စင်္ကာပူနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုအခြေအနေများအား လေ့လာခြင်း

Ministry of Cooperatives and Rural Development | Aug 16, 2023

ခန့်ဇော် (ကျေးလက်)

အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဝန်ကြီးများအဆင့် အစည်းအဝေး (AMRDPE)၊ အဆင့်မြင့်အရာရှိကြီးများအဆင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေးအစည်း အဝေး(SOMRDPE)နှင့် ဆက်စပ်အစည်းအဝေးများကို အာဆီယံနိုင်ငံများအလိုက် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ဆောင်ရွက် နိုင်ခဲ့ပြီး (၁၃)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဝန်ကြီးများအဆင့် အစည်းအဝေး(13th AMRDPE)နှင့် (၂၀)ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများအဆင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအစည်းအဝေး(20th SOMRDPE)ကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလတွင် စင်္ကာပူ နိုင်ငံမှာ (၃)ရက်ကြာ ကျင်းပသွားရန်ရှိပါတယ်။

စင်္ကာပူနိုင်ငံဟာ ၁၉၅၉ ခုနှစ်မှာ ဗြိတိသျှအင်ပါယာအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် ဖြစ်လာခဲ့ပြီး ၁၉၆၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်တွင် နိုင်ငံ တစ်နိုင်ငံအဖြစ် တရားဝင်ရပ်တည်ခဲ့ပါတယ်။ လူမျိုးရေးပြဿနာများရဲ့ ခြိမ်းချောက်မှုများကို ထိန်းချုပ်ခဲ့ပြီး ယောကျ်ားလေးတိုင်း စစ်မှု မထမ်းမနေရ စနစ်ဖြင့် လွတ်လပ်သောနိုင်ငံ၏ကာကွယ်ရေးစနစ်ကို တည်ဆောက်ခဲ့တာ တွေ့ရပါတယ်။ ဝက်မင်စတာ စနစ် (Westminster System)ကျင့်သုံးသော ပါလီမန်ဒီမိုကရေစီနိုင်ငံဖြစ်ပြီး ကမ္ဘာတွင် အကျင့်ပျက် ခြစားမှု အနည်းဆုံးသောနိုင်ငံတစ်နိုင်ငံအဖြစ် နယူးဇီလန်နိုင်ငံနှင့် စကင်ဒီနေဗီးယားနိုင်ငံများနဲ့အတူ အမြဲတစေ ပါဝင်လေ့ရှိတာကို အားကျဖွယ်တွေ့ရပါတယ်။

ပင်လယ်ရေ ပတ်လည်ဝိုင်းရံလျက်ရှိသည့် ကျွန်းနိုင်ငံဖြစ်တဲ့ စင်္ကာပူဟာ ၁၉၆၀ ပြည့်နှစ်များတွင် (၂၂၄.၅) စတုရန်း မိုင်သာရှိခဲ့သော်လည်း ပင်လယ်ပြင်အတွင်း မြေဖို့၍ မြေနေရာအသစ်များ ချဲ့ထွင်နိုင် ခဲ့ခြင်းကြောင့် ယခုအခါ World data info အရ (၂၇၈)စတုရန်းမိုင်အထိရှိလာခဲ့ပါတယ်။ ၂၀၃၀ပြည့်နှစ် တွင် နောက်ထပ်(၄၀)စတုရန်းမိုင် ထပ်မံတိုးချဲ့ရန် စီမံကိန်းချမှတ်လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရပါတယ်။ သေးငယ်တဲ့ကျွန်းများကို မြေဖို့၊ ပေါင်းစပ်ပြီး ကျယ်ပြန့်ကြီးမား၍ အလုပ်လုပ်ရန် အဆင် ပြေသောကျွန်းများအဖြစ် တည်ဆောက်မယ့်စီမံကိန်းဖြစ်ပါတယ်။ နိုင်ငံကုန်းမြေရဲ့ (၁၀)ရာခိုင်နှုန်းခန့်ကို ပန်းခြံများနဲ့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရာနေရာများအဖြစ် ချန်ထားတာတွေ့ရပြီး Yale Center for Environmental Law & Policy ရဲ့ ဖော်ပြချက်အရ ၂၀၂၂ ခုနှစ်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စွမ်းဆောင်မှုညွှန်းကိန်းတွင် အဆင့်(၄) ရရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံ၏စီးပွားရေး

