Quarantine ထားရှိတဲ့ သူတွေသည် လူနာတွေမဟုတ်ပါဘူး၊ ရောဂါသည်တွေ မဟုတ်ပါဘူးဆိုတာ ပြောချင်ပါတယ်

Quarantine ထားရှိတဲ့ သူတွေသည် လူနာတွေမဟုတ်ပါဘူး၊ ရောဂါသည်တွေ မဟုတ်ပါဘူးဆိုတာ ပြောချင်ပါတယ်


Ministry of Information/ ​နေပြည်တော် / April 03, 2020


ယနေ့အချိန်အခါသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကမ္ဘာ့ကပ်ရောဂါ (ကိုဗစ်-၁၉) ကူးစက်မြန် အဆုတ်ရောင်ရောဂါ၏ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်လာမှုနှင့်အတူ လူ့အသက်ဆုံးရှုံးမှုများကို ခုခံကာကွယ်နိုင်ရန် အပြင်းအထန် ရုန်းကန် ရင်ဆိုင်နေရသည့် အချိန်အခါပင်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါရှိသူ ၁၆ ဦး စစ်ဆေးတွေ့ရှိလာပြီဖြစ်သည့် မြန်မာနိုင်ငံတွင်လည်း ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နေသည့် နိုင်ငံတော်အစိုးရနှင့်အတူ ကျရာနေရာ၊ ကျရာအခန်း ကဏ္ဍမှ ပါဝင်ကာ တစ်ဖက်တစ်လမ်းမှ အားဖြည့်ကူညီဆောင်ရွက်ပေးလျက်ရှိသူများနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ရေးသား ဖော်ပြလိုက်ရပါသည်။

ဦးညီညီ (လွှတ်တော်ကိုယ်စားလှယ်၊ ရန်ကုန်တိုင်းဒေသကြီး)

တောင်ဒဂုံမြို့နယ် စိုက်မွေးရပ်ကွက်မှာရှိတဲ့ သီရိဂုဏ်ရည်ဓမ္မရိပ်သာမှာ Community Quarantine အနေနဲ့ ကတော့ ၁၇၈ ဦးရှိပြီး Home Quarantine အနေနဲ့ ၁၄၃ ဦးရှိပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီကနေပြီးတော့ လွှတ်တော် ကိုယ်စားလှယ်တွေက စီမံခန့်ခွဲပြီး သက်ဆိုင်ရာဌာန ဆိုင်ရာတွေ၊ NGO တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ စိုက်မွေးရပ်ကွက်ဓမ္မရိပ်သာ Quarantine မှာ ရပ်ကွက် အုပ်ချုပ်ရေးပိုင်းတွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ ရှိပါတယ်။ ပြောရမယ်ဆိုရင် အကုန်လုံး စုစုစည်းစည်းဆောင်ရွက်ထားပါတယ်။ အစား အသောက်အတွက်ကတော့ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီ ကနေပြီးတော့ ကျွေးမွေးနေပါတယ်။ တစ်ရက်ကို ရှစ်သိန်းကျော်လောက် ကုန်ကျပါတယ်။ တောင်ဒဂုံ မြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက် ၃၂ ရပ်ကွက်ကိုလည်း ကျန်းမာရေးအသိပညာပေးမှုတွေ ဆောင်ရွက်နေပါတယ်။ Quarantine မှာ လုပ်အားပေးဆောင်ရွက်နေသူတွေ ကိုလည်း ရောဂါကူးစက်ခံရမှုမရှိအောင် PPE ဝတ်စုံတွေ ကိုလည်း အလုံအလောက် ဆောင်ရွက်ပေးထားပါတယ်။ အားလုံးကတော့ အန္တရာယ်ကင်းရှင်းပြီး Quarantine ထားရှိတဲ့ သူတွေလည်း ကျန်းမာရေးကောင်းပါတယ်။ အခုဆိုရင် Quarantine ထားရှိမှုအနေအထားက ရက်ပိုင်း သာ လိုပါတော့တယ်။ အလှူရှင်တွေအနေနဲ့ကလည်း ဝိုင်းဝန်းပြီး ပံ့ပိုးကူညီကြပါတယ်။

