ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့်အဖွဲ့ 4th Belt and Road Summit 2019 သို့ တက်ရောက် - ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့်အဖွဲ့ 4th Belt and Road Summit 2019 သို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့်အဖွဲ့ 4th Belt and Road Summit 2019 သို့ တက်ရောက်

Ministry of Information/ တရုတ်ပြည်သူ့သမ္မတနိုင်ငံ / September 13, 2019
image_latest


နေပြည်တော် စက်တင်ဘာ ၁၃

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း နှင့် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်အထူး အုပ်ချုပ်ခွင့်ရ ဒေသတွင် စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သော 4th Belt and Road Summit 2019 သို့တက်ရောက်သည်။

4th Belt and Road Summit 2019 အား ဟောင်ကောင်အထူး အုပ်ချုပ် ခွင့်ရဒေသ အစိုးရနှင့် ဟောင်ကောင် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီတို့မှ ကြီးမှူး၍ ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်တွင်ရှိသည့် နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ စတုတ္ထအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမ ညီလာခံ ၂၀၁၉ ကျင်းပခြင်းဖြင့် တက်ရောက်လာသည့် ကိုယ်စားလှယ်များ အနေဖြင့် နိုင်ငံစုံပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာအတွေးအမြင်များ ဖလှယ်နိုင်ခြင်း၊ အစိုးရကဏ္ဍမှ အဆင့်မြင့်အရာရှိ ကြီးများနှင့် ပုဂ္ဂလိကကဏ္ဍမှ ခေါင်းဆောင်များ အကြား ခိုင်မာသည့် စီးပွားရေးအခွင့်အလမ်း များအား ဖော်ထုတ်နိုင်ခြင်း တို့ကိုဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။ ညီလာခံသို့ ရပ်ဝန်းနှင့် ပိုးလမ်းမ တစ်လျှောက် တွင်ရှိသည့် နိုင်ငံပေါင်း (၆၉) နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၅၈၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စတုတ္ထ အကြိမ် မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ကျင်းပသော Policy Dialogue Session and Luncheon သို့ ဆက်လက် တက်ရောက်ခဲ့သည်။ အဆိုပါ အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးမှ Panelist အဖြစ် ပါဝင် ဆွေးနွေးခဲ့ရာတွင် ဟောင်ကောင်နှင့်မြန်မာနိုင်ငံသည် မဟာဗျူဟာ ကျသည့် တည်နေရာတွင် ရှိနေသည့် နိုင်ငံများဖြစ်ကြောင်း၊ ဟောင်ကောင် သည် တရုတ်နိုင်ငံသို့ သွားရောက်နိုင် သည့် အဓိကစီးပွားရေး ဝင်ပေါက်တစ်ခုဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဗဟိုချက်ဒေသတစ်ခု လည်းဖြစ်ကြောင်း၊ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက် လျက် ရှိသော ဒေသတစ်ခုဖြစ်သလိုမြန်မာနိုင်ငံသည်လည်း စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် နေသော နိုင်ငံဖြစ်သည့်အတွက် နှစ်နိုင်ငံအကြားသော်လည်းကောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ တစ်လျှောက်တွင် ရှိသော နိုင်ငံများနှင့်သော်လည်းကောင်း အကျိုးကျေးဇူးများကို မျှဝေခံစားလျက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားသည်။ ညနေပိုင်း တွင် Dashun Foundation မှ တည်ခင်း ဧည့်ခံသည့် Belt and Road ASEAN Night တွင် တက်ရောက်၍ မိန့်ခွန်းပြောကြား သည်။

စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Belt and Road Annual Roundtable အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ ပါဝင်ဆွေးနွေးရာ၌ ယခုအခါ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာနိုင်ငံ များတွင် စီးပွားရေးလွယ်ကူချောမွေ့စေရေးအတွက် ဖြေလျော့ပေးမှုများရှိနေသကဲ့သို့ ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒများကို ကျင့်သုံးနေသည်လည်းရှိပါကြောင်း၊ အဆိုပါ နိုင်ငံစုံနှင့် ဒေသဆိုင်ရာအုပ်စုတွင် ပါဝင်သည့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများနှင့် သာမကဆွေးနွေးဖက် နိုင်ငံများနှင့်ပါ ချိတ်ဆက်၍ ကုန်သွယ်မှုအဆင်ပြေချောမွေ့စေရန် ဆောင်ရွက်နေ ပါကြောင်း၊ အထူးသဖြင့် ဆိပ်ကမ်းနှင့် ရေနံပိုက်လိုင်းချိတ်ဆက်မှုမှာ ကျောက်ဖြူမှ ဂွမ်ဆီ-ယူနန်အထိချိတ်ဆက်ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရမှ ရေးဆွဲ ထားသော Myanmar Sustainable Development Plan သည်လည်း Belt & Road Initiative အကောင်အထည်ဖော်မှုအား ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍ၊ ထောက်ပံ့ ပို့ဆောင်မှုကဏ္ဍ၊ စက်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ချိတ်ဆက်မှု တိုးမြှင့်ခြင်း ဖြင့် အထောက်အကူပြုမည်ဖြစ်ပါကြောင်းဆွေးနွေးပြောကြားသည်။

အဆိုပါခရီးစဉ်အတွင်းပြည်ထောင်စုဝန်ကြီးသည် Chief Executive of the Government of the Hong Kong SAR ၏ အမှုဆောင်အရာရှိချုပ် Mrs. Carrie Lam နှင့် Commerce and Economic Development of the Government of the Hong Kong SAR ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဖွံ့ဖြိုးတိုးတက်မှု အတွင်းရေးမှူးဖြစ်သူ Mr. Edward Yauတို့နှင့် အသီးသီးတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကိစ္စရပ်များနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြ သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ် (၂) ဦး လိုက်ပါသွားကြပြီး ယနေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။

(သတင်းစဉ်)

အထူးသတင်း
  • “Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution” အခမ်းအနားကျင်းပ
  •           
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •