အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ပြန့်ပွားမှုကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ


Ministry of Foreign Affairs/ Nay Pyi Taw / March 17, 2020


(၁၇-၃-၂၀၂၀ ရက်၊ နေပြည်တော်)

နိုင်ငံအချို့တွင် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) စတင်ဖြစ်ပွားချိန်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ COVID-19 ရောဂါကို ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် (၁၁-၃-၂၀၂၀) ရက်နေ့တွင် ကြေညာခဲ့ပြီးနောက် အဆိုပါ ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် လူစုလူဝေးဖြင့် ကျင်းပပြုလုပ်သည့် အစည်းအဝေးများ၊ အခမ်းအနားများအား မပြုလုပ်ကြရန် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ကြီးမှူးပြုလုပ်သည့် သံတမန်ရေးရာသင်တန်းများ၊ ဆွေးနွေးပွဲများ၊ လူစုလူဝေးဖြင့် ပြုလုပ်ရမည့် အခမ်းအနားများကို ရွှေ့ဆိုင်းခဲ့ပါသည်။ ထို့အပြင် ရန်ကုန်မြို့တွင် အခြေစိုက်သည့် နိုင်ငံခြားသံရုံးများအနေဖြင့် အခမ်းအနားများ၊ ဧည့်ခံပွဲများကို ယခုနှစ် ဧပြီလကုန်အထိ ပြုလုပ်ခြင်းမပြုရန်၊ နိုင်ငံခြားသံရုံးများမှ ဖွင့်လှစ်ထားရှိသည့် ကျောင်းများကို ခေတ္တယာယီပိတ်ထားရန် ညှိနှိုင်းအကြောင်းကြားခဲ့ပါသည်။ အလားတူ ပြည်ပနိုင်ငံများရှိ မြန်မာသံရုံး/ အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများအနေဖြင့်လည်း ဧည့်ခံပွဲများ၊ ဆွေးနွေးပွဲများ၊ အထိမ်းအမှတ် အခမ်းအနားများကို လောလောဆယ် ကျင်းပခြင်းမပြုဘဲ ရွေ့ဆိုင်းထားရန် ညွှန်ကြားခဲ့ပါသည်။