လူသားအားလုံးကျန်းမာဖို့၊ သစ်တောများကိုထိန်းသိမ်းစို့
လူသားအားလုံးကျန်းမာဖို့၊ သစ်တောများကိုထိန်းသိမ်းစို့
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန | Mar 21, 2023
အပြည်ပြည်ဆိုင်ရာသစ်တောများနေ့
ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံက ပြည်သူများအကြား သစ်ပင်သစ်တော ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ သစ်တောများ၏ အရေး ပါသည့် အခန်းကဏ္ဍ ကို ပိုမိုနားလည်လာစေရန်၊ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင် လာစေရန် နှင့် သစ်ပင်သစ်တောများကို ပိုမိုချစ်ခင် မြတ်နိုးတတ်စေရန် ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ တွင် ဆုံးဖြတ် ချက်အမှတ် A/C.2/67/L.4 ဖြင့် နှစ်စဉ် မတ်လ (၂၁) ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာသစ်တောများနေ့” (International Day of Forests) အဖြစ် သတ်မှတ်ကြေငြာခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ကို အနှစ်သာရပြည့်ဝစွာဖြင့် ကျင်းပနိုင်ရန် အတွက် ကြွေးကြော်သံဆောင်ပုဒ်များ သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်အတွက် ဆောင်ပုဒ်မှာ "Healthy Forests for Healthy People" "လူသားအားလုံး ကျန်းမာဖို့ သစ်တောများကို ထိန်းသိမ်းစို့" ဖြစ်ပါသည်။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီး တွင် အထိမ်းအမှတ် အခမ်းအနားများကို အနှစ်သာရ ပြည့်ဝစွာ ကျင်းပလျှက်ရှိကြပါ သည်။ လူသားများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ရာတွင်လည်း ကောင်း၊ ကမ္ဘာ့လူသားအားလုံးအတွက် စားဝတ်နေရေး၊ စားရေရိက္ခာဖူလုံရေးနှင့် လူမှုဘဝ သာယာဝပြောရေးတို့အတွက် မရှိမဖြစ်အရေးပါသော သစ်တောများကို ထိန်းသိမ်း ကာကွယ်ရာတွင်လည်းကောင်း၊ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်ရန် သစ်တောများ၏ အရေးပါသော အခန်းကဏ္ဍကို ပိုမိုအလေး ထားသတိပြု လာစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
သစ်တောများနှင့် ပြည်သူလူထုကျန်းမာရေး
သစ်တောများသည် လူသားများ၏ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သော အစားအစာနှင့် ဆေးဝါးများအား ထောက်ပံ့ပေးစွမ်းလျက် ရှိပါသည်။ သစ်တော များသည် ကမ္ဘာတစ်ဝှမ်းရှိ သန်းနှင့်ချီသော လူများအတွက် အရေးကြီးသည့် အစာအာဟာရ အရင်း အမြစ်တစ်ခုလည်းဖြစ်ပြီး သစ်တောများမှ ရရှိသည့် အခြေခံအစားအစာများသည် လူသား များအတွက် အရေးကြီးသော အာဟာရနှင့် ဝင်ငွေအရင်း အမြစ်များ ဖြစ်ကြပါ သည်။ သစ်တောများမှရရှိသော သစ်သီး သစ်ရွက်များ၊ အစေ့အဆံများနှင့် အခွံမာသီးများ၊ သစ်ဥ သစ်ဖုများ၊ မျှစ်၊ မှို၊ ပျားရည်စသော အစားအစာများ၊ ဆေးဖက်ဝင်ပင်များသည် လူသား များအတွက် အာဟာရပြည့်ဝရေး အတွက်များစွာ အထောက်အပံ့ပေးလျက်ရှိပါသည်။ အာဟာရပြည့်ဝသော အသီးအနှံ၊အစားအစာများကို စားသုံးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြုစေပါသည်။
