မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေများ အပိုင်း (၃) "ပွတ်တိုက်မှုများခဲ့တဲ့ ဥပဒေ"

Ministry of Investment and Foreign Economic Relations | Jun 23, 2021

Jun 29, 2020

အောင်နိုင်ဦး အပြောင်းအလဲ ၂၀၁၁ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်အစိုးရ တာဝန်ယူပြီးတဲ့နောက် နိုင်ငံတော်သမ္မတအနေနဲ့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဖိတ်ခေါ်ဖို့ စတင်ဆောင်ရွက်ခဲ့ပါတယ်။ အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းတစ်ခု ဖန်တီးဖို့အတွက် လိုအပ်တာတွေ ဆက်လက်လုပ်ဆောင်ဖို့ကိုပါ တာဝန်ပေးခဲ့ပါတယ်။ ဒီလိုတာဝန်ပေးတဲ့အချိန်မှာ စာရေးသူအနေနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနကနေ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနကို ပြောင်းရွှေ့တာဝန်ထမ်းဆောင် နေပြီဖြစ်တဲ့ အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ပြည်ထောင်စုဝန်ကြီးရဲ့ တာဝန်ပေးချက်အရ ပါဝင်ဆောင်ရွက်ခွင့်ရခဲ့ပါတယ်။ အကြောင်း တိုက်ဆိုင်မှုတစ်ခုကတော့ စာရေးသူအနေနဲ့ ၂၀၀၀ ပြည့်နှစ်အတွင်းက ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (World Trade Organization) မှာ ကုန်သွယ်ရေးမူဝါဒ (Trade Policy) သင်တန်းတက်ရောက်ချိန်က သင်ကြားခဲ့ရတဲ့ (Agreement on Trade Related Investment Measures-TRIMS) ကို အလေးထားလေ့လာခဲ့ပြီး ဝန်ကြီးဌာန ပြောင်းပြီးတဲ့ နောက်မှာ မိမိလေ့လာခဲ့တဲ့ ဘာသာရပ်ကို ပြန်လည်အသုံးချ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ခွင့်ရခြင်း ဖြစ်ပါတယ်။

အခင်းအကျင်းနဲ့ အခက်အခဲ ပြည်ထောင်စုဝန်ကြီးအနေနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းတစ်ခု ရရှိဖို့အတွက် ခေတ်နောက်ကျနေပြီဖြစ်တဲ့ ၁၉၈၈ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်ဖို့ စတင်ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ဥပဒေနဲ့ အခြား အာဆီယံနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေတွေကို နှိုင်းယှဉ်ဇယားရေးဆွဲသုံးသပ်ခြင်း၊ မိမိဥပဒေရဲ့ အားနည်းချက် တွေကို ပုဒ်မတစ်ခုချင်း စိစစ်ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ပြီး ဥပဒေပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတထံက လမ်းညွှန်ချက်ခံယူခဲ့ပါတယ်။ ဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကို အဆင့်ဆင့်ဆောင်ရွက်ရမှာဖြစ်ပြီး လွှတ်တော် အသီးသီးကို တင်ပြဥပဒေပြုရမှာဖြစ်တဲ့ အတွက် အချိန်ကာလတစ်ခု စောင့်ဆိုင်းရမယ်ဆိုတာကိုလည်း တွက်ဆမိခဲ့ပါတယ်။ တစ်ဖက်ကလည်း နိုင်ငံတော်သမ္မတက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုင်းပြည်ထဲကို ဆောလျင်စွာ ဝင်ရောက် လာစေဖို့ ဆန္ဒရှိနေတဲ့အတွက် ဥပဒေပြင်ဆင်နေဆဲ ကာလ အတွင်းမှာ လက်ရှိဥပဒေမှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ သူတွေအတွက် အကျပ်အတည်း ဖြစ်နေတဲ့ ပြဋ္ဌာန်းချက်တွေကို မည်သို့မည်ပုံ ကျော်လွှားဆောင်ရွက်သင့်သလဲဆိုတာ ကိုလည်း ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုရှေ့နေချုပ် ဖြစ်တဲ့ ဒေါက်တာထွန်းရှင်နဲ့ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။