တောင်ဒဂုံမြို့နယ်မှာ နေထိုင်ပြီး ပြည်ပကို သွားရောက်လုပ်ကိုင်ကြတဲ့ တောင်ဒဂုံမြို့နယ်သူ၊ မြို့နယ်သားတွေ ထပ်မံရောက်ရှိလာမယ်ဆိုရင်လည်း အဆင်သင့်ဖြစ်အောင် Quarantine ထားဖို့ နေရာ (၂)နဲ့(၃)ကိုလည်း စီစဉ်ထားပါတယ်။ Quarantine (၂)ကို အထက(၂)ကျောင်းမှာစီစဉ်ထားရှိပြီး Quarantine (၃)ကို ရွှေဝါဝင်း ဝိပဿနာရိပ်သာမှာ စီစဉ်ထားပါတယ်။ နောက်တစ်ခု သတင်းစကား ပေးချင်တာက Quarantine ထားရှိတဲ့ သူတွေသည် လူနာတွေမဟုတ်ပါဘူး၊ ရောဂါသည်တွေ မဟုတ်ပါဘူးဆိုတာ ပြောချင်ပါတယ်။

ဦးဇော်သက်ထွေး (တာဝန်ခံ၊ Hlaing Quarantine Center ရန်ကုန်မြို့)

ကျွန်တော်တို့ကတော့ ရန်ကုန်မှာ Hlaing Quar-antine Center ဆိုပြီး ပထမဆုံး လူ ၃၅၀ လောက် ထားရှိ ဖို့ စီစဉ်ခဲ့ပါတယ်။ အဲဒီလိုစီစဉ်တဲ့နေရာမှာ တစ်ခြမ်းချင်း လူတွေက တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဘဲနဲ့ အခန်းတွေ ရွေးချယ်ထားတာ ဖြစ်ပါတယ်။ ဒီအခန်းတွေက တစ်ချိန်မှာ ပညာရေးဝန်ကြီးဌာနက ဆရာ ဆရာမတွေနေဖို့ တည်ဆောက်ထားတဲ့ အခန်းတွေပါ။ ကွန်ဒိုလိုမျိုး ဆောက်ထားတဲ့ အဲဒီအခန်းတွေမှာ အိမ်သာ၊ ရေချိုးခန်း နှစ်ခုပါတယ်။ အခန်းနှစ်ခန်းပါတယ်။ ဒီလိုအခန်းမှာ လူနှစ်ယောက်ကို သီးခြားစီထားပေးထားတယ်။ ဒီလို အခန်းပေါင်း ၁၆၄ ခန်းရှိတယ်။ လူတွေအားလုံးကို တစ်ယောက်တစ်ခန်းစီ ထားပေးထားတယ်။ လက်ရှိ Quarantine ၃၃၄ ဦးထားထားတယ်။ ပြီးတော့ ဆရာဝန်၊ ဆရာမ၊ ဆေးကျောင်းသားနဲ့ စေတနာ့ဝန်ထမ်းလုပ်အား ပေး စုစုပေါင်း အားလုံး ၈၀ ရှိတယ်။ အပြင်စည်းလုံခြုံရေးအတွက် ပြည်သူ့ရဲတပ်ဖွဲ့ရှိတယ်။ အရန်မီးသတ်တပ်ဖွဲ့ ရှိတယ်။ ပရဟိတအဖွဲ့တွေရှိတယ်။ အဓိက လူပေါင်း ၄၂၅ လောက်ကို ထားရှိတဲ့အခါ ထွက်လာတဲ့ အမှိုက်တွေ၊ သူတို့ကို နံနက်၊ နေ့လယ်၊ ည ထမင်းကျွေးဖို့အတွက်ကို စည်ပင် သာယာကနေ ၁၄ ရက် အပြင်မထွက်ဘဲ ဆောင်ရွက်မယ့် သန့်ရှင်းရေးဝန်ထမ်းတွေလည်း ရှိတယ်။ ဆက်ပြီးတော့ လေဆိပ်နဲ့ တခြားနေရာကနေ Quarantine ထားဖို့ အရေး ပေါ် Hlaing Quarantine Center (၂)နဲ့ (၃)ကိုလည်း ပြင်ဆင်ထားတယ်။ (၂) နဲ့ (၃) ကိုတော့ RC2 ထဲက အဆောင်တွေကို လူ ၂၇၀ လောက်နေနိုင်အောင် ပြင်ဆင်ထားတယ်။ အရေးပေါ်ဖြစ်လာရင် ပြင်ဆင်ထားတာပါ။ အဲဒီမှာလည်း ၁၄ ရက်နေပြီး လုပ်အားပေးမယ့် စေတနာ ရှင်လုပ်အားပေးတွေကို အရန်သင့်ပြင်ဆင်ထားတယ်။ အဲဒီမှာရှိတဲ့ လူတွေအတွက် စားသောက်ဖို့အတွက် စေပိုင် ကုမ္ပဏီအပြင် Quarantine ထားသူတွေအတွက် တခြားစေတနာရှင်၊ အလှူရှင်တွေကလည်း ရေသန့်ဘူး၊ ဆေးဝါး၊ လက်သန့်ဆေးရည်၊ နှာခေါင်းစည်းနဲ့ စာပေဖတ်ရှုနိုင်ဖို့ စာအုပ်စာတမ်း စတာတွေ နေ့စဉ်လာရောက် လှူဒါန်းလျက်ရှိပါတယ်။ အဲဒါတွေအားလုံးကို စီမံခန့်ခွဲရေးကနေ စနစ်တကျလက်ခံပြီးတော့ ဆောင်ရွက်ပေးပါတယ်။Quarantine ထားတဲ့အခန်းတွေကို သွားတဲ့အခါ PPE ဝတ်စုံတွေဝတ်ပြီး ထမင်းဟင်းတွေ ပို့ပေးရတယ်။ ပြန်လာရင် PPE ဝတ်စုံတွေကိုချွတ်ပြီး တစ်ခါတည်း အမှိုက်တောင်းထဲထည့်ပြီး မီးရှို့ဖျက်ဆီးပါတယ်။ အဓိက ရေရှည်မှာလိုအပ်တာက ဝန်ထမ်းတွေနဲ့ စေတနာရှင် လုပ်အားပေးတွေအတွက် PPE ဝတ်စုံက လိုအပ်တယ်။ အဲဒီဝတ်စုံက အမြောက်အမြားကုန်ဖို့ရှိတယ်။ လောလော ဆယ်မှာ Hlaing Quarantine Center မှာတော့ ကိုယ်အပူ ချိန်မြင့်တက်ပြီး အဖျားတက်တာ၊ ချောင်းဆိုးတဲ့လူ တစ်ဦး တစ်ယောက်မှတော့ မတွေ့ရသေးပါဘူး။

