ဖိလစ်ပိုင်နိုင်ငံ၏ ဆင်းရဲမှုလျှော့ချခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု

Ministry of Cooperatives and Rural Development | Aug 23, 2023

ဖိလစ်ပိုင်နိုင်ငံဟာ ၁၈၉၈ ခုနှစ်တွင် အမေရိကန်ရဲ့ကိုလိုနီဖြစ်ခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် လွတ်လပ် ရေး ရရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ် စာရင်းအရ လူဦးရေ ၁၁၇ သန်းကျော်ရှိပြီး ၂၀၂၃ ခုနှစ် မေလ Social Weather Stations Survey အရ ဆင်းရဲမှုနှုန်းအနေဖြင့် မိသားစု ၅၁% ဆင်းရဲ၍ ၃၀% ခန့်သည် အလယ်အလတ်(borderline)ဖြစ်ပြီး ကျန် ၁၉% မှာ ဆင်းရဲမှုမရှိကြောင်းသိရှိရပါသည်။ ကမ္ဘာ့ဘဏ် ၏ စာရင်းအရ ဖိလစ်ပိုင်နိုင်ငံ၏ဆင်းရဲမှုနှုန်းမှာ ၂၀၁၈ခုနှစ်တွင် ၁၆.၆% ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၁၈.၁% အထိတိုးလာခဲ့ပြီး ဆင်းရဲနွမ်းပါးလူဦးရေ ၁၉.၉ သန်းကျော်ခန့်အထိ ရှိလာတာ တွေ့ရသည်။ ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင် တည်ရှိကာ ကျွန်းပေါင်း (၇,၆၄၁) ကျွန်းဖြင့် ဖွဲ့စည်းထားပြီး စတုရန်းကီလိုမီတာ (၃)သိန်းခန့် ကျယ်ဝန်းပါသည်။ ဒီမိုကရေစီစနစ် ကျင့်သုံးပြီး သမ္မတသက်တမ်းမှာ (၆)နှစ် ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေး

          စားသောက်ကုန်ထုတ်လုပ်ခြင်း (Food processing)၊ ဘိလပ်မြေ၊ သံနှင့် စတီး၊ ဆက်သွယ်ရေး ပစ္စည်းများထုတ်လုပ်ခြင်းသည် နိုင်ငံ၏အဓိကစီးပွားရေးဖြစ်ပြီး အဓိကပို့ကုန်မှာ Electronic Product များဖြစ်ကာ နိုင်ငံ GDP ၏ ၄၂% အထိ Trading Economics ဖော်ပြချက်အရ လေ့လာသိရှိ ရပါသည်။ စိုက်ပျိုးရေးသည်လည်း နိုင်ငံ GDP ၏ ၁၀%ခန့် ရှိပြီး ဆန်၊ ပြောင်း၊ အုန်းသီး၊ ကြံ၊ ငှက်ပျော၊ နာနတ် စိုက်ပျိုးတာ တွေ့ရသည့်အပြင် ကမ္ဘာအကြီးဆုံး အုန်းသီး စိုက်ပျိုး ထုတ်လုပ် သည့် နိုင်ငံလည်း ဖြစ်ပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ GDP

          ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလစာရင်းအရ ဖိလစ်ပိုင်နိုင်ငံ၏ GDPမှာ အမေရိကန်ဒေါ်လာ 404,261 မီလီယံခန့်ရှိပြီး တစ်ဦးချင်း GDP မှာ အမေရိကန်ဒေါ်လာ (3,623)ခန့်ရှိရာ မြန်မာနိုင်ငံ၏တစ်ဦးချင်း GDP မှာ အမေရိကန်ဒေါ်လာ (၁,၁၀၃) ခန့်သာရှိသည့်အတွက် မြန်မာနိုင်ငံထက် (၃.၃) ဆခန့် ပိုမို ကြောင်း တွေ့ရှိရပါသည်။ ကဏ္ဍကြီး(၃)ခု၏ GDP တိုးတက်မှုအရ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ၈.၉ % ၊ စက်မှုကဏ္ဍတွင် ၂၉.၇ % ရှိပြီး ဝန်ဆောင်မှု ကဏ္ဍတွင် ၆၁.၄ % အထိ ရှိကြောင်း Philippines Statistics Authority (PSA) အရ လေ့လာ သိရှိရပါသည်။

ဆင်းရဲနွမ်းပါးမှုနှင့် ဆင်းရဲရသည့်အကြောင်းရင်းများ

          အလုပ်လက်မဲ့ ၃.၄% ရှိပြီး ၅နှစ်အောက်ကလေး သေဆုံးမှုနှုန်းမှာ လူဦးရေ ၃၀၀၀ လျှင် ၂၆ ဦးနှုန်း သေဆုံးလျက်ရှိတာ တွေ့ရသည်။ Philippines Statistics Authority (PSA) အရလည်း ၂၀၂၁ခုနှစ်တွင် ဖိလစ်ပိုင်လူမျိုးများအကြား ဆင်းရဲနွမ်းပါးမှုပမာဏမှာ ခန့်မှန်းခြေအားဖြင့် ၁၈.၁% ရှိခဲ့ပြီး မိသားစုပေါင်း (၃.၅)သန်းခန့် ဆင်းရဲတွင်းနက်ခဲ့ရသည်ဟုဆိုပါသည်။

          ဆင်းရဲနွမ်းပါးရသည့် အဓိကအကြောင်းရင်းများမှာ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက် မှုနှင့် သန့်ရှင်းသောသောက်သုံးရေ ရရှိမှုကဲ့သို့သော အခြေခံဝန်ဆောင်မှုများ ပြည့်ပြည့်ဝဝ မရ ရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း လုံလောက်စွာ မရရှိခြင်းနှင့် ချေးငွေနှင့် ငွေကြေးဝန်ဆောင်မှု များ အကန့်အသတ်ဖြင့် ရရှိခြင်းတို့ကြောင့်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်များ၊ ပဋိပက္ခ၊ မူးယစ် ဆေးဝါးပြဿနာများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့်လည်း အချို့ဒေသများတွင် ဆင်းရဲနွမ်းပါးမှု ကို ပိုမို ဆိုးရွားစေတာ တွေ့ရသည်။

          ဖိလစ်ပိုင်နိုင်ငံအပါအဝင် ဆင်းရဲရခြင်းအကြောင်းအရင်းများထဲမှာ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျောင်းသားလူငယ်များ၊ အလုပ်လုပ်နိုင်သည့် လူငယ်/ လူလတ် ပိုင်းများ ပျက်စီးထိခိုက်ရသည့်အပြင် တရားမဝင်လက်နက်ကုန်သွယ်မှုများပါ ဆက်စပ်နေပြီး လက်နက် ကိုင်အဖွဲ့များ၏စီးပွားရေးဖြစ်နေပြီး နိုင်ငံဖွံ့ဖြိုးရေး ငြိမ်းချမ်းရေးတွေမှာ များစွာအနှောင့်အယှက် အဟန့်အတားဖြစ်စေပါသည်။

          ဖိလစ်ပိုင်သမ္မတဒူတာတေးလက်ထက်မှာတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ကမ္ဘာမှာ အကြီးကျယ်ဆုံးဆောင်ရွက်ချက်များကိုတွေ့ရပြီး ပြင်းထန်သောတိုက်ဖျက်ရေး လုပ်ငန်းစဉ် လှုပ် ရှားမှုများ၊ စစ်ဆင်ရေးများရှိခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ ဖိလစ်ပိုင်အစိုးရသည် ယခင်က International Criminal Court-ICC တွင် လက်မှတ်ရေးထိုး ထားသော်လည်း နှုတ်ထွက်ခဲ့ပါသည်။ သုံးသပ်ချက်အရ လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို ကာကွယ် တားဆီးတိုက်ဖျက်ရမှာ ဖြစ်ပါသည်။ဖိလစ်ပိုင်နိုင်ငံရဲ့တိုက်ဖျက်ရေးမှာတော့ ထိရောက်မှုတွေရှိသလို လူအများအပြားထိခိုက် ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း လေ့လာသိရှိခဲ့ပါသည်။ ပညာပေးခြင်း၊ ကာကွယ်ခြင်း၊ တားဆီးခြင်း၊ တိုက်ဖျက်ခြင်း အဆင့်တိုင်းမှာ အဖွဲ့အစည်းတိုင်း နိုင်ငံသားတိုင်းပါဝင်ရပါမည်။ ကိုယ်တိုင်မကောင်းတာကိုသိမှ ဆိုးကျိုးကိုသိမှာဖြစ်ပြီး အပြစ်ကိုသိမှ ထိရောက်မှာ ဖြစ်ပါသည်။ တရားဥပဒေဘောင်အတွင်းမှ မထိခိုက်သင့်သူ၊ မဆိုင်သူများကို မထိခိုက်စေရန်လည်း စနစ်တကျ ဆောင်ရွက်ရန်လို ကြောင်း လေ့လာသုံးသပ်မိပါသည်။

ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များ

          တစ်ဖက်တွင်လည်း ရာသီဥတုပြောင်းလဲမှုနှင့် ဘဘာဝဘေးအန္တရာယ်များက ဖိလစ်ပိုင် နိုင်ငံ၏ထိခိုက်လွယ်ဒေသများရှိ ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် များအပေါ် သိသာထင်ရှားစွာသက်ရောက်မှုများ ရှိနေသည်ကိုတွေ့ရှိရသည်။ နိုင်ငံ၏ သဘာဝဘေး အန္တရာယ် ကျရောက်မှုလျှော့ချရေး စီမံချက်များတွင် စောစီးစွာသတိပေးခြင်းစနစ်များ၊ အရေးပေါ် အခြေအနေ တုန့်ပြန်ဖြေရှင်းရေးအစီအမံများနှင့် အာမခံစနစ်များကဲ့သို့သော အစီအမံများပါဝင်ပြီး ရာသီဥတုဒဏ် ခံနိုင်သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများတိုးမြှင့်ရန်၊ ပြည်သူလူထုနှင့် နိုင်ငံတော်အဆင့်၌ သဘာဝဘေး အန္တရာယ်‌ လျှော့ချခြင်းနှင့် စီမံခန့်ခွဲမှုစနစ်များ အားပေးဆောင်ရွက်ရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချ ခြင်းနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ချိန်/ ရာသီဥတုဆိုင်ရာ ဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ် များတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များအား ဆက်လက်ဆောင်ရွက်နိုင်စေရန် စသည်တို့လည်း ပါဝင်ပါသည်။

          ဖိလစ်ပိုင်နိုင်ငံသည် သဘာဝဘေးဒဏ် မကြာခဏခံရသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မီးတောင် အရေအတွက် ပေါများသည့်နိုင်ငံဟု လူသိများပါသည်။ ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်နိုင်ချေ အများဆုံးနိုင်ငံဖြစ်ပြီး နှစ်စဉ်တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းစသည့် ဘဘာဝဘေးမျိုးစုံ ဖြစ်ပွားလေ့ရှိသောနိုင်ငံ ဖြစ်ပါသည်။

          နိုင်ငံတစ်နိုင်ငံ ဆင်းရဲရခြင်းအကြောင်းအရင်းများတွင် သဘာဝဘေးကြောင့် အခြေခံ အဆောက်အအုံများ ပျက်စီးခြင်း၊ အရင်းအမြစ်များ ပျက်စီးခြင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ပျက်စီးခြင်း စသည်တို့ပါဝင်ပြီး ဆုံးရှုံးမှုများပြားသည့်အလျှောက် ပြန်လည်ထူထောင်ရေး ကုန်ကျ စရိတ်လည်း များခြင်း၊ ထိုသို့ မကြာခဏဖြစ်ခြင်းနှင့် ဆုံးရှုံးခြင်းများကြောင့် ဆင်းရဲမှုနှုန်း ပို၍ တိုးမြင့်လာ စေမည်ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးတွင် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုတို့သည် အဓိကစိန်ခေါ်မှုများ ဖြစ်နေ သည်ကို တွေ့ရှိရသည်။ ထို့ကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှုကို ကာကွယ်နိုင်ရေးအတွက် သီးနှံအာမခံစနစ် ဖော်ဆောင်ထားရှိသည်ကို တွေ့ရသည်။

ဖိလစ်ပိုင်နိုင်ငံ၏သီးနှံအာမခံ

          စိုက်ပျိုးသီးနှံများအတွက် အာမခံလုပ်ငန်းကို အစိုးရပိုင် ဖိလစ်ပိုင်သီးနှံအာမခံကော်ပိုရေးရှင်း Philippine Crop Insurance Corporation (PCIC) မှ ဦးဆောင်ကြီးကြပ်ပြီး အဓိကရည်ရွယ်ချက်မှာ သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်လာသော သီးနှံဆုံးရှုံးမှုများ၊ ကောက်ပဲသီးနှံနှင့်အခြားသီးနှံများ အတွက် အပင်ရောဂါများနှင့် ပိုးကျခြင်းများကြောင့် ဆုံးရှုံးမှုများမှ ကာကွယ်နိုင်စေရေးအတွက် လယ်သမားများအား အာမခံအကာအကွယ်ပေးရန် ဖြစ်ပါသည်။