ရှေးနှစ်ပေါင်းများစွာမှစ၍ ယနေ့တိုင် ကမ္ဘာတစ်ဝန်း တွင်ကျယ်စွာ အသုံးပြု နေကြ သည့် တိုင်းရင်းဆေးဝါးများသည် သစ်တောသစ်ပင်များမှ ရရှိကြပါသည်။ “နွယ်မြက် သစ်ပင် ဆေးဖက်ဝင်” ဆိုသကဲ့သို့ ကျန်းမာရေး အတွက် နွယ်ပင်၊ မြက်ပင်အပါအဝင် အပင်အမျိုးမျိုး ကို ဆေးအဖြစ် သုံးစွဲခဲ့ ကြရပါသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ ကမ္ဘာ့လူဦးရေ၏ ၈၀ ရာခိုင်နှုန်းသည် တိုင်းရင်းဆေးကို မှီခိုနေရဆဲဖြစ်ပြီး အများစုမှာ သစ်တောသစ်ပင်များမှ ရရှိကြပါသည်။ ကမ္ဘာတစ်ဝန်းတွင် ဆေးဖက်ဆိုင်ရာ ရည်ရွယ်ချက် များအတွက် အပင်မျိုးစိတ်ပေါင်း ၅၀,၀၀၀ ခန့်အထိ အသုံးချနိုင်ခဲ့ကြောင်း သိရပါသည်။ အထူးသဖြင့် အပူပိုင်း သစ်တောများသည် လူသားများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အနေဖြင့် နှစ်စဉ် အမေရိ ကန်ဒေါ်လာ ၁၀၈ သန်းနဲ့ ညီမျှတဲ့ ဆေးဖက်ဝင် အပင် များကို ထောက်ပံ့ လျက်ရှိ ပါတယ်။ ယနေ့ နောက်ဆုံးပေါ် ဆေးဝါးများ၏ ၂၅ ရာခိုင်နှုန်း ကျော်သည် အပူပိုင်း သစ်တောများမှ ရရှိကြပါသည်။ ကမ္ဘာတစ်ဝန်းတွင် လူဦးရေ ၁ ဘီလီယံကျော် သည် ဆေးဖက် ဝင်အပင်များကို ကလေးငယ်များ ဝမ်းလျှောခြင်း ရောဂါကို ကုသရန် အိမ်သုံးဆေးကုထုံးအဖြစ် အသုံးပြုလျက် ရှိကြပါတယ်။ ထို့ပြင် တရုတ်နိုင်ငံ တွင်လည်း သဘာဝ အပင်မျိုးစိတ် ပေါင်း ၂၆,၀၀၀ ကျော်ထဲမှ ၅,၀၀၀ နီးပါးကို ရိုးရာ ဆေးဝါးများအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရှိရပါသည်။ ထို့အတူ မြန်မာနိုင်ငံတွင်လည်း သဘာဝအပင် မျိုးစိတ် ၅၀၀ နီးပါး၏ ဆေးဖက်ဝင်မှုကို သိပ္ပံနည်းကျ လေ့လာမှတ်တမ်းတင်ထားရှိပြီး ဖြစ်ကာ အများစုကို အသုံးပြုလျက်ရှိကြောင်း သိရပါသည်။
ယခုအခါတွင် သစ်တောပြုန်းတီးခြင်း၊ မြေယာအသုံးပြုမှုပြောင်း လဲခြင်း၊ သစ်တော နယ်မြေများအတွင်းသို့ လူသားများ အခြေချ ဝင်ရောက်နေထိုင်ခြင်းနှင့် တရားမဝင် တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားခြင်း၊ လူနှင့်တိရစ္ဆာန်ထိတွေ့မှုများလာခြင်း စသည့် အကြောင်း အရင်းများကြောင့် Zoonotic Diseases ဟုခေါ်သော တောရိုင်း တိရစ္ဆာန်များနှင့် အိမ်မွေးတိရစ္ဆာန်များမှတစ်ဆင့် ရောဂါပိုးမွှားများပျံ့ပွားရန် အလားအလာ များတိုးမြင့်လာခဲ့ပါသည်။ လူသားများ၏ကျန်းမာရေးကို ထိခိုက်နိုင်သော အခြေအနေများကို ရင်ဆိုင်ရလျက်ရှိပါသည်။
ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ ဂေဟစနစ်များ ပျက်စီးခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း တို့ကြောင့် ကျန်းမာရေး ဆိုင်ရာပြဿနာများ ဖြစ်ပေါ်စေနိုင်ပါသည်။ အဆိုပါပြဿနာများသည် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ် ကွေး၊ HIV ၊ အီဘိုလာဗိုင်းရပ်စ် နှင့် ကိုဗစ်-၁၉ ကဲ့သို့သော ကူးစက် ရောဂါ များနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ဆက်စပ်လျက်ရှိပြီး ကျန်းမာရေးနှင့် လူမှုစီးပွားဆိုးကျိုး အန္တရာယ်များကို ဖြစ်ပေါ် စေပါသည်။ သစ်တောပြုန်းတီးခြင်း (Deforestation) နှင့် သစ်တောများ အပိုင်းပိုင်း ပြတ်တောက်ခြင်း (Forest Fragmentation) များကြောင့် တောရိုင်း တိရစ္ဆာန် များ၏ နေရင်းဒေသများ ဆုံးရှုံးပျောက်ကွယ်ပြီး လူများအခြေချနေထိုင်ရာ မြို့ရွာများနှင့် နီးကပ်စွာ လာရောက်နေ ထိုင်ခြင်း၊ လူသားနှင့်တောရိုင်းတိရစ္ဆာန်ပဋိပက္ခများ မြင့် တက်လာခြင်းတို့ ဖြစ်ပေါ်လာနိုင်ပြီး ရောဂါကူးစက်နိုင်မှု အန္တရာယ်မှာ လည်း မြင့်တက်လာ စေ မည်ဖြစ်ပါ သည်။ လူသားများအကြား ကူးစက်တတ်သောရောဂါ အားလုံး၏ ၇၀ ရာခိုင်နှုန်း သည် တောရိုင်းတိရစ္ဆာန်များမှတစ်ဆင့် ကူးစက်လာခြင်းဖြစ်သဖြင့် လူသားများကျန်းမာရေး အတွက် တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများဖြစ်သော သဘာဝသစ်တောများပျက် စီးဆုံးရှုံးမှု မရှိစေရန် ထိန်းသိမ်းကြရမည် ဖြစ်ပါသည်။
အဆိုပါ ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုအနေဖြင့် သစ်တော ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကျန်းမာရေးချဉ်းကပ်မှုနည်းလမ်းတစ်ခု (One Health Approach) အဖြစ် ထည့်သွင်းစဉ်းစားပြီး ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက် ကြရမည် ဖြစ်ပါသည်။ သစ်တောများနှင့် တောရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေးကဏ္ဍတွင် One Health Approach လုပ်ဆောင်ချက်များသည် ရောဂါအန္တရာယ် စီမံခန့်ခွဲမှုများအတွက် အလွန် ထိရောက်နိုင်သည့်အတွက် သစ်တောများနှင့် ဂေဟစနစ် ထိန်းသိမ်း ရေးလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ထို့ကြောင့် ယခုအခါ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သစ်တောကို အခြေခံသော ရောဂါကုထုံးများ (Forest Therapy သို့မဟုတ် Forest Bathing) အဖြစ် ရောဂါများကို ကုသလျက်ရှိပါသည်။
သစ်တောများမှ စားရေရိက္ခာနှင့် ဆေးဝါးများ ပံ့ပိုးပေးသည့်အခန်းကဏ္ဍ အပြင် လူသားများ၏ စားဝတ်နေရေးကို မြှင့်တင်ပေးသည့် အခြားသော ဝန်ဆောင် မှုများကိုလည်း ပေးစွမ်းလျက်ရှိပါသည်။ ဥပမာအားဖြင့်၊ သစ်တောများသည် နေအိမ်အဆောက်အဉီး ဆောက်လုပ်ရေး၊ ဇီဝလောင်စာရရှိရေး၊ သစ်နှင့်အခြား သစ်တောထွက်ပစ္စည်းများ ထုတ်ယူ သုံးစွဲနိုင်ရေးတို့အတွက် အထူးအရေးပါပါသည်။ သစ်တောများသည် စိုက်ပျိုး သီးနှံများ ကောင်းမွန်စွာ ထွက်ရှိနိုင်ရေး အတွက် မရှိမဖြစ် လိုအပ်သော ဝတ်မှုန်ကူး ခြင်းကဲ့သို့သော ဂေဟစနစ် ဝန်ဆောင်မှု များကို လည်း ဆောင်ရွက်ပေးလျက် ရှိပါသည်။ ထို့အပြင် သစ်တောများဟာ လူသားများ၏ ကျန်းမာရေးကို မြှင့်တင်ပေးသည့် ယဉ်ကျေးမှုနှင့် အပန်းဖြေမှုဆိုင်ရာ အကျိုးကျေးဇူးများကို ပံ့ပိုးပေးလျက်ရှိပါသည်။ ထို့ကြောင့် သစ်တော သယံဇာတများမှ ရရှိသည့် အစားအစာနှင့် ဆေးဝါးများသည် ပြည်သူလူထုအား အကျိုးပြု သည့် အထောက်အပံ့များ ဖြစ်သောကြောင့် အထူးအလေးထား ထိန်းသိမ်းကြရန် လိုအပ်ပါ သည်။