          အာဆီယံအဖွဲ့ စတင်ဖွဲ့စည်းသည့် စဦး(၅)နိုင်ငံတွင်ပါဝင်တဲ့ စင်္ကာပူနိုင်ငံဟာ အာဆီယံဒေသတွင်း ရင်းနှီးမြုပ်နှံမှုနှင့် စီးပွားရေး ခိုင်မာအားကောင်းစေရေးအတွက် အာဆီယံလွပ်လပ်သော ကုန်သွယ်မှု ဒေသနှင့် အာဆီယံ ရင်းနှီးမြုပ်နှံမှုဒေသ (ASEAN Free Trade Area and the ASEAN Investment Area)တို့ ဖြစ်ပေါ်လာစေရန် အခိုင်အမာအားပေးသူ ဖြစ်ပါတယ်။ ယခင်ဝန်ကြီးချုပ် ဂိုချောက်တောင်က အာဆီယံစီးပွားရေးအသိုက်အဝန်းဖြစ်ပေါ်စေရန် အဆိုပြုခဲ့ပြီး ဘုံဈေးကွက်တစ်ခုဖြစ်စေရန်အထိ ရည်ရွယ် ခဲ့တယ်လို့ ဆိုပါတယ်။

စင်္ကာပူနိုင်ငံဟာ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အတွင်းရေးမှူးချုပ်ရုံး ရုံး စိုက်ရာဖြစ်သလို အခြားသောဒေသဆိုင်ရာအဖွဲ့အစည်းများဖြစ်တဲ့ အာရှ-ဥရောပအစည်းအဝေးအဖွဲ့၊ အရှေ့ အာရှနှင့် လက်တင်အမေရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၊ အာရှကွန်ယက်နှင့် အရှေ့အာရှ ထိပ်သီး အစည်းအဝေးအဖွဲ့တို့တွင်လည်း ပါဝင်ပါတယ်။ ထို့ပြင် ဘက်မလိုက်လှုပ်ရှားမှု၏အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သလို ဓနသဟာယအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ အကြား နီးကပ်တဲ့ဆက်ဆံရေးရှိပြီး လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်လည်း ရရှိထားတာ တွေ့ရ ပါတယ်။ စင်္ကာပူနိုင်ငံဟာ စီးပွားရေးစနစ်အားဖြင့် အလွတ်လပ်ဆုံး၊ တီထွင်ကြံဆမှု အကောင်းဆုံး၊ ပြိုင် ဆိုင်မှုအများဆုံးနှင့် စီးပွားရေးလုပ်ရန်အကောင်းဆုံးနိုင်ငံတစ်ခုဖြစ်ပြီး ၂၀၁၅ခုနှစ် စီးပွားရေးလွတ်လပ်မှု ညွှန်းကိန်းအရ ကမ္ဘာပေါ်မှာ စီးပွားရေးအရ ဒုတိယမြောက် လွတ်လပ်မှုအရှိဆုံးနိုင်ငံလို့ ဆိုပါတယ်။ စီမံခန့်ခွဲမှုဖွံ့ဖြိုးရေးနိုင်ငံတကာအဖွဲ့ (International Institute for Management Development)၏ နိုင်ငံပေါင်း (၆၄)နိုင်ငံ ကမ္ဘာ့ယှဉ်ပြိုင်မှုအဆင့် (World’s Competitive Ranking) သတ်မှတ်ချက်အရ ၂၀၂၃ ခုနှစ်တွင် စီးပွားရေးအရ ယှဉ်ပြိုင်မှုအားအကောင်းဆုံး ကမ္ဘာ့အဆင့် (၄)နေရာတွင် ရပ်တည်လျက် ရှိတာကို တွေ့ရပြီး တစ်ဦးချင်း GDP တတိယအမြင့်ဆုံးဖြစ်တာ တွေ့ရှိရပါတယ်။

ဟောင်ကောင်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့နှင့်အတူ အာရှကျား (၄)ကောင်တွင် ပါဝင်ခဲ့ပြီး ယခုအခါ လူတစ်ဦးချင်အလိုက် GDPအရ အခြားကျားသုံးကောင်ကို ကျော်တက်သွားခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုနှင့် ငွေကြေးစီးဆင်းမှုဟာ GDP၏ (၄၀.၇၉)ရာခိုင်နှုန်းမျှရှိပြီး ကမ္ဘာတဝှမ်း ကုန်တင်ပို့မှုအများဆုံးအဆင့် အဆင့် (၁၄)၊ ကုန်တင်သွင်းမှုတွင် အဆင့်(၁၅) ဖြစ်တာတွေ့ရပါတယ်။ ထိပ်တန်းပြည်ပပို့ကုန်များမှာ သန့်စင်ပြီးရေနံ၊ အိုင်စီ၊ ဆားကစ်နှင့် ကွန်ပျူတာတို့ဖြစ်ကြပြီး ကမ္ဘာပေါ်ရှိ ထိပ်တန်းရေနံချက်လုပ်ရာ နေရာသုံးခုတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် ရေနံတူးစင် အများဆုံးထုတ်လုပ်ရာနှင့် သင်္ဘောများ ပြင်ဆင်ရာ အဓိကနေရာတစ်ခုပြီး ကမ္ဘာ့ အချက်အချာ သင်္ဘော ဆိပ်ကမ်းမြို့တော်လည်း ဖြစ်ပါတယ်။ ထို့ပြင် နိုင်ငံတကာငွေကြေးဆိုင်ရာဗဟို၏စစ်တမ်းအရ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့တတိယမြောက် နိုင်ငံခြားငွေလဲလှယ်မှုဗဟိုနှင့် ငွေကြေးဆိုင်ရာဗဟိုဖြစ်တယ်လို့ သိရ ပါတယ်။ တစ်ဖက်တွင်လည်း ဒုတိယမြောက်အကြီးဆုံးကာဆီနိုလောင်းကစားပြုရာနေရာ ဖြစ်ပြန်ပါတယ်။

၂၀၀၄ခုနှစ်မှာ လီကွမ်းယု၏သားအကြီးဆုံးဖြစ်သူ လီရှန်လုံးသည် စင်္ကာပူနိုင်ငံ၏တတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး သူ၏အများနှင့်မတူတမူကွဲပြားသည့်စီမံဆောင်ရွက်မှုတစ်ခုကတော့ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ရန် ကာစီနိုလောင်းကစားရုံများ ဖွင့်လှစ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်းဟာ နိုင်ငံစီးပွားရေး၏ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် ခရီးသွား တွေကို ဆွဲဆောင်နိုင်ဖို့ ကာစီနိုတွေ ဖွင့်ခဲ့တာဟာ မှန်ကန်ခဲ့တယ်လို့ ဆိုရမှာပါ။ ခုတော့ စင်္ကာပူမှာ ကာစီနိုဟာ ဖျော်ဖြေရေးသက်သက်လောင်းကစားလုပ်ငန်းတစ်ခုမျှသာမကဘဲ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးမှု မှာပါတစ်စိတ်တစ်ပိုင်း ပါဝင်နေတာ တွေ့မြင်ရပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းက SM News Channel၏ ဖော်ပြချက်အရ ကာစီနိုလောင်းကစားရုံများဟာ စင်္ကာပူနိုင်ငံရဲ့စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းကို များစွာအထောက်အကူပြုနိုင်လျက်ရှိတာတွေ့ရပြီး နိုင်ငံ့စီးပွားရေးကို စင်္ကာပူဒေါ်လာ (၃.၅)ဘီလီယံ ကျော်အထိ ပံ့ပိုးပေးနိုင်ခဲ့သည့်အပြင် အလုပ်အကိုင်ပေါင်း၃၃,၀၀၀ခန့် ဖန်တီးပေးနိုင်ခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် ကျန်းမာရေးခရီးသွားလုပ်ငန်းအနေနဲ့လည်း အာရှတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် အကောင်းဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့အဆင့် (၁၀)ဖြစ်ခဲ့ရာမှ ယခု ၂၀၂၃ခုနှစ်တွင် ကမ္ဘာ့ အဆင့် (၁)ဖြစ်လာခဲ့ပါတယ်။ နိုင်ငံခြားသားပေါင်း (၂၀၀,၀၀၀)ကျော်ခန့် နှစ်စဉ် လာရောက်ဆေးကုသမှုခံယူ ကြတယ်လို့သိရပါတယ်။ စင်္ကာပူနိုင်ငံဟာ ကမ္ဘာ့အကောင်းမွန်ဆုံးပညာရေးစနစ်ရှိတဲ့(၁၀)နိုင်ငံစာရင်းမှာ ပါဝင်ပြီး နှစ်စဉ်ကမ္ဘာတစ်ဝန်းက နိုင်ငံတကာကျောင်းသားပေါင်း (၅၅,၀၀၀)ကျော် လာရောက်ပညာ သင်ကြားလေ့ရှိတာ တွေ့ရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ တက္ကသိုလ်များ အဆင့်သတ်မှတ်မှုအနေဖြင့်လည်း အဆင့် (၈) တွင်ရှိပြီး အာရှအဆင့်သတ်မှတ်မှုတွင် အဆင့် (၁) ဖြစ်ပါတယ်။

 ၂၀၂၂ ခုနှစ်၊ စင်္ကာပူနိုင်ငံ၏ စီပွားရေးဖွံ့ဖြိုးတိုးတက်မှု

          စင်္ကာပူနိုင်ငံရဲ့စီးပွားရေးဟာ ၂၀၂၁ခုနှစ်တွင် ၈.၉%တိုးတက်မှုရှိခဲ့ရာမှ ၂၀၂၂ခုနှစ်မှာတော့ (၁)နှစ် လုံးအတွက် ၃.၆% သာ တိုးတက်မှုရှိခဲ့တာ တွေ့ရပါတယ်။ ကုန်ထုတ်လုပ်မှုကဏ္ဍအနေနဲ့ ၂၀၂၁ ခုနှစ်မှာ ၁၃.၃%ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်မှာတော့ ၂.၅% သာ တိုးတက်ခဲ့တာဖြစ်ပေမဲ့ ဓာတုပစ္စည်းများနှင့် ဇီဝဆေး ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများမှအပ အခြားကဏ္ဍအားလုံး တိုးချဲ့ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ ဆောက်လုပ်ရေးကဏ္ဍမှာ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ဆောက်လုပ်ရေးလုပ်ငန်းနှစ်ခုလုံးအနေနဲ့ ၂၀၂၁ ခုနှစ်တွင် ၂၀.၅% တိုးချဲ့ဆောင်ရွက်နိုင်ခဲ့သော်လည်း ၆.၇%သာတိုးတက်ခဲ့ပါတယ်။ စက်မှုထုတ်လုပ်ရေး ဝန်ဆောင်မှု လုပ်ငန်းများအနေနဲ့လည်း ၂၀၂၁ ခုနှစ်က ၇.၆% တိုးချဲ့ဆောင်ရွက်ခဲ့ရာမှ ၂၀၂၂ခုနှစ်မှာ ၄.၈%သာ တိုးချဲ့ ဆောင်ရွက်နိုင်ခဲ့တာတွေ့ရပါတယ်။ လက်ကားကုန်သွယ်မှု၊ အခြားဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကဏ္ဍများရဲ့ ထောက်ကန်ပံ့ပိုးမှုက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကမောင်းနှင်အားလို့ ဆိုရမှာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွက် စီးပွားရေးအလားအလာ

          စင်္ကာပူနိုင်ငံရဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ စီးပွားရေးစစ်တမ်းအရ စင်္ကာပူ နိုင်ငံရဲ့ပြင်ပဝယ်လိုအား အလားအလာဟာ အနည်းငယ် တိုးလာခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာလုံးဆိုင်ရာနှင့် ပြည်တွင်းစီးပွားရေး အခြေအနေကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် ၂၀၂၃ ခုနှစ်မှာ GDP တိုးတက်မှုနှုန်းကို ၀.၅% မှ ၂.၅% အကြား ထိန်းထားနိုင်ဖို့ မျှော်မှန်းဆောင်ရွက်နေတာ တွေ့ရပါတယ်။ ပထမသုံးလပတ်အတွင်း ကမ္ဘာလုံး ဆိုင်ရာစောင့်ကြည့်မှုစစ်တမ်းတွေအရ ၂၀၂၃ ခုနှစ်မှာ ငွေးကြေးကဏ္ဍအပါအဝင် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများမှာပါ စင်္ကာပူဟာ ထိပ်ဆုံးမှာရပ်တည်လာနိုင်တာကို အားကျဖွယ် တွေ့မြင်ရပါတယ်။

စင်္ကာပူနိုင်ငံ၏ စီးပွားရေးမူဝါဒ

          စင်္ကာပူနိုင်ငံရဲ့စီးပွားရေးအောင်မြင်မှုသည် ရေရှည်ရင်းနှီးမြှုပ်နှံမှုကိုအထောက်အပံ့ပြုတဲ့ဝန်းကျင် ကောင်းကို ထိန်းသိမ်းထားနိုင်ရန်ရည်ရွယ်ပြီး ခိုင်မာအားကောင်းသည့်မက်ခရိုစီးပွားရေးမူဝါဒများအပေါ် အခြေခံထားတာ တွေ့ရပါတယ်။ စီးပွားရေးပညာရှင်များရဲ့အဆိုအရ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဟာ မက်ခရိုစီးပွားရေးအပေါ် များစွာမှီတည်မှုရှိပြီး မက်ခရိုစီးပွားရေးကိုသိရှိနားလည်ခြင်းက မှန်ကန်တဲ့ စီးပွားရေးမူဝါဒတွေ ရေးဆွဲဖို့၊ နိုင်ငံတကာစီးပွားရေးမူဝါဒများနဲ့ ဟန်ချက်ညီစွာ ဆောင်ရွက် နိုင်ဖို့အတွက် များစွာအထောက်အကူပြုနိုင်တယ်လို့ မှတ်သားခဲ့ရဖူးပါတယ်။ ဒါ့အပြင် မက်ခရိုစီးပွားရေး ပညာဟာ ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ပေါများမှု၊ ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်းမတည်ငြိမ်မှု အစ ရှိတဲ့ စီးပွားရေးပြဿနာအရပ်ရပ်ကို ဖြေရှင်းရာမှာလည်း များစွာအထောက်အကူပြုတယ်လို့ ဆိုပါတယ်။

