ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖု၏ ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / December 19, 2019


၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖု ဦးဆောင်သည့် ဗီယက်နမ် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ အထိ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပါသည်။

၂။ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖု ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့၊ ညနေပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြပါသည်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ နံနက် (၉)နာရီတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုအား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ဂုဏ်ပြု အခမ်းအနားဖြင့် ကြိုဆိုခဲ့ပါသည်။ ဂုဏ်ပြုအခမ်းအနားပြီးနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဧည့်သည်တော်ဗီယက်နမ်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့အား နိုင်ငံတော်သမ္မတ အိမ်တော်၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် နှစ်ဖက် ခေါင်းဆောင်များက မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ ခေါင်းဆောင်များအကြား အပြန်အလှန် လည်ပတ်မှုတိုးမြှင့်ရေး ကိစ္စရပ်များ၊ ပြည်သူ အချင်းချင်း အပြန်အလှန်ဖလှယ်မှုနှင့် ထိတွေ့ဆက်ဆံမှု တိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရေရှည် ခိုင်မာစေရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

၃။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဧည့်သည်တော် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်တို့ ဦးဆောင်သည့် နှစ်နိုင်ငံတွေ့ဆုံပွဲကို နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြပါသည်။ နှစ်နိုင်ငံ ဆွေးနွေးပွဲတွင် နှစ်ဖက်ခေါင်းဆောင် များက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် သမ္မတဟိုချီမင်းတို့ လက်ထက်တွင် စတင်သန္ဓေတည်ခဲ့ပြီး ခေတ်အဆက်ဆက် ခေါင်းဆောင်များနှင့် ပြည်သူများက ပြုစုပျိုးထောင် ခဲ့ကြသည့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ် ခဲ့ကြပါသည်။ ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေးတွင် သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်ခဲ့ပြီးနောက် မကြာသေးမီ နှစ်များအတွင်း အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့မှုများကြောင့် ရရှိခဲ့သည့် တိုးတက်မှု ရလဒ်များ အထူးသဖြင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်နိုင်ခဲ့ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံ ရေးတွင် ဘက်ပေါင်းစုံ ပွင့်လန်းလာစေရန် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်နိုင်ခဲ့သည့်ကိစ္စရပ်များကို သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။

၄။ ထို့အပြင် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များအားလုံးတွင် ပိုမိုထိရောက်စေရေးအတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ သစ်တောနှင့်သားငါးကဏ္ဍ၊ ပို့ဆောင်ရေး၊ စွမ်းအင်နှင့် ဆက်သွယ်ရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ သတင်းအချက်အလက်နှင့်နည်းပညာ အစရှိသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု ထူထောင်ခြင်း (၄၅)နှစ်ပြည့်မြောက်မည့် ၂၀၂၀ ပြည့်နှစ်တွင် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရေး၊ အာဆီယံ၊ ကုလသမဂ္ဂ၊ အေဆမ်၊ မဲခေါင်ဒေသခွဲ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများစသည့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အကူအညီပေးရေးကိစ္စများ၊ ဗီယက်နမ်နိုင်ငံ အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်ရာတွင် နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

၅။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ၂၀၁၈ ခုနှစ် ကုန်သွယ်မှုပမာဏနှင့် နှိုင်းယှဉ်ပါက ၂၀၁၉ ခုနှစ်တွင် (၁၁.၆၁%) ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နဝမအဆင့် အကြီးဆုံးကုန်သွယ်ဘက် နိုင်ငံဖြစ်ပြီး၊ သတ္တမအဆင့် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိရာ နှစ်နိုင်ငံ အကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးမြှင့်နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် နှစ်ဖက်ခေါင်းဆောင်များ က သဘောတူညီခဲ့သည်။

၆။ ထို့အပြင် နှစ်နိုင်ငံအကြား အစိုးရအဆင့်၊ လွှတ်တော်အဆင့်၊ ပါတီအဆင့်နှင့် ပြည်သူများ အကြား အထူးသဖြင့် လူငယ်များအကြား အပြန်အလှန်ထိတွေ့ဆက်ဆံမှု တိုးမြှင့် ဆောင်ရွက် ခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုများ ပိုမိုခိုင်မာလာမည် ဖြစ်သည်ကို ယုံကြည် ကြောင်း နှစ်ဖက်ခေါင်းဆောင်များက အလေးထားပြောကြားခဲ့သည်။

၇။ ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးကို အလေးထားကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်မှုများကို ဆက်လက်ပံ့ပိုး ပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသည်လည်း ဗီယက်နမ်နိုင်ငံ၏ အောင်မြင်သည့် ပြုပြင် ပြောင်းလဲမှုရလဒ်များ အထူးသဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးနှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မှုများအပေါ် လေးစားချီးကျူးကြောင်း၊ မြန်မာ နိုင်ငံ၏ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ဗီယက်နမ် နိုင်ငံ၏ အစဉ်တစ်စိုက် ထောက်ခံအားပေးမှုနှင့် အတွေ့အကြုံများ မျှဝေပေးမှုကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့ပြီး၊ အာဆီယံ၊ ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၊ ကမ္ဘာ့ ကုလသမဂ္ဂ စသည့် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက် သွားရန်လည်း ခေါင်းဆောင်နှစ်ဦးက ထပ်လောင်း ကတိပြုခဲ့ကြသည်။

၈။ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ် တို့သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား လုပ်ငန်းစီမံချက်နှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်း အနား၌ မြန်မာနိုင်ငံ၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ဗီယက်နမ်နိုင်ငံ၊ စိုက်ပျိုး ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့အကြား လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာ နိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ နှင့် ဗီယက်နမ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာငုယင်စွမ်းကူအုံတို့မှ လက်မှတ် ရေးထိုးခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံတို့အကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အကောင်အထည်ဖော်ဆောင်မှု လုပ်ငန်းစီမံချက်(၂၀၁၉-၂၀၂၄)နှင့် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကို မြန်မာနိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် ဗီယက်နမ် နိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ ဒန့်မင်းခိုးအီး တို့က လက်မှတ်ရေး ထိုးခဲ့ကြသည်။ ထို့နောက် နှစ်နိုင်ငံမှ သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများ အတွက် ဗီဇာကင်းလွတ်ခွင့်ကို (၁၄)ရက်မှ (၃၀)ရက်အထိ တိုးမြှင့်သည့် သံတမန်စာကို လဲလှယ်ခဲ့ကြသည်။

၉။ လက်မှတ်ရေးထိုးပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပ ခဲ့ကြပါသည်။

၁၀။ မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်ဇနီးတို့မှ ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုအား နိုင်ငံတော်သမ္မတအိမ်တော်၌ ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံ ခဲ့ပါသည်။ အဆိုပါဂုဏ်ပြုနေ့လယ်စာစားပွဲတွင် ခေါင်းဆောင်နှစ်ဦးလုံးမှ ဆုတောင်းမိန့်ခွန်းများ အပြန်အလှန် ပြောကြားရာ၌ နှစ်နိုင်ငံအနေဖြင့် တူညီသည့် သမိုင်းကြောင်းအတွေ့အကြုံများ ဖြတ်သန်းခဲ့ရကြောင်း၊ အစဉ်အဆက် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစွာ တည်ဆောက်နိုင်ခဲ့ကြောင်းနှင့် နှစ်ဖက်ဘုံအကျိုးစီးပွားအတွက် တူညီသည့်မျှော်မှန်းချက်ဖြင့် ချစ်ကြည်ရင်းနှီးမှု အပြန်အလှန် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ကြသည်။

၁၁။ ယင်းနေ့မွန်းလွဲပိုင်းတွင် ဧည့်သည်တော် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုသည် ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်နှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။

၁၂။ ညနေ ၁၆၀၀ နာရီတွင် ဗီယက်နမ်ဝန်ကြီးချုပ်ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ထွက်ခွာခဲ့သည်။ ညနေပိုင်းတွင် ဗီယက်နမ် ဝန်ကြီးချုပ် ဦးဆောင်သည့် ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့ရှိ၊ ဗီယက်နမ်သံရုံးသို့ သွားရောက်၍ သံရုံးဝန်ထမ်းများ၊ ၎င်းတို့၏မိသားစုဝင်များနှင့် ဗီယက်နမ်အသိုက်အဝန်းတို့အား တွေ့ဆုံနှုတ်ဆက် ခဲ့သည်။

၁၃။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်သည် ရွှေတိဂုံစေတီတော်မြတ်သို့ သွားရောက်ဖူးမျှော်ခဲ့သည်။ ထို့မှတစ်ဆင့် ဧည့်သည် တော် ဗီယက်နမ်ဝန်ကြီးချုပ်သည် မြန်မာပလာဇာတွင် ဖွင့်လှစ်ထားရှိသည့် Mytel၊ THACO၊ BIDV နှင့် SHB ကုမ္ပဏီများသို့ သွားရောက်ခဲ့သည်။ ထို့နောက် ဧည့်သည်တော် ဗီယက်နမ်ဝန်ကြီးချုပ်သည် Melia ဟိုတယ်၌ မြန်မာ-ဗီယက်နမ်ချစ်ကြည်ရေးအသင်းနှင့် တွေ့ဆုံခဲ့ပြီး HD Bank ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား လက်ခံတွေ့ ဆုံခဲ့သည်။

၁၄။ ညနေပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်မြို့မှ ဟနွိုင်းမြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

၁၅။ ခရီးစဉ်အပြီးတွင် ပူးတွဲသတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာ နှစ်နိုင်ငံအကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ၊ အထူးသဖြင့် နိုင်ငံရေး၊ ကုန်သွယ်ရေး နှင့်ရင်းနှီးမြှုပ်နှံမှု၊ ကာကွယ်ရေးနှင့်လုံခြုံရေး၊ ဥပဒေနှင့်တရားစီရင်ရေး၊ စိုက်ပျိုးရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ အားကစားကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ သတင်းအချက်အလက်နှင့်နည်းပညာကဏ္ဍ၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ e-government စီမံကိန်းများ အကောင်အထည်ဖော်ရေးနှင့် အပြန်အလှန် လေ့လာရေးခရီးစဉ်များ တိုးမြှင့်စီစဉ်ရေးအစရှိသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် နှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု များကို ဆက်လက် တိုးမြှင့်လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြသည်။

၁၆။ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖု၏ မြန်မာနိုင်ငံခရီးစဉ်သည် ၎င်းဝန်ကြီးချုပ်တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက်ခဲ့သည့် သမိုင်းဝင်ခရီးစဉ်ဖြစ်ပါသည်။ ယခုခရီးစဉ် သည် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလနောက်ပိုင်း ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်သည့်ခရီးစဉ်ဖြစ်သည်။ ခရီးစဉ်အတွင်း လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး အကောင်အထည်ဖော်ဆောင်မှု လုပ်ငန်းစီမံချက်(၂၀၁၉-၂၀၂၄)နှင့် နှစ်နိုင်ငံနိုင်ငံခြား ရေးဝန်ကြီးဌာန များအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကို လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းဖြင့် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစေခဲ့သကဲ့သို့ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း ပိုမိုတိုးမြှင့်နိုင်ခဲ့သည်။

နိုင်ငံခြားရေး၀န်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်။