တရားစီရင်ရေးကဏ္ဍ ပိုမိုတိုးတက်ကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်

တရားစီရင်ရေးကဏ္ဍ ပိုမိုတိုးတက်ကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်


Ministry of Information/ ​နေပြည်တော် / April 04, 2020
image_latest


သတင်းဆောင်းပါး - နိုင်လင်းကြည်၊ ဓာတ်ပုံ - ဟိန်းစည်သူ

ပြည်သူက တစ်ခဲနက် ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရ၏ သက်တမ်းမှာ လေးနှစ် ပြည့်မြောက် ခဲ့ပြီဖြစ်သည်။ လေးနှစ်တာကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ် အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကာ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သည့် ပြည်သူ့အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများမှာ အားလုံးကောင်းမွန်အောင်မြင်ပါသည်ဟူ၍ မဆိုနိုင်သေးသည့်တိုင် သိသာထင်ရှားစွာ မြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ မမြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် ရုန်းကန်နေရဆဲ လုပ်ငန်းစဉ်များဟူ၍ တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁)နှစ်တာ ကာလအတွင်း ပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မှတ်တမ်းပြုတင်ပြအပ်ပါကြောင်း။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း တရားစီရင်ရေးကဏ္ဍ ပိုမိုတိုးတက်ကောင်းမွန်အောင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ပိုင်းခွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် တရားစီရင်ရေး စနစ်အပေါ် အများပြည်သူ ယုံကြည်ကိုးစား လာစေရေးနှင့် ယုံကြည်ကိုးစားလာမှုကိုလည်း တစ်နှစ်ထက် တစ်နှစ် တိုးမြှင့်လာစေရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် “အားလုံးအတွက် တိုးတက်ကောင်းမွန်သော တရားမျှတမှုဆီသို့” ဆောင်ပုဒ်နှင့်အညီ တရားစီရင်ရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ။

“ရုပ်ပိုင်းဆိုင်ရာက တရားရုံးအဆောက်အဦတွေ အဆင့်မြှင့်တင်ခြင်း၊ တရားခွင်တွေကို စနစ်တကျ ပြုလုပ်ခြင်း၊ တရားရေး သင်တန်းကျောင်းတွေ နိုင်ငံတကာအဆင့်မီ တည်ဆောက်ခြင်းတွေ ပါပါတယ်။ စိတ်ပိုင်းဆိုင်ရာက တရားသူကြီးတွေ၊ တရားရေး အရာရှိတွေနဲ့ တရားရေး ဝန်ထမ်းတွေ အသိ အမြင် တိုးတက်လာစေဖို့ ပြည်တွင်း/ ပြည်ပ သင်တန်းတွေ၊ အစည်းအဝေးတွေ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေ တက်ရောက်နိုင်ဖို့ နိုင်ငံတကာ မိတ်ဖက်အဖွဲ့ အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးရသလို နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်ချက်တွေနဲ့ အစိုးရဌာန၊ ဝန်ကြီးဌာန အသီးသီးတို့နဲ့လည်း ချိတ်ဆက်ဆောင်ရွက် ပေးရပါတယ်”ဟု ပြည်ထောင်စုတရားသူကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဦးကိုကိုနိုင် က ပြောသည်။

ထိုသို့ အကောင်အထည်ဖော်ဆောင်နိုင် ရန်အတွက် မဟာဗျူဟာစီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း ၂၀၁၅ - ၂၀၁၇ (၃)နှစ်တာ စီမံကိန်း၊ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း ၂၀၁၈-၂၀၂ (၅) နှစ်တာ စီမံကိန်း စသည်ဖြင့် ရေးဆွဲထုတ်ပြန်ခဲ့ပြီး အဆိုပါ စီမံကိန်းများနှင့် အညီ ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၉ ခုနှစ် သည် (၅)နှစ်တာ စီမံကိန်း၏ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှု ဒုတိယနှစ် ပြီးမြောက်သည့် နှစ်လည်း ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာ ပိုမိုတိုးတက်ကောင်းမွန် ဆောင်ရွက်

၂၀၁၉ ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်တရားရုံး အဆောက်အဦသစ်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၉ ရက်က ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ပါသည်။