          ဆန်စပါးအတွက် စိုက်ပျိုးရေးအာမခံလုပ်ငန်းကို ၁၉၈၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၈၂ခုနှစ်တွင် ပြောင်းနှင့် ၁၉၉၁ ခုနှစ်တွင် ဆေးရွက်ကြီးတို့အတွက် ဆက်လက်ဆောင်ရွက်ခဲ့ပါ သည်။ ထို့ပြင် ၁၉၉၃ခုနှစ်တွင် တန်ဖိုးမြင့်စီးပွားဖြစ်သီးနှံများ(High Value Commercial Crops-HVCC)(ငှက်ပျော၊ “ampalaya”၊ ကညွှတ်၊ ငှက်ပျော၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ပလောပီနံ၊ အုန်း၊ ကော်ဖီ၊ စီးပွားဖြစ် အပင်များ၊ ဝါဂွမ်း၊ ကြက်သွန်ဖြူ၊ ဂျင်း၊ သရက်၊ ပဲစေ့၊ ကြက်သွန်နီ၊ သင်္ဘော၊ မြေပဲ၊ နာနတ်၊ ကြံ၊ ကန်စွန်းဥ၊ ဆေးရွက်ကြီး၊ ခရမ်းချဉ်၊ ဖရဲ၊ အာလူးဖြူ၊ စသည်)နှင့် အခြား ကုန်ပစ္စည်းများပါ အကျုံးဝင်စေရန် အာမခံလုပ်ငန်းအား တိုးချဲ့ဆောင်ရွက်ခဲ့တာ တွေ့ရသည်။

          အာမခံအကာအကွယ်သည် စိုက်ပျိုးသည့် မျိုးစေ့ အမျိုးအစားပေါ်မူတည် ကွဲပြားပြီး အလုပ်သမားစရိတ်၊ ထုတ်လုပ်မှုကုန်ကျစရိတ်စသည်တို့အပါအဝင် အပိုဆောင်းကုန်ကျစရိတ်များ ကိုပါ လွှမ်းခြုံနိုင်မှုရှိပြီး တစ်ဟက်တာလျှင် ဖိလစ်ပိုင် ပီဆို (၂၈,၀၀၀) မှ (၆၅,၀၀၀) အထိ ရရှိနိုင်တာ တွေ့ရသည်။ အကျုံးဝင်ကာလမှာ မျိုးစေ့စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိဖြစ်ပြီး အာမခံပရီမီယံ ကြေးမှာ ဒေသ၊ ရာသီဥတုနှင့် ထိခိုက်ပျက်စီးမှုအမျိုးအစားတို့အရ ၂% မှ ၇%ခန့် နှုန်းထားအမျိုးမျိုး ရှိကာ ပရီမီယံကြေးကို လယ်သမား၊ ငှားရမ်းသည့်အဖွဲ့အစည်းနှင့် အစိုးရတို့က မျှဝေကျခံကြ ရသည်။

          တန်ဖိုးမြင့် စီးပွားဖြစ်သီးနှံများ(HVCC)အတွက် အာမခံအကာအကွယ်တွင် တိုက်ဖွန်း မုန်တိုင်းများ၊ ရေကြီးရေလျှံမှုများ၊ မိုးခေါင်ရေရှားမှုများ၊ မြေငလျင်နှင့် မီးတောင်ပေါက်ကွဲမှုများ၊ အပင်ရောဂါများ၊ ပိုးကျခြင်းများနှင့် မတော်တဆမီးလောင်မှုများကဲ့သို့သော သဘာဝဘေးအန္တရာယ် များအတွက်ပါ အကျုံးဝင်သည်။ အာမခံကြေးထုတ်ယူမှုမရှိသည့် လယ်သမားများအတွက် အာမခံ ကြေးမထုတ်ယူသည့်အတွက် အပိုဆုကြေး (No-Claim Bonus)အဖြစ် နောက်တစ်ကြိမ်အာမခံ ထားရှိချိန်တွင် ပရီမီယံကြေး၏ ၁၀%ခန့် သက်သာခွင့်ရရှိတာ တွေ့ရသည်။

          အခြားတစ်ဖက်တွင်လည်း ဖိလစ်ပိုင်အစိုးရသည် ဆန်စပါးအထွက်တိုးစေရန် စိုက်ပျိုးရေး အစီအစဉ်တစ်ခုဖြစ်သည့် Masagana 99 ၊ ဘက်စုံစိုက်ပျိုးရေး ပြုပြင်ပြောင်းလဲရေးအစီအစဉ် (Comprehensive Agrarian Reform Program -CARP)၊ လူမှုရေးပြုပြင်ပြောင်းလဲမှုနှင့် ဆင်းရဲမှု လျှော့ချရေးလှုပ်ရှားမှု (Social Reform and Poverty Alleviation Act-SRPAA)နှင့် Pantawit Pamilyang Pilipino Program(4Ps)စသည့် ဆင်းရဲနွမ်းပါမှုလျှော့ချရေးအစီအစဉ်အမျိုးမျိုးကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ တွေ့ရှိရသည်။

