စင်ကာပူနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအတွက် အသိပေးကြေညာချက်


Ministry of Foreign Affairs/ Nay Pyi Taw / March 15, 2020


စင်ကာပူနိုင်ငံ အစိုးရအနေဖြင့် 2019 Novel Coronavirus (COVID-19) ရောဂါထိန်းချုပ်ရေး အစီအစဉ်သစ်များကို (၁၅-၃-၂၀၂၀) ရက်နေ့တွင် ထပ်မံထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် –

– အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဗြိတိန်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ စင်ကာပူ နိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများ (မည်သည့်နိုင်ငံသားမဆို) အား စင်ကာပူ နိုင်ငံတွင် ၁၄-ရက်ကြာ အိမ်တွင်နေထိုင်ခြင်း ကန့်သတ်ချက် (Stay Home Notice) ကို သတ်မှတ်သွားမည်ဖြစ်ကြောင်း၊

– မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများအနေဖြင့် စင်ကာပူ နိုင်ငံသို့ ကာလတို လူမှုရေး အလည်အပတ် လာရောက်မှုကို ဆက်လက်ခွင့်ပြုသွားမည် ဖြစ်သော်လည်း စင်ကာပူနိုင်ငံမှ သတ်မှတ်ထားသည့် ကျန်းမာရေးဆိုင်ရာ ကြေညာချက် (Health Declaration) ကို ဖြည့်စွက်ပြီး သက်ဆိုင်ရာနိုင်ငံများရှိ စင်ကာပူသံရုံးသို့ ပေးပို့
လျှောက်ထားရမည် ဖြစ်ပါကြောင်း၊

– အဆိုပါ လျှောက်ထားမှုအား စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ အတည်ပြုချက် ရရှိရန် လိုအပ်ပါကြောင်း၊ အဆိုပါအတည်ပြုချက်ကို စင်ကာပူနိုင်ငံသို့ အဝင်တွင် လူဝင်မှု ကြီးကြပ်ရေးဌာနမှ စစ်ဆေးမည်ဖြစ်ပြီး အတည်ပြုချက် မပါရှိသူများအတွက် ပြည်ဝင်ခွင့်ပြုမည် မဟုတ်ပါကြောင်း၊

– ယခုသတ်မှတ်ချက်အသစ်သည် (၁၆-၃-၂၀၂၀) ရက်နေ့ (တနင်္လာနေ့) စင်ကာပူစံတော်ချိန် (၂၃:၅၉) နာရီမှ စတင်ကာ အသက်ဝင်လာမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာ ကြေညာ ချက် (Health Declaration) အား စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် download ရယူနိုင်ကြောင်း သိရှိရပါသည်။

https://www.moh.gov.sg/news-highlights/details/additional-precautionary-measures-to-prevent-further-importation-of-covid-19-cases