မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ရန်ကုန်မြို့၌ကျင်းပ - မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ရန်ကုန်မြို့၌ကျင်းပ

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ရန်ကုန်မြို့၌ကျင်းပ

Ministry of Information/ ရန်ကုန်မြို့ / September 13, 2019
image_latest


ရန်ကုန် စက်တင်ဘာ ၁၃

၂၀၁၉ ခုနှစ် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်ရှိ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာ တွင် မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုဥပဒေကို ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ကြောင်း၊ ထိုပြဋ္ဌာန်းခဲ့သည့် စက်တင်ဘာလ ၁၃ ရက် နေ့ကို မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ဟု သတ်မှတ်ပြီး ၂၀၁၃ ခုနှစ်မှ စတင် ပြုလုပ်ခဲ့ကာ ယခုဆိုလျှင် သတ္တမ အကြိမ်မြောက် ရောက်ရှိ ပြီဖြစ်ကြောင်း၊ လူကုန်ကူးမှု ပြဿနာသည် လူသားအချင်းချင်း စာနာမှု ကင်းမဲ့စွာ ခေါင်းပုံဖြတ် အမြတ်ထုတ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုပင် ဖြစ်ကြောင်း၊ လူကုန်ကူးမှုများသည် ပုံသဏ္ဍာန် အမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် ကမ္ဘာ့နေရာ အနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိပြီး လူကုန် ကူးမှု၏ဒဏ်ကို တစ်ကမ္ဘာလုံး အတိုင်းအတာ ဖြင့် ခံစားနေရကြောင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနောက်ကျသည့် နိုင်ငံများတွင် လူကုန်ကူးမှု၏ ဆိုးကျိုးအား ပိုမို ခံစားရသည် ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့်ရာဇဝတ်မှုဆိုင်ရာ ၂၀၁၈ ခုနှစ် လူကုန်ကူးမှု အစီရင်ခံစာ ထုတ်ပြန်ချက်နှင့် တစ်ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာ များဖြင့် စီစစ်ဖော်ထုတ်ချက်များအရ လူကုန်ကူးခံ ရသူအရေအတွက် များပြားလာ သည် ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ အစီရင်ခံစာ၏ ဒေသအလိုက် ဖော်ပြချက်များတွင် အရှေ့အာရှ၊ ပစိဖိတ်ဒေသ၌ မြန်မာ နိုင်ငံအား ထည့်သွင်းဖော်ပြထားပြီး ဒေသတစ်ခု၏ လူကုန်ကူးခံရသူ အမျိုးအစားအား ကြည့်မည် ဆိုလျှင် အမျိုးသား (၂၉) ရာခိုင်နှုန်း၊ အမျိုးသမီး (၄၈)ရာခိုင်နှုန်း၊ ကလေးသူငယ် ယောက်ျားလေး (၄)ရာခိုင်နှုန်း၊ မိန်းကလေး (၁၉)ရာခိုင်နှုန်း တို့အား ဖော်ပြထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ လူကုန်ကူးမှု အမျိုးအစားများတွင် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု (၆၀) ရာခိုင်နှုန်း၊ လုပ်အား ခေါင်းပုံဖြတ်မှု (၃၈) ရာခိုင်နှုန်း၊ အခြားလူကုန်ကူးမှု (၂)ရာခိုင်နှုန်း ဖြစ်သည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊

အရှေ့အာရှ နှင့် အရှေ့တောင်အာရှဒေသများဖြစ်သည့် မြန်မာ၊ မွန်ဂိုလီးယား စသည့်နိုင်ငံများတွင် အမျိုးသမီးများလူကုန်ကူးခံရမှုများနှင့် ပတ်သက်၍ စိစစ် ဖော်ထုတ် နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အမျိုးသမီးများ လူကုန်ကူးမှုနှင့် ပတ်သက်၍ အများဆုံးတရားစီရင် ဆွဲဆိုချက် ပြုလုပ်ထားသည်ကို တွေ့မြင်ရမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင် လူကုန်ကူးမှု ဖြစ်ပွားစေသည့် ကိစ္စများမှာ စီးပွားရေး၊ သဘာဝ ဘေးအန္တရာယ်၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ စသည့်အခြေ အနေများကြောင့် ဖြစ်ကြောင်း၊ ဒီအခြေအနေတွင် မြန်မာနိုင်ငံသား များအနေဖြင့် ပွဲစားများ၏ မက်လုံးပေး စည်းရုံးမှုများကြောင့် ပြည်ပနိုင်ငံအသီးသီးကို တရားဝင်သည့် နည်းဖြင့်ဖြစ်စေ၊ တရားမဝင်သည့်နည်းဖြင့် ဖြစ်စေ ရွှေ့ပြောင်း သွားလာလုပ်ကိုင်နေကြသော လူကုန်ကူးခံရသူများကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် အလုပ်လုပ်ကိုင် နေကြသူများ အနေဖြင့်လည်း တရားမဝင် သွားရောက် လုပ်ကိုင်နေကြရာမှ လူကုန်ကူးခံနေကြရ ကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ် အဖြစ် သတ်မှတ်ပြီး လူကုန်ကူးမှုပပျောက်စေရန် ဘက်ပေါင်းစုံမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး (၅)နှစ် စီမံကိန်း ကို ရေးဆွဲပြီး နှစ်အလိုက်လုပ်ငန်း စီမံချက် များကို သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ကုလ သမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သည့် လူမှုအဖွဲ့ အစည်းများနှင့် ပူးပေါင်းကာ မူဝါဒများကို ကြိုးပမ်း ဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ် ရေး၊ တရားစွဲဆိုရေး၊ ကာကွယ်စောင့်ရှောက်ရေး စသည့် လုပ်ငန်းတာဝန် (၄)ရပ် ကို အင်တိုက်အားတိုက်ဖြင့် အကောင်အထည်ဖော် လျက်ရှိကြောင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးကြိုးပမ်းအားထုတ်မှု ဗီဒီယို မှတ်တမ်းကိုပြသပြီး ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး အထိမ်းအမှတ် အခြေခံပညာ အထက်တန်း အဆင့် စာစီစာကုံး၊ ကဗျာ၊ ကာတွန်း ပြိုင်ပွဲများတွင် ဆုရရှိ သည့် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ တာဝန်ရှိသူတို့က ဆုများကို ပေး အပ်ချီးမြှင့်သည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် အဖြစ်သတ်မှတ်၍ နိုင်ငံသားအားလုံး ပူးပေါင်း ဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူ လူထု အတွင်းစိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးခံရသူများအား စာနာနားလည် ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်၊ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်း စဉ်များအားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းဆောင် ရွက်မှု မြှင့်တင်ရန် ရည်ရွယ်၍ အဆိုပါ အခမ်းအနားကို ကျင်းပခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်မှာ “လူကုန်ကူးမှု အန္တရာယ် ဝိုင်းဝန်းပူးပေါင်းတို့ ကာကွယ်” ဖြစ်သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယ ဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေး၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်နှင့် ရဲအရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်း များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ် ထိန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

အထူးသတင်း
  • “Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution” အခမ်းအနားကျင်းပ
  •           
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •