ကျုံပျော်မြို့နယ်၊ အင်းရဲကျွန်းကျေးရွာအုပ်စု၊ အင်းရဲကျွန်းသမိုင်းအကျဉ်း

Ayeyarwaddy Region Government | Dec 11, 2018

ကျုံပျော်မြို့နယ်၊ အင်းရဲကျွန်းကျေးရွာအုပ်စု၊ အင်းရဲကျွန်းကျေးရွာတွင် လွန်ခဲ့သော နှစ်ပေါင်း(၁၅၀)ခန့်က ဖူကျော်လှ၊ ဖီသဲမှုံ မိသားစုသည် ကညင်ဆိုင်ကျေးရွာမှ အင်းရဲကျွန်းသို့ စတင်ပြောင်းရွှေ့အခြေချ နေထိုင်ကြပါသည်။ ကျွန်းသည် မြစ်ကျိုးအင်းဖြစ်ပြီး သားငါးများ ပေါများ၍ လူဦးရေအနည်းငယ်သာရှိပါသည်။ ထိုစဉ်က ကျွန်းပေါ်တွင် ဖျံများ၊ တောဝက်များ နေထိုင်သည်ဟု ကျွန်းပေါ်တွင်ရှိသော သက်ကြီးစကားသက်ငယ်ကြား မှတ်သားခဲ့ရပါသည်။ အင်းရဲကျွန်းသည် မြန်မာပြည်တွင် နောက်ဆုံးကျန်ရှိသော တစ်ခုတည်းသော မြစ်ကျိုးအင်းဖြစ်ပါသည်။ ရှေးယခင်က ရေကြည်လင်မှုမှာ ရေအောက်ရှိငါးများကို ကောင်းမွန်စွာ မြင်တွေ့ရသည်ဟု ကြားသိခဲ့ရပါသည်။ ငါး၊ ပုဇွန်ပေါများပြီး မြန်မာနိုင်ငံတွင် ထင်ရှားသော အင်းတစ်အင်းဖြစ်ပါသည်။ ပုဇွန်၊ အင်းရဲမျှင်၊ ငါးကြင်း၊ ငါးသိုင်းတို့မှာ အဓိက ရေထွက်ကုန်ဖြစ်ပါသည်။ အင်းရဲကြီးအင်းသည် အင်းရဲကျွန်းရွာ၏ ထင်ရှားသော အမှတ်အသားအဖြစ် မြန်မာပြည်တစ်လွှား နာမည်ကြီးပြီး အင်းလုပ်ငန်းဖြင့် နိုင်ငံတော် ဘဏ္ဍာ ရယူပေးလျက်ရှိပါသည်။ အင်းရဲမျှင်သည် မြန်မာပြည်တစ်လွှား ကျော်ကြားလျက် ရှိပါသည်။ အင်းရဲကျွန်းကျေးရွာအုပ်စုသည် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်း တည်ရှိပြီး ကျုံပျော်မြို့၏တောင်ဘက် (၃)မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ကျွန်းအတွင်းပိုင်း ပတ်လည်သည် (၇)မိုင်ခန့်ရှိပြီး အပြင်ဘက်ကမ်းမှဆိုလျှင် (၉)မိုင်ပတ်လည်ရှိပါသည်။ တစ်ကျွန်းလုံး ဧရိယာမှာ (၁၂၅၁.၀၀)ဧက ကျယ်ဝန်းပါသည်။ ကျွန်းပေါ်တွင်နေထိုင်သူ များသည် လယ်၊ ဥယာဉ်ခြံလုပ်ငန်း၊ အင်းလုပ်သားများအဖြစ် လုပ်ကိုင်စားသောက်ကြပါ သည်။ ကလော၊ ငှက်ပျော၊ အုန်း၊ ကျွဲကော စသည့် စားသုံးသီးပင်များကိုလည်း စိုက်ပျိုး လုပ်ကိုင်ကြပါသည်။ အင်းရဲကျွန်းအုပ်စု၏ အုပ်ချုပ်ရေးတွင် ဖူသာလင်းသည် အထူးသူကြီးအဖြစ် အုပ်ချုပ် ခဲ့သည်။ ကရင်သူကြီးများရှိခဲ့သလို ဗမာသူကြီးများလည်း ကျေးရွာကို အုပ်ချုပ်ခဲ့သည်။ ကရင်အမျိုးသားအများစုနေထိုင်ပြီး ခရစ်ယာန်ဘာသာကို ကိုးကွယ်ယုံကြည်ကြပါသည်။ ဗမာအမျိုးသားဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သူများနှင့်လည်း အေးအတူပူအမျှ နေထိုင် ကြပါသည်။ အင်္ဂလိပ်အစိုးရလက်ထက်တွင်လည်းကောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် လည်းကောင်း အင်းရဲကျေးရွာသားများ တပ်မတော်တွင် အများအပြား အမှုထမ်းခဲ့ကြပါသည်။ လွတ်လပ်ရေးရပြီးချိန် နိုင်ငံတော်၏ ပထမဦးဆုံး စစ်ဦးစီးချုပ်သည် အင်းရဲကျွန်းကျေးရွာမှ ဗိုလ်ချုပ်စမစ်ဒွန်းဖြစ်ကြောင်း ဖော်ပြမှတ်တမ်းတင်အပ်ပါသည်။ ပညာရေးအနေဖြင့် ခေတ်အဆက်ဆက် မူလတန်းမှ မူလွန်၊ မူလွန်မှ အ.