e-Governmentနှင့်ဆိုက်ဘာလုံခြုံရေး

Ministry of Transport and Communications | Jun 18, 2018

e-Government ဆိုသည်မှာ

e-Government (သို့မဟုတ်) Electronic Governmentဆိုသည်မှာ အီလက်ထရွန်နစ် နည်းပညာ သုံး ခေတ်မီဆက်သွယ်ရေးစက်ပစ္စည်းများ၊ ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာကွန်ရက်ဆိုင်ရာ စက်ပစ္စည်း များ၊ အိုင်စီတီနည်းပညာနှင့် အင်တာနက်နည်းပညာများ အစရှိသည်တို့ကိုအသုံးပြုကာ အစိုးရ၏ဝန်ဆောင်မှုများအား ပြည်သူများထံသို့ လျင်မြန်ကောင်းမွန်စွာပံ့ပိုးပေးသော စနစ်တစ်ရပ်ဖြစ်သည်။ အီလက်ထရွန်နစ် နည်းပညာထဲ တွင်မှ အဓိကအားဖြင့် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုခြင်းဖြစ်သည့်အတွက် အချို့က Digital Government ဟူ၍လည်း ခေါ်ဆိုကြသည်။ ၂ဝဝ၆ ခုနှစ် တွင် ကမ္ဘာ့ကုလသမဂ္ဂမှ ထုတ်ပြန်သော အဓိပ္ပာယ်ဖွင့်ဆို ချက်အရ e-Government ဆိုသည်မှာ ''အစိုးရ၏ သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုများအား ပြည်သူများထံသို့ပေးပို့ရာတွင် အင်တာနက်နှင့် World Wide Web (WWW) နည်းပညာကို အသုံးပြု ဆောင်ရွက်ခြင်း''ဟု အဓိပ္ပာယ်ရသည်။

သို့သော် ယနေ့ကမ္ဘာတွင် အိုင်စီတီနှင့် ကွန်ပျူတာ နည်းပညာများ နေ့စဉ်နှင့်အမျှ တိုးတက်ဖွံ့ဖြိုးနေသည် ဖြစ်ရာ လက်တွေ့နယ်ပယ်တွင် e-Governmentလုပ်ငန်း များသည် အထက်ဖော်ပြပါအဓိပ္ပာယ်ဖွင့်ဆိုချက်ထက် ကျယ်ဝန်းသည့်သဘောကို ဆောင်နေပြီဖြစ်သည်။ e-Government လုပ်ငန်းများသည် အစိုးရနှင့် ပြည်သူ များအကြား (G2C – Government to Citizen) ထက် ကျော်လွန်ကာ အစိုးရများအကြား (G2G – Government to Government)၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ အကြား (G2B – Government to Business)၊ အစိုးရ နှင့် ဝန်ထမ်းများအကြား (G2E - Government to Employees)ဟူ၍ ပုံစံမျိုးစုံဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီ ဖြစ်သည်။

အလွယ်ပြောရမည်ဆိုပါက e-Government စနစ်သည် နည်းပညာအားသာချက်ကိုအသုံးပြုကာ အစိုးရ ၏လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်အောင် ဆောင်ရွက်ခြင်းပင် ဖြစ်သည်။ သို့ဖြစ်၍ e-Government စနစ်ကို အောင်မြင်အောင် တည်ဆောက်အသုံးပြုခြင်းဖြင့် အစိုးရ၏ ယန္တရားအရွယ်အစားကို လျှော့ချနိုင်ခြင်း၊ အစိုးရ၏လုပ်ငန်းများကို ကုန်ကျစရိတ် ပိုမိုသက်သာစွာဖြင့် ဆောင်ရွက်နိုင်ခြင်း၊ အစိုးရ၏ တာဝန်ယူ၊ တာဝန်ခံမှု မြင့်မားအောင် ဆောင်ရွက်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိရန် ဆောင်ရွက်နိုင်ခြင်း၊ အဂတိလိုက်စားမှုကို လျှော့ချနိုင်ခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြင့်မားအောင် ဆောင်ရွက်နိုင်ခြင်း၊ ပြည်သူလူထု၏ တုံ့ပြန်မှုကို အလွယ်တကူ စစ်တမ်းကောက်ယူနိုင်ခြင်း၊ အစိုးရ၏ ဆုံးဖြတ်ချက်ချမှတ်မှုလုပ်ငန်းများတွင် ပြည်သူလူထု၏ပါဝင်မှုရယူနိုင်ပြီး ဒီမိုကရေစီဖော်ဆောင်ရေးတွင် အထောက်အကူပြုနိုင်ခြင်း၊ အစိုးရနှင့် အနယ်နယ် အရပ်ရပ်ရှိ ပြည်သူများအကြား အလှမ်းကွာဝေးမှုကို လျှော့ချနိုင်ခြင်း၊ ကြိုးနီစနစ်ကိုလျှော့ချနိုင်ခြင်း စသည်ဖြင့် မြောက်မြားလှသောအကျိုးကျေးဇူးများ ရရှိနိုင်သည်။

