နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်နိုင်ရေး နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းခြင်းဆိုင်ရာနှင့် စပ်လျဉ်း၍ ဆွေးနွေး


Ministry of Information/ Naypyitaw / April 09, 2022
image_latest


နေပြည်တော် ဧပြီ ၈

ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်နိုင်ရေး နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းခြင်း ဆိုင်ရာနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆) နှင့် လူတစ်ဦးချင်း ထုတ်ပေးသည့် နိုင်ငံသားစိစစ် ရေးကတ် မှတ်တမ်းတင် စာရင်းပုံစံ နိုင်-၄ ကို အသုံးပြု၍ အပြန်အလှန်စစ်ဆေးနိုင်ရေးကို IT နည်းပညာဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၌ ဆောင်ရွက်မည့် နိုင်-၄ မှတ်တမ်းများ စာရင်း ရေးသွင်းခြင်း အချိန်မီပြီးစီးရေးနှင့် မှန်ကန်မြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန ဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်နိုင်ရေး နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းခြင်းဆိုင်ရာနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်နိုင်ရေး နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်က ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌက တင်ပြဆွေးနွေး ချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်