ကိုသိန်းထိန် (မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့)

ကျွန်တော်က Hlaing Quarantine Center မှာ လုပ်အားပေးဆောင်ရွက်နေပါတယ်။ ကျွန်တော် စေတနာ့ဝန်ထမ်းလုပ်လာတာကြာပြီ။ လက်ရှိမှာလည်း ရန်ကုန် နာရေးကူညီမှုအသင်းမှာလည်း စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီရောဂါကပ်ဆိုးကြီး အစတုန်းကတော့ မရောက်လာနိုင်ဘူးဆိုပြီး အားလုံးက တွေးထားကြတယ်။ တကယ်ရောက် လာပြီဆိုတဲ့အချိန်မှာ နဖူးတွေ့၊ ဒူးတွေ့ ဘယ်လိုရင်ဆိုင်ကြမလဲ၊ ရင်ဆိုင်ကြတဲ့အခါမှာ ကိုယ်ကိုယ်တိုင်ကလည်း ပြည်ပက ပြန်လာတဲ့သူဆိုရင် ဘယ်လိုစိတ်နှလုံးသွင်းမလဲ၊ လူတစ်ဖက်သားကို ဘယ်လိုကူညီမလဲ၊ အဲဒီအချိန်မှာ ဆရာမကြီး ဒေါ်သန်းမြင့်အောင်ကနေပြီးတော့ ပရဟိတလုပ်ဖို့အတွက် လူတွေခေါ်တဲ့အချိန်မှာ ကျွန်တော်တို့ သေသေချာချာစဉ်းစားရမှာက ဒီအလုပ်က တစ်ရက်၊ နှစ်ရက်တည်း လုပ်အားပေးရမယ့် အလုပ်မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်လည်း ပိုးရှိတဲ့လူနာနဲ့ တွေ့တဲ့အခါ ဖြစ်သွားရင် ကိုယ်တိုင်လည်း စောင့်ကြည့်ခံရတဲ့ပုံစံမျိုး ရောက်သွားနိုင်တယ်။ ရောက်သွားနိုင်တဲ့အတွက် ကိုယ်ကိုယ်တိုင် ဒီအလုပ်ကို လုပ်နိုင်ပြီလား၊ ပိုးရှိတဲ့လူနာနဲ့ ကိုယ်ကိုယ်တိုင် တွေ့ခဲ့ရင်၊ အကူးခံရရင် ဘယ်လိုစိတ်မျိုးထားမလဲ၊ အကုန်လုံး အဆုံးစွန်ထိရင်ဆိုင်ပြီး Quarantine ထားမယ့်သူတွေကို ကူညီဖို့ ဒီစေတနာ့ဝန်ထမ်းအလုပ်ကို ရွေးချယ်ခဲ့တာပါ။

ကိုယ်တိုင်လည်း ရောဂါကူးစက်မခံရအောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အတိုင်း ဘာပစ္စည်းကိုပဲကိုင်ကိုင် ကိုင်ပြီးတိုင်း လက်ကို လက်သန့်ဆေးရည်နဲ့ ဆေးတယ်။ ဆေးလွန်အားကြီး တော့ လက်တွေတောင်ပူလို့ နောက်ပိုင်း ရေနဲ့ ဆပ်ပြာနဲ့ပဲ ဆေးတယ်။ ရေနဲ့ဆပ်ပြာကတော့ အကောင်းဆုံးပဲလို့ မြင်တယ်။ Quarantine ထားတဲ့သူတွေနဲ့တွေ့တိုင်း PPE ဝတ်စုံတွေ ဝတ်ရတယ်။ ပြောမယ်ဆိုရင်တော့ မကူးစက် အောင် အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရပါတယ်။

မမိုးမြင့်မာန် (ရန်ကုန်မြို့)

လှည်းကူး မဇ္စျိမဂုဏ်ရည်ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်ထားတဲ့ Quarantine စင်တာမှာ စေတနာ့ဝန်ထမ်း အဖြစ် လုပ်အားပေးဆောင်ရွက်နေပါတယ်။ ကျွန်မက အသင်းအဖွဲ့က မဟုတ်ပါဘူး။ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးကနေ လုပ်အားပေးခေါ်တာကို အွန်လိုင်းမှာတွေ့လို့ စာရင်းပေးပြီး ဒီမှာလုပ်အားလာပေးတာပါ။ ဒီမှာ ကျွန်မလို စေတနာ့ဝန်ထမ်းလုပ်အားပေး အယောက် ၂၀ လောက်ရှိပါတယ်။

အိမ်ကတော့ စိတ်ပူတာပေါ့။ ဒါပေမယ့် ခွင့်ပြုပါတယ်။ တွေးပြီး ကြောက်နေတာထက်စာရင် အခုလို လာပြီး ပူးပေါင်းဆောင်ရွက်တာက အတွေ့အကြုံလည်းရတယ်။ ဒီလိုအခြေအနေမှာ အစိုးရချည်းပဲ မဟုတ်ဘဲနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်က တစ်ဖက်တစ်လမ်းကနေ အကူအညီပေးရမယ်ဆိုတာ တွေးမိပြီးလာခဲ့တာပါ။ ဒီရောက်တာ ငါးရက်ရှိပါပြီ။

ဒီမှာတော့ Quarantine ထားမယ့်သူတွေကို ထမင်းပို့ပေးတာတွေ၊ သူတို့လိုအပ်တာတွေ ဆောင်ရွက်ပေးရပါတယ်။ အတွေ့အကြုံတွေကတော့ အများကြီးရတယ်။ ဒီမှာ Quarantine ထားတဲ့ သူတွေကတော့ ကျန်းမာရေး ကောင်းကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ နည်းနည်း စိတ်ပူမိတယ်။ အိမ်ပြန်ရင် မိသားစုရှိတယ်လေ။