သန့်ရှင်းသော သောက်သုံးရေ ရရှိရေး
သစ်တောများမှ ပံ့ပိုးပေးသည့် ဝန်ဆောင်မှုများအနက် အလွန်အရေးကြီးသည့် ဝန်ဆောင်မှုတစ်ခုမှာ သန့်ရှင်းသော သောက်သုံးရေ ရရှိစေခြင်းဖြစ်ပါသည်။ သစ်တော သစ်ပင်များသည် မြေဆီလွှာနှင့် သဘာဝသစ်တောများမှတစ်ဆင့် စီးဆင်းသွားသည့် ရေ တွင် ပါဝင်သည့် ညစ်ညမ်းမှုများကို ဖယ်ရှားပေးသည့် သဘာဝ ရေစစ်များ (Natural Filter) ဖြစ်ပါသည်။ ထို့အပြင် မြေကြီးထဲသို့ တဖြည်းဖြည်း စိမ့်ဝင်လာသည့့် မိုးရေများကို စုဆောင်း သိမ်းဆည်းကာ မြေပေါ်မြေအောက် ရေအရင်းအမြစ်များကို ပြန်လည်အား ဖြည့်ပေးခြင်းဖြင့် လူသားများအတွက် အထောက်အပံ့ပြုလျက်ရှိပါသည်။
သစ်တောများ ဖုံးလွှမ်း လျက်ရှိသော ရေဝေရေလဲဒေသများ (Watershed Areas) နှင့် ရေတိမ်ဒေသများ (Wetlands) သည် ရေအရင်းအမြစ်များ ထိန်းသိမ်းပေးလျက်ရှိပြီး ကမ္ဘာ့ရေချိုပမာဏ၏ ၇၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးလျက် ရှိပါသည်။ ကမ္ဘာ့အကြီးဆုံး မြို့တော်ကြီးများ၏ သုံးပုံတစ် ပုံသည် ၎င်းတို့အတွက် လိုအပ်သည့် သောက်သုံးရေ ရာခိုင် နှုန်းအများစုကို သစ်တောများဖုံးလွှမ်းနေသော သဘာဝထိန်းသိမ်းရေးနယ်မြေများမှ ရရှိပါ သည်။ ထို့ကြောင့် ရေဝေရေလဲဒေသ သစ်တောများသည် မြေပေါ်၊ မြေအောက် ရေသယံ ဇာတ များထိန်းသိမ်း ရေး၊ လူသားများ၏ ကျန်းမာရေးနှင့် ရှင်သန်ရပ်တည်ရေးအတွက် မရှိ မဖြစ်လို အပ်သော ရေချိုအရင်းအမြစ်များဖြစ်သည့် မြစ်၊ချောင်း၊ အင်းအိုင်များ၊ ဆည်တမံ များ၊ ရေတိမ်ဒေသများ ရေရှည်တည်တံ့ရေးအတွက် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
လေကောင်းလေသန့် ရရှိရေး
သစ်ပင်သစ်တောများသည် အစာချက်လုပ်မှုလုပ်ငန်းစဉ် (Photosynthesis) မှ တစ်ဆင့် သက်ရှိများအတွက်လိုအပ်သော အောက်ဆီဂျင်ကို ထုတ်ပေးပြီး လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များကို စုတ်ယူသိုလှောင်ပေးသည့်အတွက် လူသားများ အပါအဝင် သက်ရှိအားလုံး ရှင်သန်ရေးအတွက် မရှိမဖြစ် အလွန်အရေးပါပါသည်။ သစ်တော များသည် သက်ရှိများ နေ့စဉ်ရှူရှိုက်နေသော လေကိုသန့်စင်ရာတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ လေထုအတွင်းရှိ အန္တရာယ် ဖြစ်စေသည့် ညစ်ညမ်းမှု များ၊ အလွန်သေးငယ်သည့် အမှုန်အမွှားများကို မြို့ပြသစ်တော၊ သစ်ပင်များက ဖယ်ရှား ပေးခြင်းဖြင့် လူသားများ၏ ကျန်းမာရေးကို အထောက်အကူပြု လျက်ရှိပါသည်။
လေထုညစ်ညမ်းခြင်းကြောင့် လူ့ကျန်းမာရေးကို ထိခိုက်စေပြီး အသက်ရှူ လမ်း ကြောင်းနှင့် နှလုံးသွေးကြောဆိုင်ရာပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။ လေထုညစ် ညမ်းမှုကြောင့် တစ်ကမ္ဘာလုံးတွင် နှစ်စဉ် လူပေါင်း ၄.၂ သန်းခန့် အသက်ဆုံးရှုံးရသည့် အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစီရင် ခံစာအရ သိရှိရပါသည်။ လူသားများ အသက်ရှင်သန်ရေးနှင့် ကျန်းမာရေးကောင်းမွန်စေရန်အတွက် အချိန်တိုင်း ရှူရှိုက်နေရသော လေ၏အရည်အသွေးကောင်းမွန်စေဖို့ သစ်တောများ၏ အရေးကြီးသော အခန်းကဏ္ဍကို အသိအမှတ်ပြုကြရမည် ဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲမှုလျှော့ချရေး
အပူချိန်အလွန်အမင်းမြင့်မားခြင်း၊ အလွန်အမင်း နိမ့်ကျခြင်း၊ မိုးရေချိန် အလွန် အမင်းများပြားခြင်း၊ မိုးခေါင်ခြင်း အစရှိသော ရာသီဥတုပြောင်းလဲမှုများကြောင့် လူသား များ၏ ကျန်းမာရေးအတွက် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေပါသည်။ သစ်တောများသည် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများအပါအဝင် နောက် ဆက်တွဲ သက်ရောက်မှုများ လျော့ပါးသက်သာစေရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါသည်။ သစ်တော သစ်ပင်များသည် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ် စေသော လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို ဖယ်ရှားပေးခြင်း၊ သစ်သား၊ သစ်ရွက်များနှင့် အမြစ်များတွင် ကာဗွန်ကိုသိုလှောင်ပေးခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေးလျက်ရှိပါသည်။ ထို့ကြောင့် သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်း အစား ကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်း (Reducing Emissions from Deforestation and Forest Degradation-REDD+) ကဲ့သို့ သစ်တောထိန်းသိမ်းရေး လုပ်ငန်း များကို ကမ္ဘာနှင့်တစ်ဝန်း သစ်တောကြွယ်ဝသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အရှိန်အဟုန်မြှင့် တင် ဆောင်ရွက်လာကြပါသည်။
သစ်တောသယံဇာတများထိန်းသိမ်းရေး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဉီးစီးဌာန အနေဖြင့်လည်း သစ်တောပြုန်းတီးမှုလျှော့ချရေးနှင့် သစ်တောများ ထာဝစဉ်တည်တံ့စေရေး တို့အတွက် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့်−
-၂၀၂၁-၂၂ နဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တို့တွင် သစ်ထုတ်လုပ်မှု လုံးဝရပ်ဆိုင်းခဲ့ပြီး သစ်တောကဏ္ဍဖွံ့ဖြိုးရေးအတွက် ပြန်လည်ဆန်းစစ်ခြင်းနှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း၊
-၂၀၁၆−၁၇ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ပဲခူးရိုးမဒေသတွင် သစ်ထုတ်လုပ်မှု (၁၀)နှစ် ရပ်ဆိုင်းခြင်းနှင့် သစ်တောများ အရှိန်အဟုန်ဖြင့် စိုက်ပျိုးထိန်းသိမ်းပြုစုခြင်း၊