စိုက်ပျိုးစီးပွားကဏ္ဍ မြှင့်တင်ရေးနှင့် ဆင်းရဲမှုလျော့ချရေး ဆောင်ရွက်ချက်များ

          Masagana 99(M99)သည် ဆန်စပါးစိုက်ပျိုးသူတောင်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရန် နှင့် စပါး အထွက်တိုးစေရန် ၁၉၇၃ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံတော်အစိုးရက စတင် ဆောင်ရွက်ခဲ့ သည့် ဆန်စပါးထုတ်လုပ်ရေးအစီအစဉ်တစ်ခုဖြစ်ပြီး သွင်းကုန်များအပေါ်မှီခိုနေမှုကို လျှော့ချရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ လယ်သမားများအား ရိုးရာစပါးမျိုးစေ့များထက် ပိုမို အထွက်နှုန်း ကောင်းသည့်စပါးမျိုးစေ့များကို စတင်မိတ်ဆက်ပေးခဲ့ပြီး ဓာတ်မြေဩဇာများ၊ ပိုးသတ် ဆေးများနှင့် ဆည်မြောင်းဖောက်လုပ်ပေးခြင်း စသောဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင် သွင်းအားစု များ ထောက်ပံ့ပေးသည့်အပြင် ချေးငွေရရှိစေရန် စိုက်ပျိုးရေးချေးငွေနှင့် သမဝါယမဘဏ္ဍာရေးစီမံခန့် ခွဲမှု (Agricultural Credit & Cooperative Financing Administration- ACCFA)မှ တစ်ဆင့် ကူညီ ပံ့ပိုးပေးခဲ့သည်။

          Masagana 99 အစီအစဉ်သည် နိုင်ငံအတွင်း ဆန်စပါးထုတ်လုပ်မှုတိုးမြှင့်ရေး ဆောင်ရွက် ရာတွင် အောင်မြင်မှုရရှိခဲ့သော်လည်း လုပ်ကွက်ငယ်တောင်သူများသည် တောင်သူလယ်သမားကြီး များလောက် အကျိုးအမြတ်မရရှိခဲ့သည့်အတွက် ဝေဖန်ခံခဲ့ရသည်။

ဘက်စုံစိုက်ပျိုးရေး ပြုပြင်ပြောင်းလဲရေးအစီအစဉ် (Comprehensive Agrarian Reform Program- CARP)

          ၁၉၈၇ ခုနှစ်တွင် ဘက်စုံစိုက်ပျိုးရေးပြုပြင်ပြောင်းလဲရေးအစီအစဉ် (CARP)ကို ဆောင်ရွက် ခဲ့ပြီး တောင်သူလယ်သမားများအား မြေယာပြန်လည်ပေးအပ်ခြင်းနှင့် အထောက်အပံ့ဝန်ဆောင်မှု များပေးခြင်းဖြင့် နိုင်ငံအတွင်းရှိ မြေယာပြန်လည်ပြုပြင်ရေးကိစ္စရပ်များကို ကိုယ်တွယ်ဖြေရှင်းရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ မြေယာများကို ပုဂ္ဂလိကမြေပိုင်ရှင်များထံမှ ဆန္ဒအလျောက် လွှဲပြောင်းပေး သည့်စနစ် (သို့မဟုတ်) မဖြစ်မနေသိမ်းယူသည့်နည်းလမ်းတို့ဖြင့် ရယူခဲ့ပြီး မြေငှားများ၊ စာချုပ်ဖြင့် ငှားရမ်းသူများနှင့် အနည်းဆုံး (၁၀)နှစ်ကျော်ခန့်ကြာ မြေယာထွန်ယက်စိုက်ပျိုးခဲ့သည့်လယ်ယာမြေ အလုပ်သမားများကို မြေယာများ ပေးအပ်ခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးပြုပြင် ပြောင်းလဲ ရေးဦးစီးဌာန၏အဆိုအရ တောင်သူလယ်သမား ၂.၈ သန်းကျော်အား မြေဟက်တာ ၄.၈ သန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့သည်ဟု သိရသည်။ ချေးငွေ၊ နည်းပညာနှင့် ဈေးကွက်ရရှိရေး အထောက်အပံ့များအပါအဝင် မြေယာနှင့် အရင်းအမြစ်များကို စုပေါင်းစီမံခန့်ခွဲမည့် တောင်သူ လယ်သမားများအား ကိုယ်တိုင်ရပ်တည်နိုင်သော လူ့အဖွဲ့အစည်းများ ဖြစ်လာစေရန် ပျိုးထောင် ပေးပြီး စိုက်ပျိုးရေး ပြုပြင်ပြောင်းလဲရေးအဖွဲ့အစည်းများကိုပါထူထောင်ပေးခဲ့သည်။ မြေယာ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အခွန်ကောက်ခံခြင်းနှင့် အစိုးရငွေချေးစာချုပ်များ ထုတ်ချေးပေးခြင်း တို့မှတစ်ဆင့် ရန်ပုံငွေထောက်ပံ့ ပေးခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် မြေယာပိုင်ရှင်များ၏ ခုခံ တော်လှန်မှုနှင့် ရန်ပုံငွေမလုံလောက်မှု စသောစိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

လူထုဗဟိုပြုဖွံ့ဖြိုးရေးအစီအစဉ် (KALAHI-CIDSS)

          ၂၀၀၂ ခုနှစ်တွင် လူထုဗဟိုပြု ဖွံ့ဖြိုးရေးအစီအစဉ်တစ်ခုဖြစ်သည့် Kapit-Bisig Laban sa Kahirapan Comprehensive and Integrated Delivery of Social Services (KALAHI-CIDSS)ကို စတင်ဆောင်ရွက်ခဲ့ပြီး ပြည်သူများကိုယ်တိုင်ဦးစားပေးလုပ်ငန်းများခွဲခြားသတ်မှတ်ရန်၊ စီမံကိန်း များ ကိုယ်တိုင်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် အရင်းအမြစ်များကို ကိုယ်တိုင်စီမံ ခန့်ခွဲနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ စာရေးသူတို့နိုင်ငံရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သော လူထုဗဟိုပြုစီမံကိန်း (Community Driven Development Project- CDDP)၊ ဆောင်ရွက်လျက် ရှိသော ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (Village Development Project-VDP)စသည်တို့၏စီမံကိန်း ပုံစံကဲ့သို့ လူထုကိုယ်တိုင် ဦးဆောင်အကောင်အထည်ဖော်ဆောင်ရွက်သည့် စီမံကိန်းပုံစံဖြစ်သည်။

          ပြည်သူလူထုကိုယ်တိုင် ဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက်လိုအပ်သောအရင်းအမြစ်နှင့် နည်းပညာအကူအညီများ ထောက်ပံ့ပေးပြီး လမ်း၊ တံတား၊ ရေရရှိရေးနှင့် ကျန်းမာရေးဌာနများကဲ့သို့သော အခြေခံအဆောက်အအုံများ တည်ဆောက်ပေးသည့် လုပ်ငန်းများ ပါဝင်ပါသည်။ ယင်းအစီအစဉ်တွင် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့သော နိုင်ငံ တကာ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၏အထောက်အပံ့များ၊ အစိုးရ၏ထောက်ပံ့ငွေ၊  ပြည်သူ လူထု၏လုပ်အား/ ပစ္စည်းကိရိယာ/ ငွေကြေး ထည့်ဝင်မှုတို့လည်း ပါဝင်ပါသည်။ လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏အဆိုအရ ခရိုင် (၇၂) ခရိုင်ရှိ ပြည်သူ (၃၀၀၀)ကျော်အတွက် ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ပြည်သူ (၆.၂) သန်းကျော် အကျိုးခံစားခွင့်ရရှိကြောင်း သိရသည်။

စဉ်ဆက်မပြတ်အသက်မွေးဝမ်းကျောင်းလုပ်ငန်းအစီအစဉ် (Sustainable Livelihood Program -SLP)

          ၂၀၁၁ ခုနှစ်တွင် ဆင်းရဲမှုလျှော့ချရေးအစီအစဉ်တစ်ခုဖြစ်သည့် စဉ်ဆက်မပြတ် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းအစီအစဉ် (Sustainable Livelihood Program-SLP)ကို စတင်ဆောင်ရွက် ခဲ့ပြီး ဆင်းရဲသားများနှင့် ထိခိုက်လွယ်အိမ်ထောင်စုများအား စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းနှင့် အရင်းအမြစ်များ ရရှိရေး ကူညီထောက်ပံ့ပေးခြင်းဖြင့် ၎င်းတို့၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်လာစေရန် ရည်ရွယ်ခဲ့သည်။ SLP သည် တိုင်းရင်းသားလူနည်းစုများ၊ အမျိုးသမီးများနှင့် မသန်စွမ်းသူများ အပါအဝင် ဆင်းရဲ၍ထိခိုက်လွယ်သောအိမ်‌ထောင်စုများကို ဦးတည် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး စွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းများ၊ မျိုးစေ့အရင်းအနှီးနှင့် ချေးငွေတိုအပါအဝင် အသက်မွေး ဝမ်းကျောင်းဆိုင်ရာအကူအညီများစွာ ထောက်ပံ့ပေးပါသည်။ ပြည်သူလူထုပူးပေါင်းပါဝင်မှုနှင့် ပိုင်ရှင် စိတ်ဓာတ်ရှိမှုတို့ကို အလေးထားဆောင်ရွက်သည့် လူထုဗဟိုပြုအစီအစဉ်ဖြစ်ပြီး အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ထူထောင်နိုင်ရန်နှင့် ရေရှည်တည်တံ့စေရန်အတွက် နည်းပညာ အကူအညီနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေသည့် ဝန်ဆောင်မှုများလည်း ထောက်ပံ့ပေးရာတွင် ပါဝင်ပါသည်။ လူမှု ဖူလုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏အဆိုအရ အိမ်ထောင်စု ၁.၂ သန်းကျော် အကျိုးခံစား ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Philippine Rural Development Project-PRDP)

          ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏အကူအညီဖြင့် ဖိလစ်ပိုင်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း(Philippine Rural Development Project-PRDP) ကို ကျေးလက်ဒေသ အခြေခံအဆောက်အအုံများ မြှင့်တင်ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ ကုန်ထုတ်လုပ်မှု မြှင့်တင်ပေးခြင်းနှင့် ဈေးကွက်ရရှိရေးတိုးမြှင့်ပေးခြင်းတို့ဖြင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရန်ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

          PRDP တွင် ကုန်ထုတ်လမ်းများ၊ တံတားများ၊ အများနှင့်ဆိုင်သော ဆည်မြောင်းဖောက်လုပ်မှု စနစ်များနှင့် အခြားအခြေခံအဆောက်အအုံဝန်ဆောင်မှုလုပ်ငန်းများ တည်ဆောက်ခြင်းနှင့် အသစ် ပြန်လည်ပြုပြင်ခြင်းတို့မှတစ်ဆင့် ကျေးလက်ဒေသအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကို ဆောင်ရွက် ပေးခြင်းဖြစ်သည်။ ကုန်သိုလှောင်ရေးအဆောက်အအုံများ၊ အခြောက်ခံခြင်းပစ္စည်းကိရိယာများနှင့် ရိတ်သိမ်းပြီးနောက်ပိုင်း လိုအပ်သောအသုံးအဆောင်ပစ္စည်းများအတွက်ပါ ထောက်ပံ့ပေးသည်။ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုစွမ်းအားတိုးမြင့်စေရေးအတွက် လယ်သမားများအား နည်းပညာနှင့် သွင်းအားစုများ ကူညီပေးခြင်း၊ တန်ဖိုးမြင့်သီးနှံများ၊ မွေးမြူရေးနှင့် ရေထွက် ပစ္စည်းထုတ်ကုန်များ ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးခြင်းကဲ့သို့သော တန်ဖိုး ကွင်းဆက်ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ကူညီထောက်ပံ့ပေးပါသည်။

          ဒေသဆိုင်ရာအဆင့်နှင့် နိုင်ငံတော်အဆင့် ဈေးကွက်များသို့ ချိတ်ဆက်ပေးခြင်းဖြင့် ကျေးလက်ဒေသတောင်သူလယ်သမားများနှင့် ကုန်ထုတ်လုပ်သူများကို ဈေးကွက်ရရှိစေပြီး ဈေးကွက် ဖော်ဆောင်ရေး အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေသဆိုင်ရာနှင့် နိုင်ငံတော် အဆင့် ကုန်စည်ပြပွဲများနှင့် ပြခန်းများတွင် ကျေးလက်ကုန်ထုတ်လုပ်သူများ ပူးပေါင်းပါဝင်ရေး ကူညီဆောင်ရွက်ပေးပါသည်။ စိုက်ပျိုးရေးဦးစီးဌာန၏အဆိုအရ PRDP သည် တောင်သူလယ်သမား များနှင့် ရေလုပ်ငန်းလုပ်ကိုင်သူ (၂)သန်းကျော်ခန့် အကျိုးခံစားခွင့်ရှိစေခဲ့ပြီး ကျေးလက်ဒေသ များတွင် လယ်ယာစိုက်ပျိုးရေးကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ဝင်ငွေတိုးပွားစေရေးအတွက် များစွာ အထောက်အကူပြုနိုင်ခဲ့တာ တွေ့ရသည်။