ခရိုင်တရားရုံး အဆောက်အဦသစ်ကို တရားရုံးများ၏ ဂုဏ်သိက္ခာမြှင့်တင်ရေး၊ တရားရုံးအင်္ဂါရပ်နှင့် ညီညွတ်သည့် တရားရုံး အဆောက်အဦများ တည်ဆောက်ရေး စသည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့်အညီ တရားခွင် ၂၁ ခု၊ တရားသူကြီး နားနေခန်းများ၊ ဥပဒေအရာရှိ နားနေခန်း၊ ရှေ့နေများ နားနေခန်း၊ သက်သေများ နားနေခန်း၊ အမှုတွဲ ထိန်းသိမ်းခန်း၊ သက်သေခံပစ္စည်းများ ထိန်းသိမ်းခန်း ဧည့်ခန်း၊ စာကြည့်တိုက်၊ အစည်းအဝေးခန်း၊ မီဒီယာ တွေ့ဆုံမေးမြန်းခန်း၊ သတင်းအချက်အလက် ကောင်တာ၊ အမှုလက်ခံကောင်တာ၊ စုံစမ်းမေးမြန်းရန် ကောင်တာနှင့် ယာယီအချုပ်ခန်း စသည်ဖြင့် စံချိန်စံညွှန်းမီ တည်ဆောက်ထားခြင်း ဖြစ်သည်။

“Judicial College အဆောက်အဦကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်မှာ ပန္နက်တင်ပြီး စတင်ဆောက်လုပ်နေပြီ ဖြစ်ပါတယ်။ Judicial College အဆောက်အဦကို ၂၀၁၈ - ၂၀၂၂ (၅)နှစ်တာ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်းပါ မဟာဗျူဟာလုပ်ငန်း နယ်ပယ် (၄) “တရားရေးသင်တန်းကျောင်း အသစ်တည်ထောင်ရန်” ဆိုတဲ့ မဟာဗျူဟာ ရည်မှန်းချက်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အလျား ၁၆၄ ပေ၊ အနံ ၁၂၆ ပေရှိ RC သုံးထပ်အဆောက် အဦဖြစ်ပြီး သင်တန်းသား/သင်တန်းသူ အိပ်ခန်း ၄၀။ သင်တန်းခန်းမတွေနဲ့ ဆွေးနွေးခန်း၊ စာကြည့်တိုက်နဲ့ အင်တာနက် အသုံးပြုနိုင်မယ့်အခန်း၊ စုပေါင်းအစည်းအဝေးခန်းမ၊ လုံခြုံရေးအခန်း၊ တာဝန်ကျရုံးခန်း၊ ဧည့်ခန်း၊ စားသောက်ခန်း၊ နားနေခန်းနဲ့ စတိုခန်းတွေ ကို သတ်မှတ် အကျယ်အဝန်းနဲ့အညီ ဖွဲ့စည်းတည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးကိုကိုနိုင်က ရှင်းပြသည်။