 ၁၉၈၈ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြောင့် ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေထဲမှာ မြေအသုံးပြုမှုနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်မပါဝင်ခဲ့တာကြောင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူ တွေအနေနဲ့ မြန်မာနိုင်ငံအတွင်း လုပ်ငန်းတွေထူထောင်တဲ့အခါ အစိုးရပိုင်မြေတွေကိုသာ အသုံးပြုခွင့်ရခဲ့ပြီး စက်မှုဇုန်တွေမှာရှိတဲ့ ပုဂ္ဂလိကပိုင်မြေတွေကို အသုံးချခွင့်မရခဲ့တဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ စက်မှုဇုန်တော်တော်များများ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေ က မြန်မာနိုင်ငံသားတွေအမည်ခံပြီး တရားမဝင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ခဲ့ကြတဲ့ အခြေအနေတွေလည်း ပေါ်ပေါက်နေခဲ့ပါတယ်။ တစ်ဖက်ကလည်း ၁၉၈၇ ခုနှစ် မရွှေ့ မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအရ နိုင်ငံခြားသားတွေ အနေနဲ့ ပြည်တွင်းမှာ မြေ၊ အဆောက်အအုံ ငှားရမ်းဆောင်ရွက်တဲ့အခါ တစ်နှစ်သာ ငှားရမ်းခွင့်ရှိတဲ့ အခြေအနေဖြစ်နေခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်း ဖန်တီးရာမှာ မြေနဲ့ပတ်သက်တဲ့ အကျပ်အတည်းဟာ ပထမဆုံး ဖြေရှင်းဆောင်ရွက်ရမယ့် ကိစ္စဖြစ်တဲ့အတွက် ပြည်ထောင်စုဝန်ကြီး၊ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ပြည်ထောင်စုရှေ့နေချုပ် တို့ အပြန်ပြန်အလှန်လှန် ညှိနှိုင်းတိုင်ပင်ကြပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အမိန့်ကြော်ငြာ စာအမှတ်၊ ၃၉/၂၀၁၁နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် စပ်လျဉ်းသည့် မြေအသုံးပြု ပိုင်ခွင့်ဆိုင်ရာအမိန့် ကြော်ငြာ စာကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်အရ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အစိုးရပိုင် မြေ၊ ဌာန/အဖွဲ့အစည်းပိုင် မြေများအပြင် နိုင်ငံသားပုဂ္ဂလိကပိုင်မြေများကိုပါ ကနဦး နှစ် ၃၀ နဲ့ တစ်ကြိမ်လျှင် ၁၅ နှစ်နဲ့ သက်တမ်းတိုးခြင်းကို နှစ်ကြိမ်အထိ တိုးမြှင့်ကာ ငှားရမ်းပြီး ရင်းနှီးမြှုပ်နှံမှုတွေကို တရားဝင်ဆောင်ရွက်ခွင့် ရရှိသွားခဲ့ပါတယ်။ နောက်ထပ် ဖြစ်ပေါ်ခဲ့တဲ့ အကျပ်အတည်းတစ်ခုကတော့ နိုင်ငံခြားငွေလွှဲပြောင်းခြင်း ဆိုင်ရာအခက်အခဲပါ။ ၁၉၈၈ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူဟာ မိမိရဲ့ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်တဲ့ နိုင်ငံခြားငွေ၊ ရတဲ့အကျိုးအမြတ်ကို မိမိနိုင်ငံကို ပြန်ပို့တဲ့အခါ လဲလှယ်ရမယ့် နိုင်ငံခြားငွေကို တရားဝင်ငွေလဲနှုန်းနဲ့ တွက်ချက်ရ မယ်လို့ ပြဋ္ဌာန်းပါရှိပါတယ်။ ၂၀၁၁ ခုနှစ်အတွင်းက တရားဝင် နိုင်ငံခြားငွေလဲလှယ်နှုန်းဟာ ပျမ်းမျှ ၆ ကျပ် ကျော်ကျော်သာရှိနေပြီး ပြင်ပပေါက်ဈေးက ကျပ် ၇၀၀ ကျော်လောက်ဖြစ်နေ ခဲ့ပါတယ်။ အဆိုပါ အခြေအနေက နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူအတွက် ဘယ်လိုမှ လုပ်ငန်း ဆောင်ရွက်နိုင်မယ့် အခြေအနေမရှိခဲ့တဲ့အတွက် ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရှေ့နေချုပ်နဲ့ ဗဟိုဘဏ်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များ ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးပြီး နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူအနေနဲ့ မိမိရဲ့နိုင်ငံခြားငွေကို ပြင်ပပေါက်ဈေးနဲ့ တွက်ချက်ဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အမိန့်ကြော်ငြာစာ အမှတ်၊ ၄၀/၂၀၁၁ "နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေနှင့် စပ်လျဉ်းသည့် နိုင်ငံခြားငွေကြေး ဆိုင်ရာအမိန့်ကြော်ငြာစာ''ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပေးခဲ့ပါတယ်။ ဥပဒေပြင်ဆင်ခြင်း အဆိုပါ အမိန့်ကြော်ငြာစာနှစ်ခု ထုတ်ပြန်ပြီးတဲ့ အချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြည်တွင်းကို စတင် ဝင်ရောက်လာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ကော်မရှင်အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ပြန်လည်ပြင်ဆင် ရေးဆွဲရေးကို ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲတဲ့အခါ ၁၉၈၈ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအပေါ် အခြေခံပြီး ဖြုတ်သင့်တာဖြုတ်၊ ပြင်သင့်တာပြင်၊ ဖြည့်သင့်တာ ဖြည့်လုပ်ခဲ့ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို မူကြမ်းရေးဆွဲပေးဖို့ စာရေးသူဦးဆောင်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါ်မြသူဇာ၊ ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်းနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အရာရှိများ ပါဝင်ရေးဆွဲခဲ့ကြပါတယ်။ ဥပဒေကြမ်းရေးဆွဲပြီး တဲ့အခါ ကော်မရှင် အစည်းအဝေးကိုတင်ပြပြီး လိုအပ်တာတွေ ပြင်ဆင်ဖြည့်စွက်ပြီးတဲ့ နောက် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို တင်ပြအတည်ပြုပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ အမျိုးသားလွှတ်တော်ကို ဥပဒေမူကြမ်း စတင်ပေးပို့တင်ပြ ခဲ့ပါတယ်။ လွှတ်တော်နဲ့ အစိုးရ အမျိုးသားလွှတ်တော်သို့တင်ပြပြီး သက်ဆိုင်ရာလွှတ်တော်ကော်မတီများ ပါဝင်တဲ့အဖွဲ့နဲ့ ဥပဒေကြမ်းတင်တဲ့ အစိုးရဘက်က စာရေးသူအပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ အရာရှိကြီးများ အပြန်ပြန်အလှန်လှန် ညှိနှိုင်းကြပြီး ရေးထုံးအပါအဝင် လိုအပ်ချက်များကို ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကို ဆက်လက်ပေးပို့ခဲ့ပါတယ်။ အမျိုးသား လွှတ်တော်မှာ ဆွေးနွေးစဉ်က ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အစိုးရက ဆက်လက်ဆောင်ရွက်လိုတဲ့ ရည်မှန်းချက်နဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ရဲ့ အယူအဆ မတူညီမှုတွေကို စတင်တွေ့ရှိခဲ့ရပါတယ်။