ဒီ Quarantine စင်တာမှာ လုပ်အားပေးတာ လူငယ်တွေများပါတယ်။ အားလုံးကလည်း ဆန္ဒပြုပြီး လာခဲ့ကြတာပါ။ ကျွန်မတို့က လူငယ်တွေလေ။ မတော်တဆ ကူးခဲ့ရင်တောင် ကိုယ်ခံအားကောင်းတော့ ပြန်ကောင်းနိုင်တယ်။ သူတို့ကို ကူညီမယ့်သူတွေမလာရင် ဘယ်သူတွေက ကူညီမှာလဲ။ ဒါက အားလုံးနဲ့ဆိုင်တဲ့ကိစ္စပါ။ လူငယ်တွေအနေနဲ့ ဒီလိုမျိုး အားလုံးနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ ပါဝင်တာ နိုင်ငံအတွက်လည်း ကောင်းပါတယ်။ ဒီလိုတွေးပြီး ပါဝင်ခဲ့တာပါ။

ဒေါက်တာပိုင်ခန့်

(အတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး Mobile Team ဆပ်ကော်မတီ)

ကျေးလက်ကျန်းမာရေးဌာန ၃၁ ခုမှာ Facility Qu-arantine ထားရှိတဲ့ စာသင်ကျောင်းပေါင်း ၁၀၁ ခုမှာ Quarantine ထားတဲ့သူ ၆၅၇ ဦးရှိပါတယ်။ မြဝတီကနေ မကွေးကို ကားနဲ့ပြန်လာတဲ့သူတွေကို မကွေးတိုင်းဒေသ ကြီးအစိုးရနဲ့ ကရင်ပြည်နယ်အစိုးရ ချိတ်ဆက်ပြီး သက်ဆိုင်ရာ မြို့နယ်တွေကို ပြန်ပြီးတော့ ဘယ်မြို့နယ်က ဘယ်နှယောက်ဆိုပြီး စာရင်းပေးတယ်။ အဲဒီစာရင်း အတိုင်း သက်ဆိုင်ရာမြို့နယ်တွေကို ပြန်လွှတ်တယ်။ ပြန်လာတဲ့သူတွေကို ကျန်းမာရေးဌာနနဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပေါင်းပြီးတော့ သူတို့ကိုခေါ်ပြီး ကျောင်းဆောင်တွေမှာ ထားတယ်။ သူတို့အတွက် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးအတွက် စီစဉ်ပေးထားတယ်။ Quarantine ထားဖို့ ၁၄ ရက် စီစဉ်ပေးရတယ်။

Quarantine ထားတဲ့သူတွေအတွက် ကူညီဆောင်ရွက်ပေးဖို့ မင်းလှမြို့မှာရှိတဲ့ ဌာနဆိုင်ရာတွေအပြင် ပရဟိတအဖွဲ့တွေကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါတယ်။ လိုအပ်တာတွေကိုကူညီဖို့၊ စောင့်ကြည့် ဖို့အတွက်လည်း ပရဟိတအဖွဲ့တွေက ကူညီပေးကြပါတယ်။

ပြည်ပကနေ ပြန်လာတဲ့သူတွေကို ကျန်းမာရေးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပေါင်းပြီးတော့ Quarantine ထားမယ့်နေရာ ရောက်တဲ့အချိန်မှာ သူတို့ကို အပူချိန်တိုင်းတာလုပ်တယ်။ ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လိုဆင်ခြင်ရမယ်၊ ဘယ်လိုဂရုစိုက်ရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရှင်းပြတယ်။ သူတို့နဲ့ ထိတွေ့ဆက်ဆံ တဲ့အဖွဲ့တွေကိုလည်း ရောဂါဖြစ်တဲ့သူပါလာရင် ကူးစက်မှုတွေ မရှိအောင် ခြောက်ပေအကွာကနေ လိုအပ်တာတွေဆောင်ရွက်ပေးဖို့ ပြည်ပကနေ ပြန်လာတဲ့သူ အချင်းချင်းကိုလည်း သီးခြား တစ်ယောက်ကို ခြောက်ပေ အနည်းဆုံးထားပြီး သီးခြားနေဖို့ ဆောင်ရွက်ပေးထားပါတယ်။ ဒီမှာတာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာတွေနဲ့ စေတနာရှင် လုပ်အားပေးတွေကိုလည်း နှာခေါင်းစည်းတွေ တပ်ဖို့၊ ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကိုစင်ကြယ်စွာ ဆေးဖို့၊ လက်နဲ့ မျက်နှာတွေ၊ ပါးစပ်တွေကို မထိတွေ့ဖို့ ပညာပေးတာတွေ လုပ်ထားပါတယ်။

