ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

Ministry of Information/ ​နေပြည်တော် / October 10, 2019
image_latest


နေပြည်တော် အောက်တိုဘာ ၁၀

ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့်အတူ ယနေ့မွန်းလွဲ ပိုင်းတွင် မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပသည့် ၂၀၁၉ ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နှစ်စဉ်အောက်တိုဘာလ၏ ဒုတိယပတ် ကြာသပတေးနေ့ကို “ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့” အဖြစ်သတ်မှတ်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့၀င် နိုင်ငံများအားလုံးမှာ နှစ်စဉ်ကျင်းပခဲ့ရာ မြန်မာနိုင်ငံ တွင်လည်း သက္ကရာဇ် ၂၀၀၀ ပြည့် နှစ်မှစ၍ စတင်ကျင်းပခဲ့ပါကြောင်း၊
ယခုနှစ်၏ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ ဆောင်ပုဒ်မှာ “Vision First” “အမြင်အာရုံ ကောင်းစေဖို့ ဉီးစားပေးကာ ဆောင်ရွက်စို့”ဖြစ်ပါကြောင်း၊ ပြည်သူတစ်ရပ်လုံးက မျက်စိ ကျန်းမာရေး အမြင်အာရုံကောင်းမွန်စေရန် ဉီးစားပေးကာ မျက်စိစမ်းသပ်ကြရန်နှင့် လိုအပ်လျှင် ကုသမှုခံယူကြရန် တိုက်တွန်းနှိုးဆော်လိုခြင်း ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းချက်အရကမ္ဘာပေါ်တွင် အမြင်အာရုံချို့တဲ့သူပေါင်း (၂၄၆)သန်းနှင့် မျက်စိကွယ်သူ ပေါင်းမှာ (၃၉)သန်း ခန့်ရှိရာအမြင်အာရုံချို့တဲ့သူများ၏ ၉၀ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ဖြစ်ကြပြီး ၈၀ ရာခိုင်နှုန်းမှာ ကာကွယ်ကုသ၍ရရှိနိုင်ကြောင်း။

၂၀၁၇ ခုနှစ်တွင် ကောက်ယူခဲ့သော အမျိုးသားအဆင့် မျက်မမြင် ဖြစ်ပွားမှုနှုန်း စစ်တမ်းအရ မြန်မာနိုင်ငံတွင် အသက်(၅၀)နှင့် အထက်ပြည်သူများ အကြားတွင် မျက်မမြင် ဖြစ်ပွားမှုနှုန်း (၂ ဒသမ ၉ ရာခိုင်နှုန်း)ရှိပြီး အတွင်းတိမ်ရောဂါမှာ မျက်စိကွယ်ခြင်း အားလုံးရဲ့ ၇၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း တွေ့ရှိရပါကြောင်း ၊ထို့ကြောင့် မျက်စိ အတွင်းတိမ်ရောဂါကို ထိထိရောက်ရောက် ကုသမှု ပေးနိုင်ခြင်းဖြင့် မျက်မမြင်လျော့နည်းရေးကို ဦးတည်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ WHO ၏ ရည်မှန်းချက်ဖြစ်သော အတွင်းတိမ်ခွဲစိတ်မှုနှုန်းမှာ လူဦးရေ(၁)သန်း လျှင် (၃၀၀၀)သတ်မှတ်ထားရာ ယခုအခါတွင် အတွင်းတိမ်ခွဲ စိတ်မှုနှုန်းမှာ (၂၀၁၈) ခုနှစ်တွင် (၂၂၈၀)အထိ တိုးတက် လာပြီဖြစ်ပါကြောင်း၊ ပြည်သူလူထုအား ပဏာမမျက်စိကျန်းမာရေး စောင့်ရှောက်မှု ပိုမိုစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် မျက်စိဆရာဝန်များနှင့်မျက်မှန် ကျွမ်းကျင်ဝန်ထမ်းများ ပိုမိုမွေးထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် မျက်ခမ်းစပ်ရောဂါသည် WHO ၏ (Elimination Criteria for Trachoma) သတ်မှတ်ချက်ဖြစ်တဲ့ ကူးစက်မျက်ခမ်းစပ် ဖြစ်ပွားနှုန်း (၁နှစ် မှ ၉နှစ်အထိ ကလေးများ) ၅ ရာခိုင်နှုန်း အောက်သို့ကျဆင်းရေး နှင့် မျက်တောင်စိုက် မျက်တောင်မွှေးစူး ရောဂါကို ဖြစ်ပွားနှုန်း ၀ ဒသမ ၁ ရာခိုင်နှုန်းအောက်သို့ လျော့ကျစေရေးတို့မှာ ပြည့်မီနေပြီဖြစ်ပါ ကြောင်း။

သို့ဖြစ်၍ ၂၀၂၀ ခုနှစ်တွင် မျက်ခမ်းစပ်ရောဂါ ကင်းစင်ကြောင်း ကြေငြာနိုင်ရန် အတွက် မျက်ခမ်းစပ်ရောဂါဖြစ်ပွားနှုန်း စစ်တမ်းကောက်ယူနိုင်ရန်စီစဉ် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပဏာမမျက်စိ ကျန်းမာရေးစောင့်ရှောက်မှု (Primary Eye Care ) ကို ကျယ်ကျယ် ပြန့်ပြန့် လွှမ်းခြုံနိုင်စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပဏာမမျက်စိကျန်းမာရေး စောင့်ရှောက်မှုသင်တန်း များပို့ချခြင်း၊ ကျောင်းများတွင် မျက်စိကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းနှင့် ကျေးလက်ဒေသ အထိကွင်းဆင်း၍ မျက်စိကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း တို့ကို နှစ်စဉ်တိုးမြှင့် လုပ်ဆောင်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ရည်မှန်းချက် ဖြစ်သော (၂၀၂၀)ခုနှစ်တွင် ကာကွယ်ကုသ၍ရသော မျက်စိရောဂါများ လျော့နည်းပပျောက်ရေး ဆောင်ရွက်နိုင်မည်ဖြစ်၍ အင်တိုက်အားတိုက်ပူးပေါင်း ဆောင်ရွက်ပြီး ပြည်သူတစ်ရပ်လုံး အနေနှင့် မျက်စိကျန်းမာရေးကို အလေးထားပြီး စမ်းသပ်စစ်ဆေးကုသမှုကို ခံယူကြပါရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားတွင် ပြသထားသော ဓာတ်ပုံပြခန်းများနှင့် မျက်စိစစ်ဆေး စမ်းသပ် ပေးနေမှုများ ဆောင်ရွက်နေမှုတို့ကို လှည့်လည် ကြည့်ရှုသည်။

ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးပြည်သူ့ဆေးရုံကြီးရှိ မကြာမီဖွင့် လှစ်တော့မည့် (၅) ထပ်လူနာဆောင်သစ်ကြီးသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)

 

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ သီတင်းကျွတ်လအတွက် မီးထွန်းပွဲနှင့်ကြာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • “Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution” အခမ်းအနားကျင်းပ
  •           
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •