ယူနန်ပြည်နယ်တွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားတစ်ချို့အား ၎င်းတို့၏ ဆန္ဒနှင့်အညီ နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်း


Ministry of Foreign Affairs/ Nay Pyi Taw / January 30, 2020


( ၃၀-၁-၂၀၂၀ ရက်၊ နေပြည်တော်)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ လတ်တလော ဖြစ်ပွားလျက်ရှိသည့် ပြင်းထန်အဆုတ် ရောင်ရောဂါ ( 2019 Novel Coronavirus) အန္တရာယ်ကြောင့် ယူနန်ပြည်နယ်တွင် အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာအလုပ်သမားများမှ ၎င်းတို့၏ နေရပ်သို့ ပြန်လိုကြောင်းဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့သို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ကြပါသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယူနန်ပြည်နယ် သက်ဆိုင်ရာ ပြည်နယ်ခွဲအစိုးရများ၊ မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ ပြည်နယ်အစိုးရတာဝန်ရှိသူများနှင့် ဆက်သွယ်ညှိနှိုင်းလျက်၊ ပေါင်စန်းပြည်နယ်ခွဲတွင် အလုပ်လုပ်ကိုင်လျက်ရှိကြသော မြန်မာအလုပ်သမား (၁၀၅၇) ဦးကို ၂၈-၁-၂၀၂၀ ရက်နေ့မှ ၃၀-၁-၂၀၂၀ ရက်နေ့အတွင်း ကန်ပိုက်တီးနယ်စပ်ဂိတ်မှတစ်ဆင့် လည်းကောင်း၊ တဲဟုန်ပြည်နယ်ခွဲတွင် အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာအလုပ်သမား (၁၂၈) ဦးကို ၂၉-၁-၂၀၂၀ ရက်တွင် ရွှေလီ-မူဆယ် နယ်စပ်ဂိတ်မှတစ်ဆင့် လည်းကောင်း အသီးသီး ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။