သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့


Ministry of Information/ Naypyitaw / October 09, 2022
image_latest


မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သဗ္ဗညုတဉာဏ်တော်ရှင်ဘုရားအဖြစ်သို့ ရောက်တော်မူသည်မှစ၍ ၄၅ ဝါကာလပတ်လုံးမြို့ရွာများ၌ ဝါကပ်တော်မူရာ ဆဋ္ဌမဝါတွင် မကုဠတောင်၊ ချရားတောတွင် ဝါဆိုတော်မူပြီးနောက် သတ္တမဝါကို တာဝတိံသာနတ်ပြည်သို့ကြွတော်မူပြီး  မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကိုအမှူးထား၍ လောကဓာတ်တစ်သောင်းမှ ရောက်လာကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားကို ဟောကြားတော်မူသည်။

တရားဟောကြားပြီး၍ဝါကျွတ်သောအခါ သိကြားမင်းဖန်ဆင်းသည့် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း စောင်းတန်းသုံးသွယ်ဖြင့် လူ့ပြည်သင်္ကဿနဂိုရ်ပြည်သို့ နတ်ဗြဟ္မာအပေါင်းခြံရံလျက် ဆင်းသက်တော်မူသည်။ ထိုအခါ မင်းနှင့်တကွသောပြည်သူတို့သည် ဆီမီးတန်ဆောင်ထွန်းကာ မြတ်စွာဘုရားအား ကြိုဆိုကြလေသည်။ ထိုအခါမှစ၍ ဗုဒ္ဓဘာသာဝင် ပြည်သူအပေါင်းတို့သည် သီတင်းကျွတ်လပြည့်နေ့သို့ရောက်သောအခါ ဆီမီးတန်ဆောင်  ညှိထောင်ထွန်းလင်းပူဇော်ခြင်းကို ယနေ့ထက်တိုင်ပြုကြလေသည်။ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှလူ့ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူပုံကိုအာရုံပြု၍ အဘိဓမ္မာတရားကို ပွားများပူဇော်ကောင်းမှုပြုနိုင်ကြပေသည်။

မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ ဆင်းသက်တော်မူလာပုံကို ဇိနတ္ထပကာသနီကျမ်း၌ ဤသို့ဖော်ကျူးထားသည်။ “ဘုရားသခင်လည်း ထက်ဝန်းကျင် အတောင်ရှစ်ဆယ်စီရှိသောဌာနသို့ နီလပီတစသော ရောင်ခြည်တော်ခြောက်စိုင်ကို တစ်ပြိုင်တည်းထွန်းလင်းတောက်ပစေလျက် ကေတုမာလာဟုဆိုအပ်သော ရတနာဦးထိပ်မှ သိင်္ဂနိက်ဇမ္ဗူရာဇ်ချက်သစ်သော ရွှေခိုင်နှင့်တူသည့် ရောင်လျှံတော်မကိုဋ်ကို ဘဝဂ်ခိုက်တောက်ပစေလျက် သိနေရုထိပ်ဖျားမှသည် ပတ္တမြားစောင်းတန်းဖြင့် သက်တော်မူ၏။ ထိုအခါ ဗြဟ္မာမင်းကြီးတို့သည် ရွှေထီး၊ ငွေထီး၊ သန္တာထီးတို့ဖြင့် အသီးသီးမိုးကာလျက် ဗြဟ္မာပရိသတ်အပေါင်းနှင့်တကွ လက်ယာရွှေစောင်းတန်းဖြင့် သက်ကုန်၏။