e-Government စီမံကိန်း အကောင်အထည် ဖော်နိုင်ခြင်းဖြင့် e-Citizen စနစ်၊ e-Serviceစနစ်၊ e-Administration စနစ်၊e-Managementစနစ်၊ e-Commerceစနစ်၊e-Democracy စနစ်၊e-Societyစနစ်စသည့် အီလက်ထရွန်နစ် ဆက်သွယ်မှုနည်းပညာအခြေခံသောစနစ်များအားလုံးကို ကျွဲကူးရေပါဆိုသကဲ့သို့ တစ်ပြိုင်နက်တည်း အောင်မြင်အောင် ဆောင်ရွက်လာ နိုင်ဖွယ်ရာရှိပါသည်။

မြန်မာနိုင်ငံ၏e-Government ဖော်ဆောင်မှုလုပ်ငန်း

မြန်မာနိုင်ငံတွင် e-Government စီမံကိန်းအား ၂ဝဝ၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက် သည်။ သို့သော် ၂ဝ၁၈ ခုနှစ်တွင် ၁၅ နှစ်တင်းတင်း ရှိလာပြီဖြစ်သည့်တိုင် လက်ရှိအချိန်အထိ ထိရောက် အောင်မြင်စွာ အသုံးပြုနိုင်ခြင်းမရှိသေးသည်ကို စိတ်မကောင်းစွာ လေ့လာတွေ့ရှိရသည်။ ယင်းကာလများ အကြားတွင် ထိုက်သင့်သည့် ငွေကြေးသုံးစွဲမှုများရှိခဲ့သော် လည်း (၁) လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှု အပိုင်းတွင် အားနည်းခြင်းနှင့် (၂) ပြုပြင်ပြောင်းလဲမှုကို မလိုလားသည့် အင်အားစုများရှိခြင်းကြောင့် ယနေ့တိုင် မအောင်မြင်ရခြင်းဖြစ်သည်ဟု အကြမ်းဖျင်းသုံးသပ် နိုင်ပါသည်။

အကောင်အထည်ဖော်ဆောင်မှု အားနည်းသည် ဆိုရာတွင် လုံလောက်သည့်မူဝါဒများ ချမှတ်ဆောင်ရွက်မှု မရှိခြင်း၊ အားကောင်းသည့်အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးမှု မရှိခြင်း၊ ဗဟိုမှ ဦးစီးကြပ်မတ်မှုမရှိခြင်း၊ ကောင်းနိုးရာရာ များကို ဌာနအလိုက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆောင်ရွက် ကြခြင်း၊ တိကျကောင်းမွန်သည့် ''စံ''စနစ်တစ်ခုအပေါ်တွင် အခြေခံတည်ဆောက်မှုမရှိခြင်း၊ Master Plan များ ရေးဆွဲနိုင်သော်လည်း ရေးဆွဲထားသည့်အတိုင်း အကောင် အထည်ဖော်ဆောင်မှုမပြုနိုင်ခြင်း၊ သက်ဆိုင်ရာဌာန အလိုက် ဝန်ထမ်းအကြီးအကဲများ၏အားပေးမှု နည်းပါး ခြင်း၊ နည်းပညာကျွမ်းကျင်မှု အားနည်းခြင်းကို လုံလောက် သည့်ဖြည့်ဆည်းမှုများ မဆောင်ရွက်နိုင်ခြင်း စသည်တို့ ကြောင့်ဖြစ်သည်ဟု လေ့လာမိသည်။