အဆိုပါ အယူအဆ မတူညီမှု တွေဟာ ပြည်သူ့လွှတ်တော်မှာ ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးကြတဲ့အခါ ပွတ်တိုက်မှုတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ အစိုးရရဲ့ ရည်မှန်းချက်က နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဖိတ်ခေါ်သွားဖို့၊ ဖိတ်ခေါ်တဲ့နေရာမှာလည်း အမျိုးသားအကျိုးစီးပွားကို ဦးတည်ထားဖို့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ဖွံ့ဖြိုးမှု ကွာဟချက်တွေကို လျှော့ချပေးဖို့ ဖြစ်ပါတယ်။ လွှတ်တော်နှစ်ရပ်မှာ ဆွေးနွေးကြ တဲ့အခါ လုပ်ငန်းရှင်ကြီးတွေကနေ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသူတွေရဲ့ အယူအဆ မတူညီမှုတွေကို တွေ့လာရပြီး အစိုးရဘက်က တက်ရောက် သူတွေအနေနဲ့ အဆိုပါကိုယ်စားလှယ်တွေဟာ မိမိတို့ရဲ့ ကိုယ်ကျိုးစီးပွားကာကွယ်လိုမှုအပေါ် ဦးတည်ပြီး ဥပဒေကို မူလရည်ရွယ်ချက်နဲ့ သွေဖည်သွားအောင်လုပ်နေတယ်လို့ ယူဆခဲ့ကြပါတယ်။ အခြားတစ်ဖက်မှာလည်း ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်ကြီးတချို့က လုပ်ငန်းရှင်ကြီးတွေ ကနေ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသူတွေနဲ့ ချိတ်ဆက်ပြီး ၎င်းတို့အခွင့်အလမ်း ရရှိနေတဲ့နယ်ပယ်တွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ခွင့်မရအောင် နည်းမျိုးစုံနဲ့ ဆောင်ရွက်ကြတာတွေကိုလည်း တွေ့ရပြန်ပါတယ်။

နောက်ဆုံးမှာတော့ အစိုးရဘက်က တက်ရောက်ရှင်းလင်း တင်ပြသူတွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေရဲ့ ဖိအားဒဏ်ကို မခံနိုင်တော့တဲ့အတွက် ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေမှာ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းကိုယ်တိုင် တက်ရောက်ရင်ဆိုင်ရတဲ့ အခြေအနေကို ရောက်ခဲ့ပါတယ်။ အဓိကကွဲလွဲမှုကတော့ အစိုးရရဲ့ရည်မှန်းချက်နဲ့ လုပ်ငန်းရှင်ကြီးတွေကနေ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာသူတွေနဲ့ အယူအဆကွဲလွဲချက်တွေအပြင် ဘာသာရပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို အစိုးရဘက်က တက်ရောက်တဲ့ ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်တွေကို လွှတ်တော်ကိုယ်စားလှယ်အချို့က အမျိုးသားအကျိုးစီးပွားကာကွယ်ရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ၎င်းတို့လိုသလို ပြင်ဆင်ပယ်ဖျက်ကြခြင်းပဲ ဖြစ်ပါတယ်။ ပွတ်တိုက်မှုတွေ ပြင်းထန်နေတဲ့ အချိန်မှာ ရင်ဆိုင်ဆွေးနွေးဖို့ အင်အားချည့်နဲ့နေတဲ့ အစိုးရဘက်က တက်ရောက်သူတွေ အနေနဲ့ အံ့အားသင့်ဖွယ် အထောက်အကူရခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေဖြစ်ကြတဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်စန္ဒာမင်းတို့ရဲ့ အစိုးရဘက်က တာဝန်ရှိသူ တွေရဲ့ ဆွေးနွေးချက်အပေါ် ထောက်ခံဆွေးနွေးပေးတာတွေ၊ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်အချို့က ပြင်ဆင်ပယ်ဖျက်ဖို့ တောင်းဆိုနေတဲ့အချက်တွေအပေါ်မှာ မူလဥပဒေကြမ်းအတိုင်း လက်ခံဖို့ ရပ်တည်ဆွေးနွေး ပေးတာတွေ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးအောင်ကြည်ညွန့်နဲ့ ဒေါက်တာမြတ်ဉာဏစိုး တို့ရဲ့ ဘက်လိုက်မှုကင်းကင်းနဲ့ မျှတစွာရပ်တည်ဆောင်ရွက်ပေးမှုတွေက အစိုးရဘက်က တက်ရောက်သူတွေ အားတက်စေခဲ့ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေကလည်း အစိုးရဘက်က မူကြမ်းအပေါ်မှာ ရပ်တည် ဆွေးနွေးပေးခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ အစိုးရဘက်ကရေးဆွဲပေးပို့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်၊ ၂၁ အဖြစ်နဲ့ ပြဋ္ဌာန်းလိုက်ပါတယ်။ စာရေးသူရဲ့ အမြင်အရ ပြောရရင်တော့ အဆိုပါဥပဒေဟာ လွှတ်တော်နဲ့ အစိုးရ ပွတ်တိုက်မှု အပြင်းထန်ဆုံး ဥပဒေတစ်ခု ဖြစ်ခဲ့ပါတယ်။