လေ့လာသုံးသပ်ချက်

          စိုက်ပျိုးမွေးမြူရေးအပေါ်တွင်အခြေခံရာမှ လယ်ယာစိုက်ပျိုးရေးအပါအဝင် စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ်တွင် အခြေခံသည့်စနစ်သို့ပြောင်းလဲပြီး ဖော်ဆောင်ကာ သွင်းကုန်များအပေါ် မှီခိုရမှု လျော့နည်းစေရန် ဦးတည်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းအစီအမံများ ဆောင်ရွက် ရာတွင် စာရေးသူတို့နိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် စီမံကိန်းဒီဇိုင်း တူညီသည်ကို တွေ့ရှိရသည်။ သို့ရာတွင် ရှေ့၌ ဆိုခဲ့သကဲ့သို့ပင် ချေးငွေနှင့် ငွေကြေးဝန်ဆောင်မှုများ အကန့်အသတ်ဖြင့်ရရှိခြင်း၊ သဘာဝဘေးအန္တရာယ်များ၊ ပဋိပက္ခနှင့် နိုင်ငံရေးမတည်ငြိမ်မှုများသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြီးမားသည့် စိန်ခေါ်မှုများဖြစ်သည်ကို သတိချပ်ရမည်ဖြစ်ပါကြောင်းနှင့် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးသည် ခွဲ၍မရသည့်အပြန်အလှန်ဆက်စပ်မှုဖြစ်သည့်အတွက် တစ်ပြိုင်နက်တည်း အတူယှဉ်တွဲ၍ ကြိုးပမ်း ဖော်ဆောင်ရမည့်လုပ်ငန်းဆောင်တာများဖြစ်ပါသည်။

          သဘာဝဘေးအန္တရာယ်ဆိုသည်ကလည်း ကြိုတင်ပြင်ဆင်မှုအားကောင်းမှ ထိခိုက်မှု လျှော့ချ နိုင်မှာဖြစ်သည်။ အာရှတွင် ဖိလစ်ပိုင်နိုင်ငံသည် သဘာဝဘေးဒဏ်အခံရဆုံးနိုင်ငံ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း နှစ်စဉ် ကြုံတွေ့နေရသည်ပင်။ ကြိုတင်ပြင်ဆင်မှုတွေကောင်းဖို့ ဌာနများ၊ ကော်မတီများ၊ အစိုးရများ ချိတ်ဆက်မှု အားကောင်းဖို့ လိုသည်။ သို့မှသာ ထိခိုက်မှု လျော့ပါး သက်သာမှာ ဖြစ်သည်။

          ဖိလစ်ပိုင်နိုင်ငံတွင် သီးနှံအာမခံစနစ် ကျင့်သုံးနေပြီး ထိုင်း၊ ဗီယက်နမ်တို့တွင်လည်း အလားတူ ကျင့်သုံးနေတာတွေ့ရသည်။ သဘာဝဘေးတွေဖြစ်ပေါ်ခဲ့လျှင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေဖြစ်သည့် အဓိကအသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ထိခိုက်စေပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း လုပ်သင့်သည်ဟု သုံးသပ်မိရပါသည်။ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် နွေစပါး၊ မိုးစပါး၊ ပဲ၊ ဆီထွက်သီးနှံစီမံကိန်းများတွင်လည်း နိုင်ငံတော်အကြီးအကဲမှ သီးနှံအာမခံထား ဆောင်ရွက်ဖို့ လမ်းညွှန်မှာကြားထားတာရှိပါသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှလည်း ဆက်လက်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရှိခဲ့ရပါသည်။ နိုင်ငံတကာအတွေ့အကြုံများ ရယူ၍ ကိုယ့်နိုင်ငံ၏ အခြေအနေပေါ်မူတည်ပြီး Pilot အနေဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော် အစိုးရမှ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသော ဆင်းရဲမှုလျောချ့ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအစီအစဉ်များတွင် များစွာထိရောက်အကျိုးရှိ မည်ဖြစ်ပါကြောင်း အကြံပြုတင်ပြ လိုက်ရပါသည်။

 

ခန့်ဇော် (ကျေးလက်)


Nguyễn Trang

1 Year Ago

god

0 0
Reply