တရားရုံးဝန်ဆောင်မှုများ အဆင့်မြှင့်တင်

နိုင်ငံတကာတွင် နည်းပညာအသုံးပြု တရားရုံးများကို တည်ထောင်အသုံးပြုလာကြကာ ပိုမိုတိုးတက် ကောင်းမွန်သည့် အဆင့်မြှင့်တင်မှုများကို ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ နိုင်ငံတော် အစိုးရကလည်း နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန် e-Government အကောင်အထည်ဖော်ဆောင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေဖြင့် တရားရုံး အသုံးပြုသူများအတွက် လိုအပ်သည့် သတင်းအချက်အလက်များ၊ တရားရုံးထုတ်ပြန် ကြေညာချက်များနှင့် တရားရုံး များ၏ လှုပ်ရှားဆောင်ရွက်မှုများကို ပွင့်လင်းမြင်သာမှု ရှိရန်နှင့် အများပြည်သူ လွယ်ကူအဆင်ပြေစွာ ရှာဖွေအသုံးပြုနိုင်ရန်အတွက် နည်းပညာအသုံးပြု ဝန်ဆောင်မှု ပေးခြင်း များကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၁၉ ခုနှစ်အတွင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ Website ကို Update ပြုလုပ်ခြင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် (၁၄) ခုတို့တွင် Website များ တည်ထောင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ခြင်း၊ တရားရုံးအသုံးပြုသူများ မှီငြမ်းကိုးကားရာတွင် အထောက် အကူဖြစ်မည့် စီရင်ထုံးများ ရှာဖွေရာတွင် လွယ်ကူစေရန် Ruling Content Management System (RCMS) စနစ်တစ်ခု တည်ဆောက်ခြင်း၊ တရားရုံးအဆင့်ဆင့်မှ အမှုဆိုင်ရာ အချက်အလက်များ ကောက်ယူရာတွင် လွယ်ကူရိုးရှင်းပြီး အချိန်ကုန်သက်သာစွာဖြင့် အသုံးပြုနိုင်မည့် မိုဘိုင်းဖုန်းသုံး Data collecting System စနစ် လုပ်ဆောင်ခြင်း၊ နည်းပညာသုံး မှုခင်းစီမံခန့်ခွဲမှုစနစ် (ACMS) တိုးချဲ့ ပြင်ဆင်လုပ်ဆောင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

တရားစီရင်ရေးဆိုင်ရာအသိမြှင့်တင်

အများပြည်သူ၏ အသိအမြင်ကို မြှင့်တင်ပေးရန် ဆောင်ရွက်ချက်များ အနေဖြင့် “သတင်းမီဒီယာ၊ အများပြည်သူတို့နှင့် ဆက်ဆံပြောဆိုမှု တိုးတက်စေရန်” တရားရေး အရာရှိ များကို မီဒီယာ ကျွမ်းကျင်မှုသင်တန်းများ ပေးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ USAIDPRLM တို့ ပူးပေါင်းပြီး မီဒီယာဆက်ဆံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၆) ကြိမ် ကျင်းပ နိုင်ခဲ့သည်။

၂၀၁၉ ခုနှစ်ထဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်၊ ခရိုင်တရားရုံး၊ မြို့နယ်တရားရုံးများမှ သတင်းပြန်ကြားရေး အရာရှိများက သတင်းမီဒီယာများကို လက်ခံတွေ့ဆုံကာ သတင်းပြန်ကြားပေးမှု စုစုပေါင်း (၂၁၁)ကြိမ် ရှိသည်။

ထို့ပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် My Justice တို့ ပူးပေါင်းကာ ကချင်၊ ကယား၊ ကရင်၊ မွန်နှင့် ရှမ်း စသည့် ပြည်နယ်များတွင် ပြည်သူများ တရားရုံးလက်ကမ်း စာစောင်များကို ကချင်၊ ကယား၊ ပိုးကရင်၊ စကောကရင်၊ မွန်၊ ရှမ်းနှင့် ပအိုဝ်း စသည့် တိုင်းရင်းသားဘာသာစကားဖြင့် ဘာသာပြန်ဆို ဖြန့်ဝေပေး နိုင်သည်။

စိတ်ပိုင်းဆိုင်ရာ ပိုမိုတိုးတက် ကောင်းမွန်ဆောင်ရွက်နိုင်

ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများသည် နိုင်ငံတကာမှ ဖိတ်ကြားသည့် တရားစီရင်ရေးဆိုင်ရာ ညီလာခံများ၊ အစည်းအဝေး များနှင့် ဆွေးနွေး ပွဲများကို တက်ရောက်လျက်ရှိပြီး တရားစီရင်ရေးကဏ္ဍ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