          ၁၉၆၅ ခုနှစ်၊ လွတ်လပ်ရေးရပြီးချိန်ကစ စင်္ကာပူနိုင်ငံရဲ့စီးပွားရေးဟာ လျင်လျင်မြန်မြန် တိုးတက် လာခဲ့တာဖြစ်ပါတယ်။ အဓိကတော့ ပွင့်လင်းမြင်သာပြီး Outward-Oriented Development Strategy လို့ခေါ်တဲ့ ပြည်ပပို့ကုန်အသားပေးဖွံ့ဖြိုးရေးမဟာဗျူဟာကို ကျင့်သုံးခဲ့ခြင်းပါပဲ။ ပြည်ပပို့ကုန်များကို ထုတ်လုပ်ရာမှာလည်း လုပ်သားအင်အားသုံးထုတ်ကုန်များမှသည် လျှပ်စစ်ပစ္စည်း၊ ဓာတုပစ္စည်းနှင့် ဇီဝ ဓာတုပစ္စည်းများကဲ့သို့သော တန်ဖိုးမြှင့်ထုတ်ကုန်များအထိ ပြောင်းလဲထုတ်လုပ်လာနိုင်ခဲ့တာ တွေ့ရ ပါတယ်။ငွေကြေးဆိုင်ရာနှင့် စီးပွားရေးဝန်ဆောင်မှုကဏ္ဍများရဲ့ဈေးကွက်ဝေစု တိုးတက်လာတာနဲ့အမျှ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍဟာလည်း စီးပွားရေးဖွံ့ဖြိုးမှုမှာ များစွာအရေးပါလာခဲ့ပါတယ်။

စင်္ကာပူနိုင်ငံ၏ GDP

              GDP ရှုထောင့်မှ ကြည့်လျှင် အာဆီယံအတွင်း ကွာဟချက်သည် ကြီးမားနေဆဲဖြစ်ပါတယ်။ International Monetary Fund (IMF) report အရ ၂၀၂၂ ခုနှစ်တွင် စင်္ကာပူနိုင်ငံရဲ့တစ်ဦးချင်း GDP ဟာ (၈၂,၈၀၇)အမေရိကန်ဒေါ်လာဖြစ်ပြီး အာဆီယံရှိ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့တွင် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ (၅,၄၃၉)နှင့် ဘရူနိုင်းတွင် တစ်ဦးချင်း GDP မှာ အမေရိကန်ဒေါ်လာ (၃၇,၆၆၇)ရှိ၍ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့ရဲ့တစ်ဦးချင်း GDP မှာ အမေရိကန်ဒေါ်လာ(၁၉၀၀) ခန့်သာရှိတဲ့အတွက် အာဆီယံဒေသတွင်းမှာ စင်္ကာပူဟာ တစ်ဦးချင်း GDP အမြင့်ဆုံး ဖြစ်ပါတယ်။

၁၉၆၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း စင်္ကာပူနိုင်ငံ၏စီးပွားရေးရာစာရင်းဇယားများအား နှိုင်းယှဉ်လေ့လာခြင်း

ခုနှစ်

GDP

(USD ဘီလီယံ)

GDP per Capita (USD)

GNI

(USD ဘီလီယံ)

GNI per Capita (USD)

ပျမ်းမျှ ငွေလဲနှုန်း

(US$- S$)

1964

0.89

485.54

0.93

510

3.0612

1970

1.92

925.80

2.00

970

3.0612

1980

11.89

4,928.14

11.41

4,730

2.1412

1990

36.14

11,861.76

34.88

11,450

1.8125

2000

96.07

23,852.33

95.38

23,680

1.7240

၂၀၁၁

279.35

53,890.43

250.10

48,250

1.2578

၂၀21

396.99

72,794.00

349.10

64,010

1.3435

၂၀၂၂

466.79

82၈၀၇.00

၅၄၀.၀၀

107,030

၁.၃၇၈၇

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ၏ ချိတ်ဆက်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်း

          Jalilian, Hosseinနှင့် John Weissတို့ရဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)နှင့် အာဆီယံ ဒေသတွင်း ဆင်းရဲနွမ်းပါးမှုစာတမ်းအရ ဒေသတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းတွင် FDI သည် အဓိက အခန်းကဏ္ဍမှပါဝင်သည်ကိုတွေ့ရပါတယ်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တိုးမြင့်ခြင်းသည် နိုင်ငံ့ စီးပွား မြင့်မားရေးကို များစွာအထောက်အကူပြုသည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ဆင်းရဲနွမ်းပါးမှုနှုန်းကို လျှော့ချပေးနိုင်တာ အမှန်ပဲဖြစ်ပါတယ်။