အခက်အခဲ တချို့တော့ရှိပါတယ်။ Quarantine မှာနေတဲ့ တချို့ကျတော့ နားမထောင်တာတွေ၊ စည်းကမ်း မလိုက်နာတာတွေရှိတယ်။ သူတို့ကို နားလည်အောင် ရှင်းပြရပါတယ်။ ပြီးတော့ ရပ်ရွာဒေသခံတချို့ကျတော့ စိုးရိမ်စိတ်ရှိတယ်။ ပြန်လာတဲ့သူတွေကို ဒီနေရာတွေမှာ ထားရင် ပတ်ဝန်းကျင်မှာ ဒီလိုမျိုးဖြစ်ခဲ့ရင်၊ ရောဂါတွေ ပါလာရင် ငါတို့ကို ကူးမှာလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ကန့်ကွက်တာတွေ ရှိတယ်။ အဲဒီအခက်အခဲတွေလည်း ကျော်လွှားရတာပေါ့။ သူတို့ကိုလည်း ပညာပေးရှင်းပြ၊ ပြောပြရပါတယ်။

ကိုဝေလင်းအောင် (မြောင်းမြ)

မြောင်းမြမြို့ ပရိယတ္တိစွမ်းအားတောရကျောင်းမှာ ဖွင့်လှစ်ထားတဲ့ Quarantine စင်တာမှာ စေတနာ့ဝန်ထမ်း ဆောင်ရွက်နေပါတယ်။ Quarantine စင်တာက ၂၇ ရက်က စဖွင့်တယ်။ ကျန်းမာရေးဌာနကိုလည်း ကူညီရာရောက်၊ ကိုယ့်မြို့ကိုလည်း ကာကွယ်ရာရောက်အောင် ကိုယ်တတ် နိုင်သလောက် ပါဝင်ကူညီတာပါ။

ကိုယ့်ကိုယ်ကိုယ်လည်း ကူးစက်မခံရအောင် Qua-rantine ထားတဲ့သူတွေနဲ့ အတတ်နိုင်ဆုံး ခြောက်ပေ လောက်ခွာပြီး သူတို့လိုအပ်တာတွေ ဆောင်ရွက်ပေးတယ်။ သူတို့အတွက် စားစရာ၊ သောက်ဖို့ ရေသန့်ပို့တာတွေ ဆောင်ရွက်ပေးရတယ်။ သူတို့ အသုံးပြုပြီး စွန့်ပစ် ပစ္စည်းတွေ ဖျက်ဆီးပေးရတာတို့ ဆောင်ရွက်ပေးရပါတယ်။ သူတို့ကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းရ တာတွေရှိတယ်။ နားလည်အောင် ပြောပြရတာတွေ ရှိပါတယ်။

ကျွန်တော်တို့အဖွဲ့က မြောင်းမြမှာ ကရုဏာရှင် လူငယ်များအသင်းဆိုပြီး ဖွဲ့ထားပါတယ်။ ကိုဗစ်-၁၉ ကိစ္စမှာ တစ်မြို့လုံးမှာရှိတဲ့ ပရဟိတအသင်းတွေကလည်း ဝိုင်းဝန်းပါဝင် လုပ်ကိုင်ကြပါတယ်။ မြောင်းမြမှာရှိတဲ့ ပရဟိတအသင်းတွေဆိုရင် ပြည်ပက ပြန်လာတဲ့သူတွေ ကို မြို့ဝင်ဂိတ်ကနေ လူနာတင်ကားနဲ့ မြို့အပြင် တစ်ဖက် ခြမ်းမှာရှိတဲ့ Quarantine Camp အထိ ပို့ဆောင်ပေးတာ တွေရှိတယ်။ ဒီပရိယတ္တိစွမ်းအားတောရကျောင်း Qua-rantine စင်တာမှာ လုပ်အားပေးတာ ကျွန်တော်တို့ မြောင်းမြ ကရုဏာရှင်လူငယ်များအသင်းသားရယ်၊ တက်ကြွလှုပ်ရှားသူ ပရဟိတသမား အချို့ရယ် ရှိနေပါတယ်။

တွေ့ဆုံမေးမြန်း - သီသီမင်း၊ မင်းသစ် (MNA)

HOT NEWS
January 4,