ထို့အတူ ဌာနအသီးသီးတွင် ပြုပြင်ပြောင်းလဲမှုကို မလိုလားသည့် အင်အားစုများ အတန်အသင့်ရှိနေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုအင်အားစုများ၏ ပူးပေါင်းပါဝင်မှု ရရှိအောင် ဆောင်ရွက်ရန်မှာ e-Government အောင်မြင်ရေးအတွက် လွန်စွာအရေးကြီးပါသည်။ထိုအင်အားစုများထဲတွင် အစဉ်တစိုက်အသုံးပြုလာသော ရုံးလုပ်ငန်းဆောင်ရွက်ပုံနည်းလမ်းများကို စွန့်လွှတ်ကာ နည်းပညာအသစ်ကို လေ့လာ၍ ပြုပြင်ပြောင်းလဲ ဆောင်ရွက်လိုမှုမရှိသူများ၊ ကြိုးနီစနစ်တွင် ဆောင်ရွက် ရင်းဖြင့် တစ်ဦးချင်းစီတွင် ရရှိထားသည့် လုပ်ပိုင်ခွင့်နှင့် အခွင့်အာဏာများဆုံးရှုံးကာ တစ်ဦးချင်းစီ၏ အရေးပါမှု လျော့ပါးသွားမည့်အရေးကို မလိုလားသည့်အတွက် မပြောင်းလဲလိုသူများ၊ တစ်ဦးချင်းစီ တာဝန်ယူထားရသည့် လုပ်ငန်းများ၊ သတင်းအချက်အလက်များ၊ မှတ်တမ်းများ၏ ပေါက်ကြားမည့်အရေးကို စိုးရိမ်သူများ စသည်ဖြင့် မတူညီသည့် အုပ်စုငယ်များစွာ တွေ့ရှိရပါသည်။ ၎င်းတို့ အပြင် အဂတိလိုက်စားမှုကို နည်းလမ်းမျိုးစုံဖြင့် ကျင့်သုံး နေကြသူများကလည်း ထိုအခွင့်အရေးများ ဆုံးရှုံးသွားနိုင် မည်ဖြစ်သည့်အတွက် e-Government စနစ်သို့ မပြောင်း လိုကြသူများလည်း ရှိနိုင်ပါသည်။ ထို့ကြောင့် e-Government စနစ်သည် သာမန်အားဖြင့် လွယ်ကူယောင်ထင်ရသည့်တိုင် သိမ်မွေ့ရှုပ်ထွေးသည့် အခြေအနေ များနှင့် ဆက်နွှယ်နေသည့်အတွက် e-Government စနစ် တည်ဆောက်ခြင်းနှင့်အတူ အစိုးရ၏ ဗျူရိုကရေစီ စနစ်ပြုပြင်ပြောင်းလဲရေး၊ ဌာနများ၏ လုပ်ငန်းတာဝန်များ ပြင်ဆင် ပိုင်းခြားသတ်မှတ်ရေးများကို အကန့်အသတ် ဖြင့်ဖြစ်စေ တစ်ပြိုင်တည်း လေ့လာဆန်းစစ်ပြုပြင် ပြောင်းလဲရန် လိုအပ်ပါသည်။

လက်နှိပ်စက်တော်လှန်ရေး

ဥပမာတစ်ခုအနေဖြင့် ဌာနတိုင်းကြုံတွေ့ရသည့် နည်းပညာ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တစ်ခုကို တင်ပြလို သည်။ လက်နှိပ်စက်တော်လှန်ရေးဖြစ်သည်။ ၁၉၉၅ ခုနှစ် တွင် ထုတ်လုပ်ခဲ့သည့် မိုက်ခရိုဆော့ကုမ္ပဏီ၏Windows 95 ကွန်ပျူတာများ ကမ္ဘာတစ်ဝန်း လူသုံးများလာသည့် နောက် ၁၉၉၈ ခုနှစ်ဝန်းကျင်ခန့်မှစတင်ကာ ရုံးဌာနအချို့ တွင် ကွန်ပျူတာများ စတင်မိတ်ဆက်လာကြသည်။ ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းတွင် ဌာနများစွာသို့ ကွန်ပျူတာများ၊ ပရင်တာများ အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး ယခင် အသုံးပြုနေကြသည့် လက်နှိပ်စက်များကို အစားထိုးသည့် ဖြစ်စဉ်ကို ရုံးဌာနတိုင်း ကြုံတွေ့ကြရသည်။ သို့သော် ၂ဝဝ၈ ခုနှစ်ဝန်းကျင်ခန့်အထိ အချို့သော ရုံးဌာနများတွင် လက်နှိပ်စက်များကို သူ့နည်း သူ့ဟန်ဖြင့် အသုံးပြုနေကြဆဲ ဖြစ်သည်ကို တွေ့ရှိရသည်။