“ဒီနှစ်ထဲမှာ ပြည်ထောင်စု တရားသူကြီးချုပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေး ဝန်ကြီးဌာနဝန်ကြီး Mr. Alexander Konovalog ရဲ့ ဖိတ်ကြားချက်အရ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာဇဘတ်မြို့မှာ ၂၀၁၉ ခုနှစ် မေ ၁၄ ရက်ကနေ ၁၈ ရက်အထိ ကျင်းပတဲ့ (၉)ကြိမ်မြောက် စိန့်ပီတာဇဘတ် နိုင်ငံတကာ ဥပဒေဖိုရမ် တက်ရောက်ခြင်း ထိုင်းနိုင်ငံ ဖူးခက်မြို့နဲ့ ဗန်ကောက်မြို့တို့မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၂ ရက်ကနေ ၂၃ ရက် အထိ ကျင်းပတဲ့ (၇)ကြိမ်မြောက် အာဆီယံ တရားသူကြီးချုပ်များကောင်စီ အစည်းအဝေး တက်ရောက်ခြင်းတို့ ရှိပါတယ်။ ဒါ့အပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရား သူကြီးတွေဖြစ်ကြတဲ့ ဦးမြင့်အောင်၊ ဦးအောင်ဇော်သိန်း၊ ဦးမြဟန်၊ ဦးမျိုးဝင်းတို့လည်း အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်၊ ရုရှား၊ အိန္ဒိယနဲ့ အမေရိကန် စတဲ့ နိုင်ငံတွေကို တရားစီရင်ရေးနဲ့သက်ဆိုင်တဲ့ လေ့လာရေးခရီး၊ ကွန်ဖရင့်နဲ့ ညီလာခံတွေ တက်ရောက်ခဲ့ကြပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးကိုကိုနိုင်က ပြောသည်။

၂၀၁၉ ခုနှစ်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများ ဦးဆောင်သည့် အဖွဲ့များသည် တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် ဖီဂျီနိုင်ငံ တို့တွင် ကျင်းပသည့် တရားစီရင်ရေးဆိုင်ရာ ညီလာခံများ၊ ဆွေးနွေးပွဲများနှင့် လေ့လာရေးခရီးများ သွားရောက်ခဲ့ကြသည်။

လေ့ကျင့်သင်ကြားရေး

လေ့ကျင့်သင်ကြားရေးတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေဖြင့် တရားရုံး အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်လျက် ရှိကြသည့် တရားရေးအရာရှိများနှင့် စာရေး ဝန်ထမ်းများကို ဌာနဆိုင်ရာ လေ့ကျင့် သင်ကြားပေးမှုများ ပြုလုပ်ပေးလျက်ရှိသည့်အပြင် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်ပို့ချသည့် သင်တန်းများ၊ အခြားဝန်ကြီး ဌာနများမှ ဖွင့်လှစ်သည့် ပြင်ပသင်တန်းများကို အခါအားလျော်စွာ တက်ရောက်စေ လျက်ရှိသည်။

“တရားရေးအရာရှိတွေနဲ့ တရားသူကြီးတွေကို နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ် စေလွှတ်ရေး ကော်မတီက ခွဲဝေချထားတဲ့ နိုင်ငံခြားပညာသင်ဆုတွေကို ဖြေဆိုခွင့်ပြုပြီး ဩစတြေးလျ၊ အင်္ဂလန်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ် စတဲ့နိုင်ငံတွေမှာ မဟာဥပဒေဘွဲ့ သင်တန်းနဲ့ ဥပဒေပါရဂူဘွဲ့သင်တန်းတွေ တက်ရောက်စေလျက်ရှိပါတယ်။”

“၂၀၁၄ ခုနှစ်အောက်တိုဘာလ ၉ရက်က စင်ကာပူသမ္မတနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာနနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ လက်မှတ်ရေးထိုးထားတဲ့ စင်ကာပူ - မြန်မာ ဥပဒေရေးရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအရ ၂၀၁၄ ခုနှစ်မှစပြီး စင်ကာပူတရားရုံးတွေမှာ တွဲဖက်လေ့လာဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ကိုယ်စားလှယ်တွေ စဉ်ဆက်မပြတ် စေလွှတ်ခဲ့ရာ ယခုနှစ်အထိ (၉) ကြိမ် မြောက် စေလွှတ်ခဲ့ပြီး ဖြစ်ပါတယ်” ဟု ဦးကိုကိုနိုင်က ပြောသည်။

