေးငွေ၊ Credit Guarantee Insurance (CGI) ချေးငွေ၊ မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ချေးသည့် SME ချေးငွေ၊ ဂျာမနီဖွံ့ဖြိုးရေးဘဏ်မှ ထောက်ပံ့သည့် KFW ချေးငွေနှင့် ဒိန်းမတ်နိုင်ငံမှ တာဝန်ယူမှုရှိသည့် မြန်မာ SME လုပ်ငန်းများကို အထောက်အပံ့ပေးသည့် Responsible Business Fund (RBF)တို့မှ ထုတ်ချေးပေးလျက်ရှိကြောင်း၊ ထို့ပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် တစ်ရာသီ နှစ်ချင်းဆပ်ချေးငွေ (Seasonal Loan)နှင့် JICA Agricultural Production Two Step Loan များ ထုတ်ချေးပေးလျက်ရှိကြောင်း၊ ယခုလို နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေး လျက်ရှိသည့် ချေးငွေအမျိုးအစားများစွာရှိသော်လည်း ဘဏ်ချေးငွေလျှောက်ထားရာတွင် အပေါင်ပစ္စည်းမတင်ပြနိုင်ခြင်း၊ ဘဏ်က တောင်းဆိုသည့် စာရွက်စာတမ်း အထောက် အထားများကို ပြည့်စုံစွာ မတင်ပြနိုင်ခြင်းနှင့် ချေးငွေပမာဏ လုံလောက်မှုမရှိခြင်း စသည့် အခက်အခဲပေါင်းများစွာကို MSME လုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များ ကြုံတွေ့နေရပါကြောင်း၊ စက်မှုဝန်ကြီးဌာနတွင် SME Member ဝင်ရောက်ပြီးသည့် လုပ်ငန်းအရေအတွက် စုစုပေါင်း(၇၃၀၈၅)ခုရှိသော်လည်း လုပ်ငန်းရှင်(၂၂၀၇)ဦးကိုသာ ချေးငွေထုတ်ချေးပေးနိုင်ခဲ့သဖြင့် ချေးငွေရရှိထားသည့် အရေအတွက်သည် လွန်စွာ နည်းပါးနေသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် ချေးငွေပံ့ပိုးပေးသည့် အစီအစဉ် များတွင် မည်သည့်အချက်များ လိုအပ်နေသည်ကို သုံးသပ်ရန်လိုကြောင်း၊ တစ်ဖက် ကလည်း ချေးငွေများရယူနိုင်ရန်အတွက် လုပ်ငန်းရှင်များ တွေ့ကြုံနေရသည့် အခက် အခဲများကိုလည်း လေ့လာပြီး ဝိုင်းဝန်ကူညီ ဖြေရှင်းပေးရန် လိုကြောင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင် သုတေသနပြုပြီး တီထွင်ဆန်းသစ်သော ကုန်ပစ္စည်းအသစ်များ ထုတ်လုပ်ခြင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နောက်ကျနေသောဒေသ၌ ဦးစားပေးစာရင်းဝင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းဆောင်ရွက်ခြင်း၊ ဘေးထွက်ပစ္စည်းများကို အသုံးပြု၍ ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ စွမ်းအင်ထုတ်လုပ်ခြင်းနှင့် အကျိုးရှိရှိ ထိရောက်စွာ အသုံးချရေးနှင့် ပြန်လည်သုံးစွဲရေးတို့အတွက် အလုပ်ရုံအတွင်း ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသဖြင့် ပြန်လည် ထူထောင်ရေး ဆောင်ရွက်သည့် MSME လုပ်ငန်းများကို အခွန်လျှော့ပေါ့ပေးခြင်းနှင့် ကင်းလွတ်ခွင့်ပြုခြင်းတို့ ဆောင်ရွက်ပေးနိုင်ရန် ထည့်သွင်းပြဋ္ဌာန်း ထားပါကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် ငွေကြေးအရင်းအနှီးများ ရရှိ နိုင်ရေးအတွက် သတ်မှတ်ထားသည့် ဘဏ်များ၏ ငွေရေးကြေးရေး စည်းမျဉ်းစည်းကမ်း များကို မည့်သည့်နည်းလမ်းဖြင့် လျှော့ပေါ့ ပေးနိုင်မည့်အခြေအနေတို့ကို သက်ဆိုင်ရာ ဌာနများနှင့်ဘဏ်များမှ ဆောင်ရွက်ပေးနိုင် မည့်အခြေအနေတို့အား ဆွေးနွေးပေးပါရန် နှင့် MSME လုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေး လုပ်ငန်းရှင်များအပါအဝင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို မည်သို့ဝိုင်းဝန်းကူညီဖြည့်ဆည်းပေးနိုင်မည် ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးပါရန်နှင့် ယခုအစည်းအဝေးမှ အကျိုးရှိထိရောက်မည့် လက်တွေ့ကျသော Action Plan ၊ Time Line ၊ Schedule များ ထွက်ပေါ်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
    ဆက်လက်၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာ့နိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ရသုံးမှန်းခြေငွေစာရင်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်၊ လုပ်ငန်းသုံးသပ်မှုနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရေးအဖွဲ့ဝင် ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အေဂျင်စီအဖွဲ့ဝင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များမှ MSME များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုသည့် ဘဏ္ဍာငွေကြေး အထောက်အပံ့ လွယ်လင့်တကူ ရရှိရေးအတွက် စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့ပေးနိုင်မည့် အခြေအနေ၊ လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများကို ဝိုင်းဝန်းကူညီ ဖြေရှင်းပေးမည့် နည်းလမ်းများကို အသီးသီးဆွေးနွေးကြပြီး စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 

HOT NEWS
January 4,