အမှန်တကယ်တွင် လက်နှိပ်စက်များနေရာ၌ ကွန်ပျူတာများ အစားထိုးလာခြင်းသည် ယခင်ဆောင်ရွက် နေကြသည့် ရုံးလုပ်ငန်းပုံစံများကို များစွာသက်သာ လွယ်ကူစေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ရုံးများ တွင် ကွန်ပျူတာများ၊ ပရင်တာများ ရှိနေသည့်တိုင် လက်နှိပ်စက်များကို မစွန့်လွှတ်နိုင်သေးဘဲ အသုံးပြုနေ ကြသည်မှာ အလေ့အထဟောင်းကို မစွန့်လွှတ်လိုမှု၊ လျှပ်စစ်မီးအကန့်အသတ်ဖြင့် ရရှိမှု၊ ကွန်ပျူတာ အရေအတွက် အကန့်အသတ်ရှိမှု စသည်တို့ကြောင့်ဟု အကြမ်းဖျင်းသုံးသပ်ရသည်။ လက်နှိပ်စက်တော်လှန် ပြောင်းလဲရေးဖြစ်စဉ်သည် ရုံးဌာနများတွင် အောက်ခြေ အဆင့်ရှိ စာရေးစာချီများကိုသာ အဓိကရိုက်ခတ်သည့် တော်လှန်ပြောင်းလဲမှုဖြစ်စဉ်တစ်ခုဖြစ်ရာ တုံ့ပြန်အင်အားစု များစွာကို မကြုံတွေ့ရဘဲ လွယ်ကူစွာ အသွင်ကူးပြောင်းနိုင်ခဲ့သည့်တိုင် အချိန်ကာလအားဖြင့် ၁ဝ နှစ်ဝန်းကျင်ခန့် အချိန်ယူရသည်ဟု ဆိုရမည်ဖြစ်သည်။ e-Government ပြုပြင်ပြောင်းလဲရေးတွင်မူ နိုင်ငံရေးရာထူး ရယူထားသူ များအပါအဝင် ဝန်ထမ်းအဆင့်အားလုံးအပေါ်တွင် ရိုက်ခတ်သည့် ပြုပြင်ပြောင်းလဲမှုဖြစ်သည့်အတွက် များစွာ သော အကျိုးအမြတ်များ၊ လုပ်ပိုင်ခွင့်များ၊ အခွင့်အာဏာ များနှင့် ဆက်စပ်နေသည့်အတွက် အထက်တွင် ဖော်ပြသည့် အတိုင်း သိပ်မွေ့သည်ဟု ဆိုရခြင်းဖြစ်သည်။ ထို့ကြောင့် လုံလောက်သော အင်အားဖြင့် စနစ်တကျ အကောင် အထည်ဖော်နိုင်မှသာ အချိန်တိုအတွင်း အောင်မြင်၍ e-Government စနစ်၏ အကျိုးကျေးဇူးများကို အမှန် တကယ် ရရှိခံစားနိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါက ပြီးခဲ့သည့် ၁၅ နှစ် ကာလကဲ့သို့ပင် ငွေကုန်လူပန်း အကျိုးမရှိ ဖြစ်သွားနိုင်သည်။

ကမ္ဘာ့အဆင့်သတ်မှတ်ချက်နှင့် မြန်မာ့နေရာ

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် ၂ဝ၁၆ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံ ၁၉၃ ၏ e-Government အကောင်အထည် ဖော် ဆောင်ရွက်မှုအခြေအနေများကို စစ်တမ်းကောက်ယူ အမှတ်ပေးရာ မြန်မာနိုင်ငံသည် ၁၆၉ အဆင့်တွင်သာ ရှိပြီး အရည်အသွေးနိမ့် နိုင်ငံစာရင်းတွင်သာ ရှိနေသေး သည်။ ကမ္ဘာ့အဆင့် နံပါတ် ၁ သည် ဗြိတိန်နိုင်ငံဖြစ်ပြီး သြစတြေးလျ အဆင့် ၂ နှင့် တောင်ကိုရီးယား အဆင့် ၃ ဖြစ်သည်ကို တွေ့ရှိရသည်။ အမေရိကန်နိုင်ငံသည်ပင် အဆင့် ၁၂ တွင်ရှိနေသည်။ သို့သော် အဆင့် ၁ မှ ၂၉ အထိ နိုင်ငံများကိုမူ e-Governmentဖော်ဆောင်မှု လွန်စွာအဆင့်မြင့်မားသောနိုင်ငံများအဖြစ် သတ်မှတ်ထား သည်။ မိမိတို့၏ အိမ်နီးချင်းနိုင်ငံများတွင် စင်ကာပူ အဆင့် ၄၊ တရုတ် အဆင့် ၆၃၊ ဗီယက်နမ် အဆင့် ၈၉၊ အိန္ဒိယ အဆင့် ၁ဝ၇၊ မလေးရှား အဆင့် ၆ဝ၊ ထိုင်း အဆင့် ၇၇၊ အင်ဒိုနီးရှား အဆင့် ၁၁၆ စသည်ဖြင့် တွေ့ရှိရသည်။ သို့ဖြစ် မြန်မာနိုင်ငံသည့် ကမ္ဘာ့အဆင့်ထက် ဒေသတွင်း အဆင့်မှာပင် များစွာနောက်ကျနေသည်ကို တွေ့မြင် နိုင်သည်။

သို့သော် အားသာချက်တစ်ခုမှာ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းဆက်သွယ်မှုများ လွန်စွာဈေးသက်သာသွား သည့်အတွက် အနယ်နယ်အရပ်ရပ်ရှိ ပြည်သူများ အင်တာနက်သုံးနိုင်လာပြီဖြစ်ကာ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုနိုင်မှုကွာဟချက်ကို လျှော့ချလိုက်နိုင်ပြီဖြစ်သည်။ ယင်းကို e-Government အောင်မြင်ရေးအတွက် အခြေအနေကောင်းတစ်ခုအဖြစ် မှတ်ယူနိုင်သည်။ မြန်မာလူငယ်များသည် အိုင်စီတီလုပ်ငန်းများကို လွန်စွာစိတ်ဝင်စားကြသည်မှာလည်း နိုင်ငံအတွက် အားသာချက်တစ်ခု မှတ်ယူနိုင်မည်ဖြစ်သည်။ အဆိုပါ လူငယ်ထုအတွင်းမှ တိမ်မြုပ်နေသည့် ရွက်ပုန်းသီးထူးချွန် လူငယ်များကို ဖော်ထုတ်ကာ ၎င်းတို့၏အားကိုရယူ၍ နိုင်ငံတည်ဆောက်ရေးတွင် အသုံးပြုနိုင်ရန် ကြိုးပမ်းသင့် သည်။ အိန္ဒိယနိုင်ငံတွင် ဆောင်ရွက်နေသည့် ပြင်ပထွက် အရင်းအမြစ်ရှာသည့် လုပ်ငန်းများနည်းတူ မြန်မာ လူငယ်များအတွက်လည်း အလားတူ အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးသင့်သည်။ ထို့အတူ ရုံးဌာနများတွင် ဝယ်ယူတပ်ဆင်ထားသည့် စက်ပစ္စည်းများကို ပြန်လည်ဖော်ထုတ်စိစစ်ကာ စနစ်တကျနှင့် နေရာ တကျ ပြန်လည်အသုံးပြုကာ e-Government တည်ဆောက် မှုတွင် ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်သင့်သည်။

e-Government လုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရတစ်ခုတည်းမရဘဲ ပြည်သူလူထုနှင့် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းပါဝင်မှုကိုလည်း ရယူ ဆောင်ရွက်နိုင်မှသာ နောက်ကျနေသည့် မြန်မာ့ e-Government ကဏ္ဍနှင့် အိုင်စီတီကဏ္ဍတစ်ရပ်လုံးသည် ဖားခုန်စနစ်ဖြင့် ရှေ့သို့ ခုန်ပျံကျော်လွှား တိုးတက်ကာ အခြားသော ကမ္ဘာ့ ထိပ်တန်းနိုင်ငံများနှင့် ယှဉ်နိုင်သည့် အခြေအနေသို့ရောက်ရှိနိုင်မည် ဖြစ်သည်။ မိမိတို့တွင် ရှိသည့် အားသာချက်များကို အမိအရဆုပ်ကိုင်ကာ အားနည်းချက်များကို ဖြည့်ဆည်း၍ စနစ်တကျ အကောင် အထည်ဖော်ဆောင်နိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ e-Government စနစ်သည် ဒေသတွင်းနိုင်ငံများနှင့် ယှဉ်နိုင်သည့်အဆင့်တစ်ခုကို အချိန်တိုအတွင်း ရောက်နိုင် ပေသည်။

ဆိုက်ဘာလုံခြုံရေးဆိုသည်မှာ

e-Government ဖော်ဆောင်သည်နှင့် မဖြစ်မနေ လိုက်ပါဆောင်ရွက်ရမည့် ကြီးမားသောကဏ္ဍတစ်ခုမှာ ဆိုက်ဘာလုံခြုံရေး ဖြစ်သည်။ ဆိုက်ဘာလုံခြုံရေးကို အင်တာနက်အပါအဝင် ကွန်ပျူတာကွန်ရက်များ၏လုံခြုံရေးဟု အကြမ်းဖျင်းနားလည်နိုင်ပါသည်။ ကမ္ဘာတွင် ဆိုက်ဘာလုံခြုံရေးကဏ္ဍကို အမျိုးသားလုံခြုံရေး၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် သတ်မှတ်၍ အလေးထား ဆောင်ရွက်လာကြပြီ ဖြစ်သည်။ ပြည်သူပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကပိုင် ကဏ္ဍနှစ်ရပ်လုံးရှိ စီးပွားရေးလုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ အစရှိ သည်တို့သည် ဆိုက်ဘာ ကမ္ဘာပေါ်တွင် တစ်နေ့တခြား တိုးမြှင့်အခြေပြုတည်ဆောက်နေကြပြီ ဖြစ်သည်။ သို့ဖြစ်၍ ဆိုက်ဘာလုံခြုံရေးသည် သာမန်ကဏ္ဍတစ်ခု မဟုတ် တော့ဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်ဆက်စပ်နေသည့် အမျိုးသားလုံခြုံရေးကဏ္ဍတစ်ရပ်ဖြစ်လာပြီ ဖြစ်သည်။

နည်းပညာဖွံ့ဖြိုးမှုနှင့်အတူ နိုင်ငံများ၏ အမျိုးသား အကျိုးစီးပွားသည် ပြင်ပကမ္ဘာထက် Virtual World ဖြစ်သော ဆိုက်ဘာကမ္ဘာပေါ်သို့ ပြောင်းရွှေ့တည်ရှိလာ နေပြီဖြစ်ရာ ပြိုင်ဘက်နိုင်ငံများ၊ အဖွဲ့အစည်းများ၏ ဦးတည်တိုက်ခိုက်လာမည့်အန္တရာယ်မှ ကောင်းစွာကာကွယ် နိုင်ရန် ပြင်ဆင်ဖို့လိုအပ်လာပါသည်။ အနာဂတ်တွင် နိုင်ငံ များအကြား စစ်ဆင်မှုများသည် သမားရိုးကျရုပ်ကမ္ဘာတွင် စစ်ဆင်မှုများနှင့်အတူ ဆိုက်ဘာကမ္ဘာမှပါ စစ်ဆင်မှုများကို ပေါင်းစပ်ကျင့်သုံး တိုက်ခိုက်လာနိုင်ဖွယ်ရှိကြောင်း ပညာ ရှင်များက သုံးသပ်ထားကြသည်။ သို့ဖြစ်၍ အချို့သော နိုင်ငံများတွင် တပ်မတော်၏ ဖွဲ့စည်းပုံအတိုင်း ဆိုက်ဘာ တပ်ဖွဲ့များကို ဖွဲ့စည်းကာ ခုခံကာကွယ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိနေကြသည်ကို တွေ့ရှိရ သည်။

ကမ္ဘာတွင် မြန်မာ၏ဆိုက်ဘာလုံခြုံရေးအဆင့်

ဖွံ့ဖြိုးပြီး ကမ္ဘာ့ထိပ်တန်းနိုင်ငံများကို အသာထားဦး အိမ်နီးချင်း အာဆီယံနိုင်ငံများကို လေ့လာကြည့်မည် ဆိုလျှင်ပင် မြန်မာနိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးကဏ္ဍသည် များစွာနောက်ကျနေပြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အားသွန်ဆောင်ရွက်ဖို့ လိုအပ်နေပါသေးသည်။ ကုလသမဂ္ဂ အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သော နိုင်ငံတကာသတင်း နှင့် ဆက်သွယ်ရေးသမဂ္ဂ (International Telecommu-nication Union - ITU) က အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၅ နိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို အကဲဖြတ်အမှတ်ပေးကာ ''၂ဝ၁၇ ခုနှစ် ဆိုက်ဘာလုံခြုံရေးညွှန်းကိန်း''ကို ထုတ်ပြန်ခဲ့သည်။ နိုင်ငံ များ၏ ဆိုက်ဘာလုံခြုံရေးညွှန်းကိန်းကို တိုင်းတာရာတွင် မဏ္ဍိုင်ကြီး ငါးရပ်အပေါ် အခြေခံတိုင်းတာသည်ဟုလည်း ဆိုသည်။ ယင်းမဏ္ဍိုင်ကြီး ငါးရပ်မှာ-

(က) ဥပဒေဆိုင်ရာ (Legal)၊

(ခ) နည်းပညာဆိုင်ရာ (Technical)၊

(ဂ) အဖွဲ့အစည်းဆိုင်ရာ (Organizational)၊

(ဃ) လူသားစွမ်းအင်မြှင့်တင်မှုဆိုင်ရာ (Capacity Building)နှင့်

(င) ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ (Cooperation) တို့ဖြစ်သည်။

 

ဥပဒေဆိုင်ရာတိုင်းတာမှုတွင် ဆိုက်ဘာရာဇဝတ်မှု ဆိုင်ရာဥပဒေများ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် ဆိုက်ဘာလုံခြုံရေးလေ့ကျင့်သင်ကြား မှုများနှင့် သက်ဆိုင်သည့်ဥပဒေများ ရေးဆွဲထားခြင်းရှိ၊ မရှိ၊ ခိုင်မာအားကောင်းမှုရှိ၊ မရှိတို့ကို အကဲဖြတ်ခြင်းဖြစ်သည်။ နည်းပညာပိုင်းဆိုင်ရာ အကဲဖြတ်ရာတွင် CIRT (Com-puter Incidents Response Team) အဖွဲ့များနှင့် CERT (Computer Emergency Response Team) များကို နိုင်ငံတော်အဆင့်၊ ဒေသန္တရအဆင့်၊ ဌာနအဖွဲ့အစည်း အဆင့် စသည်ဖြင့် ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေ များ၊ ဆိုက်ဘာအဖွဲ့အစည်းများ ဖွဲ့စည်းရန် စံသတ်မှတ် ချက်များ၊ ဆိုက်ဘာကျွမ်းကျင်ပညာရှင်ဆိုင်ရာ စံနှုန်း သတ်မှတ်ချက်များ၊ ကလေးသူငယ်များကို ဆိုက်ဘာလုံခြုံမှု ရှိရန် ကာကွယ်ဆောင်ရွက်ထားမှုများ စသည်တို့ကို တိုင်းတာအကဲဖြတ်သည်။ အဖွဲ့အစည်းဆိုင်ရာတိုင်းတာ ရာတွင် ဖွဲ့စည်းထားရှိသည့် အဖွဲ့များ၏ မဟာဗျူဟာချမှတ် ဆောင်ရွက်နေမှု၊ ဆိုက်ဘာလုပ်ငန်းအတွက် တာဝန်ရှိသည့် အဖွဲ့အစည်းများ ဖွဲ့စည်းထားရှိမှုနှင့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာရှုထောင့်များဖြင့် တိုင်းတာအမှတ် ပေးသည်။

 

လူသားများ၏ စွမ်းအင်မြှင့်တင်မှုဆိုင်ရာကဏ္ဍတွင် စံသတ်မှတ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှု၊ ကောင်းမွန်သည့် အလေ့အထများ ကျင့်သုံးမှု၊ သုတေသန ဆောင်ရွက်နေမှု အခြေအနေများ၊ အများပြည်သူသို့ ပညာပေးဆောင်ရွက်မှု၊ ဆိုက်ဘာကျွမ်းကျင်ပညာရှင်များ လေ့ကျင့်ပျိုးထောင်နေမှု၊ အမျိုးသားပညာရေးတွင် ထည့်သွင်းပါဝင်မှုနှင့် ကျောင်း သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားပေးမှုအခြေ အနေများ၊ မက်လုံးပေး၊ အားပေးဆောင်ရွက်နေမှုအခြေ အနေများနှင့် အခြားနိုင်ငံများမှ ကူးယူခြင်းမပြုဘဲ မိမိနိုင်ငံ မှာပင် တီထွင်ဖော်ထုတ်နိုင်မှုအခြေအနေများ စသည်တို့ အပေါ်မူတည်ကာ တိုင်းတာအမှတ်ပေးသည်။ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍအား အမှတ်ပေးရာတွင် နိုင်ငံ များအကြားတွင် သဘောတူစာချုပ်များ ချုပ်ဆိုဆောင်ရွက် နေမှုအခြေအနေများ၊ နိုင်ငံတကာတွင် ပူးပေါင်းပါဝင်နေ သည့် အခြေအနေများ၊ အစိုးရအနေဖြင့် ဆိုက်ဘာလုပ်ငန်း များတွင် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများ၊ နိုင်ငံရှိ ဆိုက်ဘာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ စသည်တို့ကို အကဲဖြတ်တိုင်းတာအမှတ်ပေးခြင်း ဖြစ်သည်။


အဆိုပါတိုင်းတာချက်တွင် စင်ကာပူနိုင်ငံသည် ကမ္ဘာ့ အဆင့် နံပါတ် ၁ တွင် ရှိနေသည်။ အမေရိကန်နိုင်ငံသည်ပင် စင်ကာပူ၏နောက် ဒုတိယနေရာတွင်သာ ရှိသည်ကို တွေ့ရှိရသည်။ ယင်းတို့နောက်တွင် အာဆီယံနိုင်ငံတစ်ခု ဖြစ်သည့် မလေးရှားက တတိယလိုက်သည်။


