မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထုတ်ပြန်ကြေညာချက်


Ministry of Information/ Naypyitaw / March 14, 2020


မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထုတ်ပြန်ကြေညာချက် ၇/၂၀၂၀

၂၀၂၀ခုနှစ်၊ မတ်လ (၁၃)ရက်၊ သောကြာနေ့။

၁။ ယခု သီတင်းပတ်များအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် သတင်းမှားများ၊ လုပ်ကြံ သတင်းများ ဆိုရှယ် မီဒီယာနှင့် ဝက်ဘ်ဆိုက်များတွင် ထွက်ပေါ်လျက်ရှိပါသည်။ လူထုသတင်းမှန် ရရှိရေးနှင့် အထက်ပါသတင်းမှားများ၊ လုပ်ကြံ သတင်းများအား ရှင်းလင်းတုံ့ပြန်ရေးတွင် တာဝန်ခံမှုရှိသော တရားဝင် သတင်းမီဒီယာများအနေဖြင့် ဝိုင်းဝန်းပါဝင်လုပ်ဆောင် ကြရန် ဝတ္တရားရှိပါသည်။ သို့ရာတွင် အချို့သော သတင်း ဌာနက သတင်းဦးမှုကိုသာ ဦးစားပေးပြီး သတင်းမီဒီယာကျင့်ဝတ်ပါ အချက်အလက် တိကျမှန်ကန်မှုကို လျစ်လျူရှုကာ COVID-19 နှင့်ပတ်သက်သည့် အတည်မပြုနိုင်သေးသောသတင်းများ ဖော်ပြခဲ့ကြသည်ကို လေ့လာ တွေ့ရှိရပါသည်။

၂။ သတင်းမီဒီယာဥပဒေ အခန်း(၄)၊ ပုဒ်မ ၉(က)တွင် “သတင်းတိုင်း အချက်အလက် တိကျမှန်ကန်စေရန် နှင့် တတ်နိုင်သမျှ ပြည့်စုံစေရန်စိစစ်ခြင်း” ဟု ပြဋ္ဌာန်းထားသကဲ့သို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားသော သတင်းမီဒီယာ ကျင့်ဝတ်လမ်းညွှန် ၁ . ၁ တွင် “မတိကျသော၊ အနက်ကောက်လွဲစေသော၊ ပုံဖျက်ထားသော အချက်အလက်များကို ရေးသားထုတ် လွှင့်ခြင်း မပြုလုပ်ရပါ”ဟု ဖော်ပြထားပါသည်။ ။

၃။ သို့သော် “ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်ရုံနှင့် ကျောင်းများ ခြောက်ပတ်ပိတ်မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးကြောင်း သိရသည်”ဟု အကုန်သိသတင်းဌာနမှ လည်းကောင်း၊ “ကျောင်းများ ရုပ်ရှင်ရုံများအားလုံး ခြောက်ပတ်ပိတ်ရန်နှင့် တစ်နိုင်ငံလုံး သင်္ကြန်အပါအဝင် ပွဲများအားလုံး မကျင်းပရန် လွှတ်တော်က ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်”ဟု MANN Channel မှ လည်းကောင်း သတင်း ရင်းမြစ်လည်းမပါ။ အတည်လည်းမပြုနိုင်သည့် သတင်းများကို ၁၂-၃-၂၀၂၀ တွင် အသီးသီး ရေးသားဖြန့်ချိခဲ့ကြသည်ကို တွေ့ရှိရသည်။

၄။ သို့ဖြစ်၍ အကုန်သိသတင်းဌာနနှင့် Mann Channel အပါအဝင် တရားဝင်သတင်းမီဒီယာများအနေဖြင့် အတည်မပြုနိုင်သေး သည့် သတင်းများ၊ အနက်ကောက်လွဲစေသည့်သတင်းများ ရေးသားထုတ်လွှင့်ခြင်း မပြုရန်နှင့် သတင်းမီဒီယာကျင့်ဝတ်များအား လေးစားလိုက်နာရန် သတိပေးတိုက်တွန်းပါသည်။ ။

၅။ သတင်းဌာနများအနေဖြင့်လည်း မိမိတို့ဌာနမှ သတင်းထောက်များအား ကိုယ်ပိုင်ဆိုရှယ်မီဒီယာအကောင့် များတွင် အများ ပြည်သူနှင့်သက်ဆိုင်သည့် သတင်းအမှားများ၊ အနက်ကောက်လွဲစေသည့် သတင်းများအား မဖြန့်ချိစေရန်နှင့် ကျင့်ဝတ်နှင့်အညီ သတင်းမီဒီယာလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေး ကြပ်မတ်ပေးပါရန် တိုက်တွန်းပါသည်။

၆။ အကယ်၍ သတင်းမီဒီယာ ကျင့်ဝတ်ဖောက်ဖျက်မှုများရှိလာပါက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အနေဖြင့် သတင်းမီဒီယာနည်းဥပဒေ အပိုဒ် ၂၀(ခ)အရ ခေါ်ယူသတိပေးခြင်းနှင့် ကျင့်ဝတ်ဖောက်ဖျက်မှုကို အများ ပြည်သူလူထုသိရှိနိုင်ရန် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။

သတင်းမီဒီယာကျင့်ဝတ်နှင့် သတင်းမီဒီယာဖွံ့ဖြိုးရေးကော်မတီ

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