သုံးကျိပ်သုံးပါးသော သိကြားမင်းတို့သည်လည်း အချို့ကားရွှေတံခွန်၊ ငွေတံခွန်၊ ပုလဲတံခွန်တို့ကိုကိုင်ကုန်လျက်၊ အချို့ကား ဝိဇယုတ္တရမည်သော ခရုသင်းကိုမှုတ်ကုန်လျက်၊ ပဉ္စသီခနတ်သားလည်း ဦးသျှောင်ငါးခုရှိသော မကိုဋ်ကိုဆောင်းပြီး ဗေလုဝမည်သော နတ်စောင်းကိုတီး၍ မငြီးငွေ့ဖွယ်သောအသံဖြင့် ပူဇော်လျက်၊ မာတလိနတ်သားလည်း စာမရီသားမြီးယပ်ဖြင့် တလွှဲလွှဲခတ်လျက် နတ်ဂန္ဓဗ္ဗအပေါင်းတို့နှင့်တကွ လက်ဝဲငွေစောင်းတန်းဖြင့်သက်ကုန်၏။ ယင်းသို့ ရှုဖွယ်မရဲ ထူးကဲလွန်မြတ်သော ဘုရားသခင်၏ အသရေတော်ကို ရှုမျှော်လင့်ကုန်သော လူအပေါင်းတို့မြင်ရလျှင် အဆအရာ ဝမ်းမြောက်နှစ်မြို့ခြင်းရှိသည်ဖြစ်၍ ချီးမွမ်းအံ့သြကုန်လျက် သောသောရုတ်ရုတ် အုတ်အုတ်ကျက်ကျက်မျှ ပူဇော်ကြကုန်၏။ သုံးဆယ့်ခြောက်ယူဇနာအဝန်းရှိသော ပရိသတ်အပုံတွင် တစ်စုံတစ်ယောက်မျှ ဘုရားဆုကိုမတောင်းသောသူ မည်သည်မရှိ၊ ဆုတောင်းကြ၏။”

မြတ်စွာဘုရားရှင်သည် နတ်ဗြဟ္မာအပေါင်းခြံရံလျက် ဆင်းသက်တော်မူ၍ သင်္ကဿနဂိုရ်ပြည် တောင်တံခါးဝ၌ရပ်တော်မူလျှင် ရှင်သာရိပုတ္တရာလည်း တပည့်သံဃာတို့နှင့်တကွလာလတ်၍ မြတ်စွာဘုရားခြေတော်၌ ဦးဖြင့်တိုက်ကာရှိခိုးပူဇော်ပြီးလျှင် “လူနတ်ဗြဟ္မာအပေါင်းတို့၏ မျက်စိအရသာကို ရှုဖွယ်ရာဟူသမျှထက် အဆအရာ အဆတစ်ထောင်မကသော ဘုရားအသရေတော်ကို ဖူးမြော်ရပေသည်။ တပည့်တော်တို့သည် ဤလူ့ဘဝကို အရတော်ပေစွ၊ ကိုယ်တော်မြတ်အား နတ်ဗြဟ္မာတို့သည် လွန်စွာချစ်မြတ်နိုးပေစွ”ဟု လျှောက်ထားသောအခါ မြတ်စွာဘုရားက “အကြင်ပညာရှိတို့သည် ဈာန်၌ လေ့လာခြင်းရှိကုန်၏။ ငြိမ်းအေးရာနိဗ္ဗာန်၌ မွေ့လျော်ကုန်၏။ သတိရှိသော ထိုဘုရားသခင်တို့အား နတ်တို့လည်း ချစ်မြတ်နိုးကုန်၏” ဟုဟောတော်မူ၏။ ဂါထာအဆုံးတွင် တစ်ကုဋေအတိုင်းအရှည်ရှိသော သတ္တဝါတို့သည် အမြိုက်အရသာကို သုံးဆောင်ကြရသည်။

ဤသီတင်းကျွတ်လတွင် သင်္ကဿမှ မင်းနှင့်တကွသော ပြည်သူတို့သည် မြတ်စွာဘုရားအား ဤသို့ ဆီမီးတန်ဆောင်ညှိထောင်ထွန်းလင်း ပူဇော်ခြင်းဟူသော အစဉ်အလာအတိုင်း သီတင်းကျွတ်လတွင် ဆီမီးထွန်းပူဇော်ကြပြီး တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားဟောကြားတော်မူခဲ့သည်ကို ရည်မှန်း၍ သီတင်းကျွတ် လပြည့်အဘိဓမ္မာအခါတော်နေ့တွင် ကောင်းမှုအထူးပြုလုပ်ကြပြီး ကောင်းကျိုးများကို ဆောင်ကြဉ်းကြစေလိုပါကြောင်း။     ။

ကြေးမုံ,အယ်ဒီတာ့အာဘော်

Newspapers Explore more >

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 24, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Posted on Apr 23, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Posted on Apr 22, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Posted on Apr 16, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Posted on Apr 15, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 14, 2024
HOT NEWS
January 4,