လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများကိုအခြားနည်းအသုံးပြုခွင့်လျှောက်ထားခြင်း


Ministry of Agriculture, Livestock and Irrigation / September 30, 2021

(က)ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေဥပဒေပုဒ်မ ၃၀(က)အရ လယ်မြေကိုအခြားနည်းဖြင့် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သည် ဟုပြဋ္ဌာန်းထားရှိပြီးဖြစ်ပါသည်။

(ခ)နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် လယ်ယာမြေဥပဒေပုဒ်မ ၃၀ (ခ) အရလယ်မြေမှ တစ်ပါးလယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သည်ဟု ပြဋ္ဌာန်း ထားရှိပြီးဖြစ်ပါသည်။

(ဂ)လယ်ယာမြေဥပဒေပုဒ်မ ၃၀ အရ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့် လျှောက်ထားသည့် လုပ်ငန်းနှင့်စပ်လျဉ်း၍ အသုံးပြုခွင့်ရရှိလိုသူသည် နည်းဥပဒေ ၈၂ အရ မြို့နယ်ဦးစီးဌာနရုံးဖြစ်သည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံးသို့ လျှောက်လွှာပုံစံ(၁၄) ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး၊ နည်းဥပဒေ ၈၃ အရ မြို့နယ်ဦးစီးဌာနရုံးသည် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့် လုပ်ငန်းစာတွဲအား ဖွင့်လှစ်ပြီး၊ နည်းဥပဒေ ၈၄ အရ ရက်ပေါင်း (၃၀) အတွင်း လုပ်ငန်းစာတွဲအား စိစစ်ရမည်ဖြစ်ပါသည်။

(ဃ)မြို့နယ်ဦးစီးဌာနရုံးသည် နည်းဥပဒေ ၈၅ အရ သဘောထားမှတ်ချက်ဖြင့် လုပ်ငန်းစာတွဲကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်ဖြစ်ပြီး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် နည်းဥပဒေ ၈၆ အရ (၁၅) ရက်အတွင်း လုပ်ငန်းစာတွဲကိုစိစစ်၍ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တစ်ဆင့် နေပြည်တော် ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲ မှုအဖွဲ့သို့ ဆက်လက်တင်ပြရမည်ဖြစ်ပါသည်။

(င)ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် နည်းဥပဒေ ၈၇၊ နည်းဥပဒေခွဲ (က) အရ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ မှ သဘောထားမှတ်ချက်ဖြင့် တင်ပြလာသော လယ်မြေပေါ်တွင် အခြားနည်း သုံးစွဲခွင့်နှင့်စပ်လျဉ်း၍ ခွင့်ပြုပါက အသုံးပြုရန် ခွင့်ပြုမိန့်ပုံစံ(၁၅) ထုတ်ပေးရမည် ဖြစ်ပြီး၊ နေပြည်တော်ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့သည် နည်းဥပဒေ ၈၇၊ နည်းဥပဒေခွဲ (ခ) အရ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှသဘောထား မှတ်ချက်ဖြင့် တင်ပြလာသော လယ်မြေမှတစ်ပါး အခြားလယ်ယာမြေများပေါ်တွင် အခြားနည်း သုံးစွဲခွင့်နှင့်စပ်လျဉ်း၍ အသုံးပြုရန် ခွင့်ပြုမိန့်ပုံစံ ၁၅ (က) ထုတ်ပေးဆောင်ရွက် လျက်ရှိပါသည်။

Website လိပ်စာ

https://www.moali.gov.mm/

FAQs