ရေသုံးစွဲသူမိဘပြည်သူများသို့ အသိပေးကြေညာချက် အများသိစေရန်ကြေညာချက် ​​​​​​​


Yangon City Development Committee/ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / December 20, 2019


ရေသုံးစွဲသူမိဘပြည်သူများသို့ အသိပေးကြေညာချက် အများသိစေရန်ကြေညာချက် ​​​​​​​

 

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)သည် ရန်ကုန်မြို့တော်နေ မြို့တော်သူ၊ မြို့တော်သားများ ကျန်းမာရေးနှင့် ညီညွတ်သော သောက်သုံးရေများ သုံးစွဲနိုင်ရန်အတွက် ပေးဝေလျက်ရှိသည့် ရေထဲသို့ ကလိုရင်းဆေးခတ်သန့်စင်ခြင်းလုပ်ငန်းကို မကြာမီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။ ကလိုရင်းဆေးခတ်သန့်စင်ခြင်းသည် သောက်သုံးရေသန့်များရရှိစေရန်အတွက် လူတို့၏ ကျန်းမာရေးကိုထိခိုက်နိုင်သည့် ပိုးမွှားများအား သန့်စင်သည့်နည်းစနစ်တစ်ခုဖြစ်ပြီး ကမ္ဘာ နှင့်အဝှမ်း အသုံးပြုလျက်ရှိကာလူတို့၏ ကျန်းမာရေးကိုမထိခိုက်စေရန် အကာအကွယ်ပေးသည့် နည်းစနစ်ဖြစ်ပါသည်။

၃။ ကလိုရင်းဆေးခတ်သန့်စင်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ် ထားသည့် ညွှန်ကြားချက်အတိုင်း ရေသုံးစွဲသူပြည်သူများ၏ ကျန်းမာရေးကို မထိခိုက်သော ပမာဏဖြစ်သည့် 4 mg/L ထက် မများသည့်နှုန်းဖြင့် အသုံးပြုသန့်စင်သွားမည် ဖြစ်ပါသည်။ ရေတွင်ပါဝင်သော ဘက်တီးရီးယားများနှင့် ဓာတုပစ္စည်းများအားကလိုရင်းဖြင့် ဓါတ်ပြုသန့်စင် သွားမည်ဖြစ်ပြီး ပြင်ပမှ ပိုးမွှားဘက်တီးရီးယားများ ဝင်ရောက်ရှင်သန်ပေါက်ဖွားခြင်း မပြုနိုင်ရေး ကလိုရင်းဓါတ်များ (Residual Chlorine) ကြွင်းကျန်မှုရှိနေစေရန် ဆောင်ရွက် သွားမည်ဖြစ်သဖြင့် ပြည်သူလူထုအားပေးဝေသည့် သောက်သုံးရေတွင် ကလိုရင်းအနံ့ ရရှိမည်ဖြစ်ပါသည်။

၄။ ၄င်း ကလိုရင်းအနံ့ရရှိခြင်းသည် ရေတွင်ပေါက်ဖွားနိုင်သော ရောဂါပိုးမွှားများအား ဆေးခတ်သန့်စင်ပြီးဖြစ်ကြောင်းနှင့် ကျန်းမာရေးကိုမထိခိုက်ဘဲ ရေကောင်းရေသန့်အဖြစ် သုံးစွဲနိုင်ကြောင်း အထောက်အထားဖြစ်ပါသည်။ ကလိုရင်းအနံ့အား ကြိုက်နှစ်သက်မှုမရှိပါက တစ်ရက်တာ သိုလှောင်ထားခြင်းဖြင့်လည်းကောင်း၊ မိနစ်အနည်းငယ် ကြိုချက်ခြင်းဖြင့် လည်းကောင်း၊ သံပုရာရည် သို့မဟုတ် ရှောက်ရည်အနည်းငယ် ရောထည့်ပေးခြင်းဖြင့် လည်းကောင်း ကလိုရင်းအနံ့မပါရှိအောင် ပြုလုပ်ပေးနိုင်ပါသည်။

၅။ သို့ဖြစ်ပါ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပေးဝေသည့်ရေတွင် ကလိုရင်း ဆေးခတ်သန့်စင်ခြင်းလုပ်ငန်းကြောင့် ကလိုရင်းအနံ့များရရှိပါက စိုးရိမ်ရန်မရှိ ကြောင်းနှင့် ပိုးသတ်သန့်စင်ထားသည့် လက္ခဏာဖြစ်၍ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါကြောင်း ကြိုတင်အသိပေး ကြေညာအပ်ပါသည်။

 

ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့
အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