လ.က(တွဲ) ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း၊ အ.လ.က ကျောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အထက်တန်းကျောင်း(ခွဲ)အဖြစ် တိုးမြှင့်ဖွင့်လှစ်သင်ကြားနိုင်ခွင့်ရရှိခဲ့ပါသည်။ စုစုပေါင်း ကျောင်းသား(၆၀၀)ဦးခန့် ပညာသင်ကြားလျက်ရှိပါသည်။ ဤကျောင်းမှ ထူးချွန်သော ကျောင်းသားများက ကျောင်း၏ဂုဏ်ကို ဆောင်နိုင်ခဲ့ပါသည်။ အင်းရဲကျွန်းအုပ်စုတွင် မြေဧရိယာစုစုပေါင်းမှာ (၁၂၅၁.၀၀)ဧကဖြစ်ပြီး လယ်မြေ (၂၈၉)ဧက၊ ဥယျဉ်မြေ (၄၃၉)ဧက၊ လမ်းမြေ(၄)ဧက၊ အင်းအိုင်မေ(၄၇၃)ဧက၊ ရေအောက် မြစ်ချောင်းမြေ (၁၆)ဧက၊ ရွာမြေ (၅၈)ဧက၊ သာသနာမြေ (၆)ဧက၊ အခြားမြေ (၁)ဧက ဖြစ်ပါသည်။ အင်းရဲကျွန်းကျေးရွာအုပ်စုတွင် ကျေးရွာခွဲ (၆)ရွာရှိပြီး ရွာခွဲများ၏ အမည် များမှာ ကျွန်းအင်း၊ အိုင်ဒေါင့်၊ အုန်းတောစု၊ သင်္ဃချောင်း၊ စာဖြူစု၊ ကျွန်းဦးတို့ဖြစ်ပါသည်။ အိမ်ခြေစုစုပေါင်း (၆၁၆)ခန့်ရှိပြီး ကျား(၁၄၅၀)ဦး၊ မ (၁၅၆၃)ဦး၊ လူဦးရေစုစုပေါင်း(၃၀၁၃)ဦး မှီတင်းနေထိုင်လျက်ရှိပါသည်။ အင်းရဲကျွန်းကျေးရွာရှိ အင်းရဲမျှင်ပြုလုပ်ပုံနည်းစနစ်အဆင့်ဆင့်မှာ မျှင်ထိုးလများ ဖြစ်သော ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလများတွင် အင်းရဲကြီးအင်းထဲမှ ရင်တွန်းဖြင့်ထိုးပြီး ရရှိလာသော ငါးမှုန်များကို တစ်ပိဿာလျှင် ဆားငါးကျပ်သားထည့် ပြီး နေလှန်းပါသည်။ နေ(၃)ရက်ခန့်လှန်း၍ နှဲပြီးသောအခါ အင်းရဲမျှင်အဖြစ်ရရှိပါသည်။ ၎င်းအင်းရဲမျှင်ကို အိုးသိပ်ထားပြီး စားသုံးသူများထံသို့ တိုက်ရိုက်ဖြန့်ဖြူးရောင်းချလျှက် ရှိပါသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ထင်ရှားကျော်ကြားလူသိများသော မျှင်ငပိ များအနက် အင်းရဲမျှင်သည် အရသာကောင်းမွန်သော မြန့်မာ့ရိုးရာစားသောက်ကုန် တစ်မျိုးဖြစ်ပြီး အင်းရဲမျှင်၏ ဒေသပေါက်စျေးမှာ တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်ရှိပြီး၊ တစ်နှစ်လျှင်ပိဿာချိန်(၁၀၀၀)ပိဿာခန့် ထွက်ရှိပါသည်။ အင်းရဲကျွန်းသည် မြစ်ကျိုးအင်းတစ်ဖြစ်သဖြင့် ကမ်းခြေတွင် နွေရာသီ၌ သဲသောင် မြေဧကများစွာ ပေါ်ထွက်လာတတ်ပြီး အနားယူစရာ သစ်ရိပ်၊ ဝါးရိပ်များရှိပါသည်။ ဒေသထွက်ထန်းရည်၊ အုန်းရည်၊ အုန်းထန်းလျှက်၊ ဇီးထန်းလျှက်၊ သား၊ ငါး၊ ပုဇွန်များ ထွက်ရှိကြောင်း အင်းရဲကျွန်းကျေးရွာအုပ်စု၊ အင်းရဲကျွန်းအကြောင်း တင်ပြအစီရင်ခံ ပါသည်။


V

viet nam

4 Years Ago

ဗီယက်နမ်မှခရီးသွားနှင့် https://getvietnamvisa.com မှာအွန်လိုင်းဗီယက်နမ်ဗီဇာရ

0 1
Reply
H

healthcare

6 Months Ago - Edited
0 0
Reply
H

healthcare

3 Months Ago - Edited
0 0
Reply