မြန်မာနိုင်ငံ၏ အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများကို လေ့လာကြည့်ရာတွင် ထိုင်းနိုင်ငံ အဆင့်၂ဝ၊ အိန္ဒိယ အဆင့် ၂၁၊ တရုတ် အဆင့် ၃၂၊ ဖိလစ်ပိုင် အဆင့် ၃၇၊ ဘရူနိုင်း အဆင့် ၅၃၊ ဘင်္ဂလားဒေ့ရှ် အဆင့် ၅၃၊ အင်ဒိုနီးရှား အဆင့် ၇ဝ၊ သီရိလင်္ကာ အဆင့် ၇၂၊ လာအို အဆင့် ၇၇၊ ကမ္ဘောဒီးယား အဆင့် ၉၂၊ ဗီယက်နမ် အဆင့် ၁ဝ၁ နှင့် အရှေ့တီမော အဆင့် ၁၆၂ အသီးသီးရှိကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံသည် အဆင့် ၁ဝဝ တွင်ရှိနေရာ အာဆီယံနှင့် ဒေသတွင်းတွင် မြန်မာ၏နောက်၌ ဗီယက်နမ် နှင့် အရှေ့တီမောတို့သာရှိကြောင်း လေ့လာတွေ့ရှိ ရသည်။


သို့သော် မကြာသေးမီရက်ပိုင်းအတွင်းက ဗီယက်နမ် နိုင်ငံသည် ဆိုက်ဘာလုံခြုံရေးကဏ္ဍ တိုးတက်မြင့်မားရေး အတွက် ဆိုက်ဘာတပ်ဖွဲ့တစ်ခု ဖွဲ့စည်းဆောင်ရွက်ကာ တပ်ဖွဲ့ဝင် ၁ဝဝဝဝ ခန့်အထိ ခန့်အပ်တာဝန်ပေးထားသည်ကို တွေ့ရှိရသည်ဖြစ်ရာ ဗီယက်နမ်နိုင်ငံ၏ ဆိုက်ဘာလုံခြုံရေး ကြိုးပမ်းမှုများသည် လက်တွေ့တွင် မြန်မာနိုင်ငံထက် သာကောင်းသာနေနိုင်ပြီ ဖြစ်သည်။


သို့ဖြစ်၍ နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံစီးပွားကောင်းမွန်ရေး၊ ဒီမိုကရေစီခိုင်မာအားကောင်း ရေး၊ ထိရောက်သည့် အစိုးရယန္တရားစနစ်တစ်ရပ် ပေါ်ပေါက်လာရေး၊ ပွင့်လင်းမြင်သာမှုရှိပြီး အဂတိကင်းစင် သော အစိုးရစနစ်ဖြစ်ထွန်းရေး စသည်တို့အတွက် e-Government စနစ်ကို မဖြစ်မနေ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်းနှင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက်လည်း လွန်စွာသတိထား၍ အင်တိုက်အားတိုက်ဖြင့် စနစ်တကျ အကောင်အထည် ဖော်ဆောင်ရန် လိုအပ်ပါကြောင်း ရေးသားဖော်ပြအပ် ပါသည်။ ။

တည်ကြည်မောင်


K

kyawhtun

5 Years Ago

e-Government လုပ်ငန်းများ အောင်မြင်ရန်အတွက် ပြည်သူများသို့ Online Services များအား ပိုမို၍ ဝန်ဆောင်မှု ပေးရန်လိုအပ်ပြီး အဆိုပါ ဝန်ဆောင်မှုများအား ပြည်သူလူထုမှ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် Cyber Security လုပ်ငန်းစဉ်များ ဆောင်ရွက်သွားရန် လိုအပ်မည်ဟု ထင်မြင်မိပါသည်။

4 1
Reply
AT

Ashinsaryeik Ta

5 Years Ago

ပုသိမ် တွင် အင်တာနက် သက်သာအောင် လုပ်ပေးပါ

1 0
Reply
V

viet nam

4 Years Ago - Edited

https://www.hotels-in-vietnam.com နှင့်အတူဗီယက်နမ်မှခရီးသွားနှင့်အွန်လိုင်းဗီယက်နမ်ဗီဇာရ

0 0
Reply

soemyintswe

4 Years Ago

မြန်မာနိုင်ငံနိုင်ငံရဲ့ လက်ရှိ အဆင့် ၁ဝဝ မှ မည်မျှ တိုးတက်သွားသည်ကို သိရှိလိုပါတယ်။

0 0
Reply
N

nanaungoo

4 Years Ago

ကျွန်တော်ကပဲခူးကပါ တိုင်းဒေသကြီး အစိုးရတွေက ဆောင်ရွက်နေတဲ့ကိစ္စတွေအပေါ် နိုင်ငံတော်အဆင့်မှ မည်ကဲ့သို့ ညှိနှိုင်းဆောင်ရွက်ပေးနေသည်ကို သိလိုပါတယ်

0 0
Reply
H

healthcare

6 Months Ago - Edited
0 0
Reply