          စင်္ကာပူအစိုးရရဲ့စာရင်းအချက်အလက်များအရ ၁၉၉၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ စင်္ကာပူနိုင်ငံဟာ လာအိုနှင့် ကမ္ဘောဒီးယားတို့ထက် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်းတို့မှာ ပိုပြီးရင်းနှီးမြှုပ်နှံထားတာ တွေ့ရတဲ့အပြင် ရင်းနှီးမြှုပ်နှံမှု ပမာဏအနေနဲ့လည်း တိုးမြှင့်တဲ့ဘက်ကိုသာ သွားတာတွေ့ရပါတယ်။ ဘရူနိုင်းဒါရူစလမ်နိုင်ငံမှာ ၁၉၉၄ ခုနှစ် မှ ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၂၈.၅ သန်းရှိခဲ့ရာမှ ၂၀၀၉ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၉၄.၉ သန်းအထိရှိခဲ့ပြီး ၅၁.၆ % တိုးလာခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၆၈.၂ သန်း အထိ ရောက်ရှိခဲ့ပါတယ်။

          အင်ဒိုနီးရှားနိုင်ငံမှာလည်း ၁၉၉၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၂၃၅၉.၉ သန်းသာရှိခဲ့သော ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၅၂၃၃.၆ သန်းအထိ ရောက်ရှိခဲ့ကာ ၂၇.၆ ဆအထိ တိုးလာခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ ၁၉၉၄ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၈၁၈၂.၃ သန်း ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၄၂၉၃.၆ သန်းအထိရောက်ရှိကာ ၆.၆ % တိုးလာခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် ၁၉၉၈ ခုနှစ်က အမေရိကန်ဒေါ်လာ ၂၂၉.၉ သန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၈၇၃၂.၂ သန်း အထိ ရောက်ရှိကာ ၃၇.၉ဆ တိုးလာခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံတွင် ၁၉၉၄ ခုနှစ်က ၄၄၅.၂ သန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ ၈၈၄၈.၉ သန်းအထိ တိုးတက်လာခဲ့၍ ၁၉.၈ ဆ တိုးလာခဲ့ပါတယ်။ ထိုင်းနိုင်ငံတွင် ၁၉၉၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၀၇၃.၆ သန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၃၁၁၃၅.၄ သန်းအထိ ရောက်ရှိကာ ၂၉ ဆ တိုးလာခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံတွင် ၁၉၉၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၇၂ သန်း ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၂၁၉၉.၈ သန်းအထိရောက်ရှိခဲ့ကာ အဆ (၇၀) တိုးလာခဲ့ ပါတယ်။

          အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ပြီး ၁၉၉၄ ခုနှစ်က အင်ဒိုနီးရှား နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၃၅၉.၉ သန်းရှိခဲ့ရာ အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံ အားလုံး၏၁၈.၉%အထိ ရောက်ရှိခဲ့ပြီး ဒုတိယနေရာတွင် ရပ်တည်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၆၅,၂၃၃.၆သန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး ယင်းမှာ အာဆီယံနိုင်ငံများ၏ ၃၅.၄% ခန့်ရှိ၍ အာဆီယံဒေသတွင်း ထိပ်တန်းရင်းနှီးမြှုပ်နှံသူ ဖြစ်လာခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်တွင် မလေးရှား နိုင်ငံ၌ စင်္ကာပူနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၈၁၈၂.၃သန်းရှိခဲ့ပြီး အရှေ့တောင် အာရှတစ်ခုလုံး၏၆၅.၈%ဖြင့် ပထမနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က မလေးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅၄၂၉၃.၆ သန်းရှိခဲ့ပြီး အရှေ့တောင်အာရှ၏ ၂၉.၄% ရှိခဲ့၍ စင်္ကာပူနိုင်ငံရဲ့ဒုတိယအကြီးဆုံးရင်းနှီးမြှုပ်နှံသူ ဖြစ်စေခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် စင်္ကာပူ နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုအနည်းဆုံးနိုင်ငံများကတော့ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်ပါတယ်။