-ထာဝစဉ်တည်တံ့သောသစ်တောစီမံအုပ်ချုပ်မှုစနစ်ဖြစ်သည့် မြန်မာ့ရွေးချယ်စနစ် (Myanmar Selection System-MSS) ကို ကျင့်သုံးပြီး ကျွန်းနှင့်သစ်မာများ ထုတ်လုပ်ရာတွင် နှစ်စဉ်တောထွက် (Annual Allowable Cut-AAC) ပမာဏထက် လျော့နည်းပြီး ထုတ်ယူခဲ့ခြင်း၊
-မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း (၂၀၁၇−၁၈ မှ ၂၀၂၆−၂၇) ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အကောင်အထည်ဖော် ခြင်း၊
-တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင် ခြင်း လုပ်ငန်း အစီအစဉ် (၂၀၁၉-၂၀၂၀ မှ ၂၀၂၈-၂၀၂၉ အထိ) အကောင်အထည်ဖော်ခြင်း၊
-အမြဲတမ်းသစ်တောနယ်မြေများကို နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝ ထိန်းသိမ်းရေးနယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းထိ တိုးချဲ့ဖွဲ့စည်းနိုင်ရန် စနစ်တကျ အစီအစဉ်ရေးဆွဲ ဆောင်ရွက်လျက်ရှိခြင်း၊
-ပြည်သူ ဗဟိုပြုသစ်တောလုပ်ငန်းတစ်ခုဖြစ်သော ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း (Community Forestry-CF) ကို နှစ် (၃၀) အမျိုးသား သစ်တော ကဏ္ဍ ပင်မစီမံကိန်းလျာထားချက်နှင့်အညီ ဧရိယာဧက ၂.၂၇ သန်း တည်ထောင်နိုင် ရေး စနစ်တကျ တည်ထောင် ဆောင်ရွက်လျက်ရှိခြင်း၊
-သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာဗွန် ထုတ်လွှတ်မှုလျှော့ချခြင်းလုပ်ငန်း (REDD+) ကို နိုင်ငံအဆင့် အစီအစဉ်များ အကောင် အထည်ဖော်လျက်ရှိခြင်း အစရှိသော လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပါသည်။
လူသားအားလုံးကျန်းမာဖို့၊ သစ်တောများကိုထိန်းသိမ်းစို့
သစ်တောများက အထောက်အပံ့ပြုသော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများသည် သက်ရှိလောကအတွက် မရှိမဖြစ် လိုအပ်ပြီး ငွေကြေးအားဖြင့် တန်ဖိုးဖြတ်၍ မရနိုင်အောင် အဖိုးတန်လှပါသည်။ နွယ်ပင်၊ မြက်ပင်မှ အစပြုပြီး အပင်မှန်သမျှ တန်ဖိုး အသီးသီး ရှိကြ သဖြင့် အဆိုပါ တန်ဖိုးများကို သိရှိနားလည်ပြီး တန်ဖိုးထားထိန်းသိမ်းရန်လိုအပ်ပါသည်။ “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” အတွက် အထောက်အကူပြုနိုင်ရန် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းရေး၊ သစ်တောများပြန်လည် တည်ထောင်ရေးနှင့်ဂေဟစနစ်တည်ငြိမ်ရေးတို့ကို အလေးပေးဆောင်ရွက် ကြရ မည်ဖြစ်ပါ သည်။ နိုင်ငံနှင့်အဝှမ်း သစ်တောများဖုံးလွှမ်းလျှက် စိမ်းလန်းစိုပြေသာယာမှ သာလျှင် ရာသီဥ တုမျှတကောင်းမွန်ကာ စားရေရိက္ခာအထွက်တိုးပြီး တိုင်းပြည်သာယာဝပြောလျက် ပြည်သူ လူထု အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြမည် ဖြစ်ပါသည်။
သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ အောင်မြင်စေရန်အတွက် သက်ဆိုင်ရာ အစိုးရ ဌာနများသာမက ပြည်သူများအားလုံး ဝိုင်းဝန်း ပူးပေါင်းပါဝင်မှသာ အပြည့်အဝ အောင်မြင် မှုရနိုင်မည်ဖြစ်ပါသည်။ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေး နယ်မြေများမှ သစ်တောသစ်ပင်များသာ အရေးကြီးသည်မဟုတ်ပဲ သစ်တောနယ်မြေပြင်ပမှ သစ်ပင်များ၏ အခန်းကဏ္ဍကိုလည်း အထူးအလေးထားထိန်းသိမ်းကြရမည်ဖြစ်ပါသည်။ ကျေးလက်ပြည်သူများအနေဖြင့် မိမိလယ်ယာခြံမြေ၊ ကျေးရွာများတွင် ရနိုင်သမျှသော မြေနေရာ ပေါ်တွင် ဘက်စုံသုံးသစ်ပင်များ စိုက်ပျိုးခြင်း၊ မိမိ အိမ်ထောင်စုနှင့် မိမိကျေးရွာ လိုအပ်ချက် အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်သုံးစွဲခြင်း၊ သစ်၊ ထင်း၊ ဝါး လိုအပ်ချက်ဖြည့်ဆည်းနိုင်ရေးအတွက် တစ်အုပ်တစ်မ စိုက်ခင်းတည်ထောင်ခြင်း၊ သဘာဝ တောကျန် များထိန်းသိမ်းခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း (Agroforestry)၊ မြို့ပြနေပြည်သူများအနေဖြင့် မျက်စိပသာဒဖြစ်စေရန်နှင့် အရိပ်ရ အေးမြစေရေးအတွက် သစ်ပင်ပန်းပင်များ စိုက်ပျိုးခြင်း၊ သစ်မျိုးစုံဥယျာဉ်၊ ရုက္ခဗေဒဥယျာဉ် တည်ထောင်ခြင်း၊ အစိမ်းရောင်နယ်မြေများ (Green Zone) သတ်မှတ်၍ အရိပ်ရအပင်များ၊ မြို့ပြ တောအုပ် ငယ်များ စိုက်ပျိုးထိန်းသိမ်းခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သစ်တော ထိန်းသိမ်းရေး လုပ်ငန်းများကို အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။
“တစ်သက်တာ စိတ်ချမ်းသာလိုလျှင် သစ်ပင်စိုက်ပါ” ဆိုသည့်စကားနှင့်အညီ စိတ်ချမ်းသာကိုယ်ကျန်းမာစေရေးအတွက် လူတိုင်းလူတိုင်း သစ်ပင်စိုက်ရန်လိုအပ်ပါသည်။ “ယခုအချိန်သည် သစ်ပင်စိုက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်” ဆိုသည့် ဆိုရိုးနှင့်အညီ ကျွန်ုပ်တို့အတွက်၊ ကျွန်ုပ်တို့၏ အနာဂတ်မျိုးဆက်သစ်များအတွက်၊ ကျွန်ုပ်တို့၏ ကမ္ဘာ မြေကြီးအတွက် ကျွန်ုပ်တို့အားလုံးသစ်ပင်စိုက်ကြရပါမည်။ ရာသီဥတုကောင်းမွန်သာယာ မျှတစေရန်၊ စားရေရိက္ခာဖူလုံစေရန်၊ သစ်ထင်းဝါးလောင်စာစွမ်းအင် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်၊ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ တိုးပွားစေရန် ကျွန်ုပ်တို့အားလုံး သစ်ပင်စိုက်ပျိုးကြရပါမည်။ သစ်တောများထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရပါမည်။ တစ်ပင်စိုက်လျှင် တစ်ပင်ရှင်သန်အောင် ပြုစုထိန်းသိမ်းကြရပါမည်။ "Healthy Forests for Healthy People" “လူသားအားလုံးကျန်းမာဖို့၊ သစ်တောများကိုထိန်းသိမ်းစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ လူသားများကျန်းမာရေးအတွက် အကျိုးပြုလျက်ရှိသော သစ်တောသယံ ဇာတများရေရှည်တည်တံ့စေရန်ထိန်းသိမ်း ကြပါစို့ဟု တိုက်တွန်းရင်း ၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ကို ဂုဏ်ပြုရေးသားလိုက် ပါသည်။
(သစ်တောမောင်)