ဝူဟန်၌ ရောက်ရှိနေသော မြန်မာကျောင်းသူ/ကျောင်းသားများအား မြန်မာအစိုးရမှ အထူးလေယာဉ်စေလွှတ်၍ ပြန်လည်ခေါ်ယူသွားမည်


Ministry of Foreign Affairs/ Nay Pyi Taw / January 30, 2020


(၃၀-၁-၂၀၂၀ ရက်၊ နေပြည်တော်)

လတ်တလော Corona Virus ဖြစ်ပွားလျက်ရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ ပညာသင်ကြားလျက်ရှိကြသော မြန်မာ ကျောင်းသူ/ ကျောင်းသား (၆၃) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် အထူးလေယာဉ် စေလွှတ်ခေါ်ယူသွားရန် မြန်မာအစိုးရမှ ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လိုအပ်သည့် လေယာဉ်ဖြတ်ကျော် ပျံသန်းခွင့်နှင့် ဆင်းသက်ခွင့်ရရှိရေး၊ ကျောင်းသားများ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် သံတမန်လမ်းကြောင်းမှ ဆက်သွယ်ဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူပြီးပါက ကျောင်းသူ/ကျောင်းသားများအား Corona Virus ကူးစက်မှုရှိ/ မရှိ လိုအပ်သော ကျန်းမာရေးအရ စောင့်ကြပ်စစ်ဆေးမှုများကို စနစ်တကျ ပြုလုပ်သွားရန်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ထားရှိပါကြောင်းကိုလည်း တစ်ဆက်တည်း အသိပေးအပ်ပါသည်။