          အထက်မှာဆိုခဲ့သလိုပဲ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)ဟာ ဆင်းရဲမှုလျော့ချရေးနှင့် နိုင်ငံ့ စီးပွားမြင့်မားရေးမှာ အဓိကကျတဲ့အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာစေမယ့် ဝန်းကျင်ကောင်းမျိုး ဖန်တီးပေးနိုင်ဖို့လိုပါတယ်။ ရင်းနှီးမြုပ်နှံမှု၊ ကုန်သွယ်မှု အဆင်ပြေတိုးတက်ရင် ဝင်ငွေတိုးပြီး စီးပွားရေးကောင်းမယ်။ စီးပွားရေးကောင်းပြီး ဝင်ငွေတိုးမှသာ အခြေခံအဆောက်အဦ ဆိုင်ရာပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ပိုမို ကြည့်ရှုလုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ လူမှုကာကွယ် စောင့်ရှောက်ရေးတွေ ပိုမိုဆောင်ရွက်လာနိုင်မှ လူမှုဘဝလုံခြုံမှုတိုးမြင့်လာမှာဖြစ်သလို တစ်ဖက်တွင်လည်း ဝင်ငွေတိုးပွားမှုကြောင့် ဆင်းရဲမှုမှ လွတ်ကင်းနိုင်မှာဖြစ်ပါတယ်။

          စင်္ကာပူနိုင်ငံမှာတော့ လူမှုကာကွယ်စောင့်ရှောက်ရေး (Social Safety)အနေနဲ့ အိမ်ယာပိုင်ဆိုင်မှု၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ပညာရေးနှင့် အငြိမ်းစားယူချိန်လိုအပ်ချက်များစသည့် ကဏ္ဍ (၅)ရပ်ကို အဓိကထားပြီး ComCare Servicesကို အစိုးရက ဆောင်ရွက်ပေးလျက်ရှိတာ တွေ့ရပါတယ်။ ဒီ ComCare Servicesမှာ ကာလတို၊ ကာလလယ်၊ ကာလရှည် ထောက်ပံ့ကူညီမှုအစီအမံတွေ ပါဝင်သလို၊ ကြားကာလ အကူအညီပေးရေးအစီအမံတွေ၊ ကလေးများအတွက်အကူအညီပေးရေးအစီအမံတွေ ပါဝင်တာ သဘော ကျဖွယ် တွေ့မြင်ရပါတယ်။ 

လေ့လာသုံးသပ်ချက်

စင်္ကာပူနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဉ်များကို လေ့လာ ကြည့်ရာတွင်  စင်္ကာပူဟာ ၎င်းတို့ရဲ့ရေရှည် စီးပွားရေးမဟာဗျူဟာများ၊ မူဝါဒများကို စဉ်ဆက်မပြတ် အကဲဖြတ်စစ်ဆေးပြီး ပြောင်းလဲနေတဲ့စိန်ခေါ်မှုများနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင် ပြောင်းလဲ ဆောင်ရွက်နိုင်တာကို တွေ့ရပါတယ်။ နိုင်ငံရေးတည်ငြိမ်မှုရှိခြင်းဟာလည်း ဈေးကွက်စီးပွားရေး တည်ငြိမ် မှုရှိရခြင်းရဲ့အကြောင်းတရားတစ်ခု ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ဆက်သွယ်ရေးစနစ်ရှိပြီး အခြေခံအဆောက် အအုံများ ပြည့်စုံခြင်း၊ လူသားအရင်းအမြစ် ပညာတတ်များ၊ ကျွမ်းကျင်ပညာတတ်လုပ်သားများရှိခြင်း၊ ၂၀၂၃ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပညာရေးအညွှန်းကိန်းတွင် စင်္ကာပူသည် အဆင့်(၁၀)တွင် ရှိသောကြောင့် ပညာရေးစနစ်ကောင်းမွန်ပြီး လုပ်ငန်းနယ်ပယ်အလိုက်လိုအပ်တဲ့ပညာတတ်များ၊ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI)အနေဖြင့်လည်း အာရှဈေးကွက်အပါအဝင် နိုင်ငံအများ စုမှ ရင်းနှီးမြှုပ်နှံနေသလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအားလည်း ကောင်းမွန်စွာဆွဲဆောင်နိုင်မှုရှိခြင်း၊ ငွေကြေးဖောင်းပွမှုမရှိဘဲ တည်ငြိမ်မှုရှိခြင်း၊ အခွန်ဆိုင်ရာမူဝါဒများသည် စီးပွားရေးကို ပို၍ ယှဉ်ပြိုင်နိုင်စွမ်း ရှိစေရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်နိုင်ခြင်း၊ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရစနစ် ရှိခြင်း၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်းမှုရှိခြင်း၊ နိုင်ငံတွင်းဘက်လိုက်ချစားမှု ကင်းစင်ခြင်း၊ စီးပွားရေး လုပ်ရန် လွယ်ကူအဆင်ပြေသည့် နိုင်ငံများစာရင်းတွင်းလည်း နှစ်စဉ်အကောင်းဆုံး နိုင်ငံအဆင့် (၁ မှ ၁၀) နိုင်ငံ အတွင်း ပါဝင်မှုရှိခြင်းစသည့် အားသာချက်များကို တွေ့ရှိရပါတယ်။