ကန့်သတ်ခြင်း/တားမြစ်ခြင်း ဥပဒေပြဋ္ဌာန်းလိုက်တဲ့အခါ အစိုးရအနေနဲ့ ကျဉ်းထဲကျပ်ထဲရောက်စေမယ့် ပြဋ္ဌာန်းချက်တွေလည်း ပါဝင်ခဲ့ပါတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုအားနည်း နေတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍမှာ အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီး တိုးတက်အောင်ဆောင်ရွက်ဖို့ စီမံခန့်ခွဲခဲ့ပေမယ့် ဥပဒေ ပုဒ်မ ၄ (ဇ) နဲ့ (ဈ) မှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်တဲ့ (သို့မဟုတ်) တားမြစ်တဲ့ လုပ်ငန်းအဖြစ်နဲ့ သတ်မှတ်လိုက်တာတွေ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ် ဆောင်ရွက်ဖို့စီမံခဲ့တဲ့ အခြေအနေအပေါ် ဥပဒေပုဒ်မ ၄ (ဋ) အရ နယ်စပ်မျဉ်းမှ ၁၀ မိုင်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုခွင့်မပြုဖို့ ကန့်သတ်/တားမြစ်လိုက် တာတွေကို လွှတ်တော်က ထည့်သွင်းပြဋ္ဌာန်းလိုက်ပါတယ်။ ဒါ့အပြင် ပုဒ်မ ၅၆ (က)နဲ့ လိုအပ်တဲ့ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တွေကို ဥပဒေအတည်ဖြစ်တဲ့နေ့မှ ရက်ပေါင်း ၉၀ အတွင်း ထုတ်ပြန်ရမယ်လို့ ပြဋ္ဌာန်းလိုက်တဲ့အတွက် ဥပဒေအကောင်အထည်ဖော်မှုလုပ်ငန်းတွေမှာ အစိုးရအနေနဲ့ အကျိုးသက်ဆိုင်သူတွေနဲ့ ညှိနှိုင်းဆွေးနွေးခြင်း၊ သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းမှု ဆောင်ရွက်ခြင်းတွေကို ကျယ်ပြန့်စွာ မဆောင်ရွက်နိုင်တော့ဘဲ နည်းဥပဒေနဲ့ အခြား ထုတ်ပြန်ရမယ့် အမိန့်/ညွှန်ကြားချက်တွေကို ရက်ပေါင်း ၉၀ အတွင်း ပြီးစီးရေးကိုသာ ဦးတည်ပြီး အဆောတလျင် ဆောင်ရွက်ရပါတော့တယ်။

ကော်မရှင်နဲ့ အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတို့အနေနဲ့ နည်းဥပဒေကို သတ်မှတ်ထားတဲ့ ရက် ၉၀ အတွင်း အပြီးရေးဆွဲနိုင်ရေးအတွက် အပူတပြင်း ဆောင်ရွက်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ နည်းဥပဒေတွေကို ထုတ်ပြန် နိုင်ခဲ့ပါတယ်။ နည်းဥပဒေတွေ ရေးဆွဲတဲ့အခါ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို အခြေခံပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုလွယ်ကူစွာ ဝင်ရောက်လာနိုင်ရေးအတွက် တတ်နိုင်သမျှ နည်းလမ်းရှာဖွေပြီး ဆောင်ရွက်ခဲ့ကြပါတယ်။

သို့သော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့က နည်းဥပဒေတွေ ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ အချို့သောနည်းဥပဒေ တွေကို လွှတ်တော်က သဘောမတူတဲ့အတွက် နည်းဥပဒေတွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ပွတ်တိုက်မှုတွေ ထပ်မံ ဖြစ်ပွားပြန်ပါတယ်။ အချို့သော နည်းဥပဒေတွေအပေါ် မဲခွဲဆုံးဖြတ်ရတဲ့အဆင့်အထိလည်း ရောက်ခဲ့ပါတယ်။ သာဓက အားဖြင့် ဥပဒေပုဒ်မ၉၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) အရ နိုင်ငံခြားသားသည် တားမြစ်သည့်လုပ်ငန်း၊ ကန့်သတ်သည့်လုပ်ငန်းများကို နိုင်ငံသားနှင့် ဖက်စပ်လုပ်ကိုင် လိုပါက နိုင်ငံခြားမတည်ငွေရင်းအချိုးကို နည်းဥပဒေဖြင့် ပြဋ္ဌာန်းထားသည့်အချိုးအတိုင်း အဆိုပြုနိုင်ပါသည်။လို့ ပြဋ္ဌာန်းချက်အပေါ်မှာ အစိုးရအနေနဲ့ နည်းဥပဒေ ၂၀ မှာ နိုင်ငံခြားမတည်ငွေရင်းအချိုးကို ၈၀ ရာခိုင်နှုန်းအထိ ခွင့်ပြုဖို့ ရေးဆွဲခဲ့ပါတယ်။ အဆိုပါအချက်ကို အချို့သော လွှတ်တော်ကိုယ်စားလှယ်တွေက သဘောမတူတဲ့အတွက် မဲခွဲဆုံးဖြတ်တဲ့အဆင့်ကို ရောက်ခဲ့ပြီး နောက်ဆုံးတော့ အစိုးရက ရေးဆွဲထားတဲ့ ၈၀ ရာခိုင်နှုန်းခွင့်ပြုဖို့ ပြဋ္ဌာန်းချက်က မဲအများစုနဲ့ အတည်ဖြစ်သွားခဲ့ပါတယ်။