အားကျအတုယူဖွယ်ရာများကို အတုယူပြီး ကိုယ့်နိုင်ငံအခြေအနေပေါ်မူတည်၍ ဆောင်ရွက် ကြရန် လိုအပ်သလို၊ အချို့ကိစ္စတွေမှာ နိုင်ငံတိုင်းရဲ့အကျိုးစီးပွားဆက်စပ်မှု၊ နိုင်ငံရေးဆက်စပ်မှုတွေ ကြောင့် အချို့ဆောင်ရွက်ချက်တွေအပေါ်မှာ မကျေနပ်စရာတွေလည်း ရှိပါတယ်။ ဥပမာ- မကြာသေးခင် ရက်က “UOB”ဘဏ်က “MAI”ဘဏ်အကောင့်တွေကို ပိတ်တာကြားလိုက်ပါတယ်။ အင်အားကြီးနေချိန်၊ စီးပွားရေးကောင်းမွန်နေချိန်ဖြစ်လို့၊ အဘက်ဘက်က ပြည့်စုံနေလို့ လုပ်လို့ရလို့ လုပ်တာပါပဲ။ ကျွန်တော်တို့ နိုင်ငံသားတွေအနေနဲ့ ဒါကိုမြင်တတ်ဖို့ လိုတယ်။ ပြည်တွင်း စည်းလုံးရင်၊ အင်အား တောင့်တင်းရင် နိုင်ငံတည်ငြိမ်အောင်၊ ငြိမ်းချမ်းအောင်၊ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာအောင် လုပ်ဆောင်လာနိုင်မယ်။ လုပ်လည်းလုပ်ကြရမယ်။ အခြားနိုင်ငံတွေကို ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားကြရမယ်။ အခြားနိုင်ငံက မထီမဲ့မြင်လုပ်တာ မခံရစေဖို့ အင်အားတောင့်တင်းအောင်လုပ်ကြရမယ်။ အမုန်းတရား တွေ မရှိအောင် အာဃာတ တရားတွေ ဖြေဖျောက်ကြရမယ်။ နိုင်ငံနဲ့ နိုင်ငံသားတွေအတွက်၊ အနာဂတ် မြန်မာနိုင်ငံအတွက် အစစအရာရာ စဉ်းစားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် စာရေးသူတို့နိုင်ငံအနေနဲ့လည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးအတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှုကို အထောက်အပံ့ပြုတဲ့ဝန်းကျင်ကောင်းမျိုး ဖန်တီးပေးနိုင်ဖို့ လိုအပ်သလို စင်္ကာပူအပါအဝင် ပြည်ပပို့ကုန် အသားပေးဖွံ့ဖြိုးရေးမဟာဗျူဟာဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများအဖြစ် ရောက်ရှိသွားကြသောနိုင်ငံများကို စံနမူ နာပြု၍ပို့ကုန်အရည်အသွေးရှိ တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်ရေးကို ဦးတည်ဆောင်ရွက် ကြရမှာဖြစ်ပါတယ်။ အထက်တွင် ဖော်ပြခဲ့သလိုပင် နိုင်ငံရေးတည်ငြိမ်မှုရှိခြင်းဟာ ဈေးကွက်စီးပွားရေး တည်ငြိမ်မှုရှိရခြင်းရဲ့အကြောင်းတရားတစ်ခုဖြစ်တဲ့အတွက် ပြည်တွင်း တည်ငြိမ်အေးချမ်းမှုရှိဖို့ဟာလည်း အင်မတန် အရေးကြီးပါတယ်။ စာရေးသူ စာရေးဖြစ်တိုင်းပြောခဲ့သလိုပါပဲ..တည်ငြိမ်အေးချမ်းမှုရှိမှသာ ကဏ္ဍစုံဖွံ့ဖြိုးရေးဆီတက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် အားလုံးမှာ တာဝန်ရှိပါတယ်။

“တစ်ယောက်အားနဲ့ ယူသော် မရ၊ တစ်သောင်းအားဖြင့် ယူသော် ရ၏” ဆိုသလိုပဲ… ကောင်းမွန်တဲ့ အရွေ့တစ်ခု ဖန်တီးနိုင်အောင်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပြုတဲ့ဝန်းကျင် ကောင်းမျိုး ပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုဖြစ်အောင် တက်ညီလက်ညီကြိုးစားသွားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

 

 

ရည်ညွှန်းကိုးကားချက်