စွမ်းဆောင်ရည်မြှင့်တင်

ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ အမျိုးသား တရားစီရင်ရေး အကယ်ဒမီတို့ လက်မှတ်ရေး ထိုးခဲ့သည့် မြန်မာနိုင်ငံမှ တရားသူကြီးများနှင့် တရားရေးအရာရှိများအား အိန္ဒိယနိုင်ငံ သို့ စေလွှတ်၍ သင်တန်းပေးခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံ ဘိုပါးမြို့ အမျိုးသားတရားစီရင်ရေး အကယ်ဒမီတွင် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၃ ရက်မှ ၂၉ ရက်အထိ ဖွင့်လှစ်သည့် ပထမအကြိမ် တရားစီရင်ရေးဆိုင်ရာ သင်တန်းကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့် လက်အောက်ခံ တရားရုံး အဆင့်ဆင့်မှ တရားရေးအရာရှိ ၄၀ စေလွှတ်ခဲ့သည်။

ထို့ပြင် တရားရုံးအဆင့်ဆင့်မှ တရားရေး အရာရှိများကို သက်ဆိုင်ရာ နယ်ပယ်အလိုက် နိုင်ငံတကာမှ ဖိတ်ကြားသည့် ကာလတို သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် လေ့လာရေးခရီးစဉ်များကို တက်ရောက်စေခဲ့ရာမှာ စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ကို အများဆုံး တက်ရောက် ခဲ့သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း ၂၀၁၈- ၂၀၂၂ (၅)နှစ်တာ စီမံကိန်းချမှတ်ပြီး စနစ်တကျ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိရာ နှစ်အလိုက် စီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိမှုနှင့် ဆောင်ရွက်နိုင်မှု မရှိသည့် ကိစ္စရပ်များကို ပြန်လည်စိစစ်နိုင်ရန်အတွက် တရားရုံး နှစ်စဉ် အစီရင်ခံစာကို ၂၀၁၆ ခုနှစ်မှ စတင်ကာ နှစ်စဉ်ပြုစုထုတ်ပြန်လျက်ရှိသည်။ ။

တရားရုံးအဆင့်ဆင့်ကို အသွင်သဏ္ဌာန် နှင့် အနှစ်သာရပိုင်း ပြုပြင်ပြောင်းလဲမှုနှင့် တရားစီရင်ရေးကဏ္ဍ ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာရေး၊ လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာဆိုင်ရာ ကူညီထောက်ပံ့မှုများလည်း လိုအပ်လျက်ရှိသည်။

ဥပဒေလိုက်နာမှု အလေ့အကျင့်ထွန်းကား

ပြည်သူများအကြားတွင် တရားဥပဒေ စိုးမိုးရေး ရှင်သန်ထွန်းကားစေရေးအတွက် ပြည်သူများ၏ ဥပဒေအသိအမြင် မြင့်မားရန် လိုအပ်သည့်အပြင် တည်ဆဲဥပဒေများကို လိုက်နာတတ်သည့် အလေ့အကျင့် ထွန်းကားရန်လည်း လိုအပ်သည်။ ထို့ကြောင့် တရားစီရင်ရေးကိစ္စတွင် ပါဝင်ပတ်သက်သူအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ ပြည်သူအများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ် ဖြစ်ပေါ်လာကာ လူမှုအဖွဲ့အစည်းအတွင်း တရားဥပဒေ စိုးမိုးရေး ခိုင်မာအားကောင်းလာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မြန်မာ့တရားစီရင်ရေး၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများကို “အားလုံးအတွက် တိုးတက်ကောင်းမွန်သော တရားမျှတမှုဆီသို့” ရည်ရွယ်ပြီး တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း ၂၀၁၈ - ၂၀၂၂ ကို ဆက်လက် အကောင်အထည်ဖော်လျက်ရှိသည်။

မှုခင်းဆောင်ရွက်ခြင်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် လက်အောက်တရားရုံးအဆင့်ဆင့်တို့၏ ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ကာလအတွင်း အမှုပြီးပြတ်မှုနှုန်းမှာ ၉၉ ဒသမ ၅၇ ရာခိုင်နှုန်းဖြစ်သည်။ ယခင်နှစ် အမှုပြီးပြတ်နှုန်း ၉၈ ရာခိုင်နှုန်းထက် ပိုမိုကောင်းမွန်ခဲ့သည်။ သို့သော်ရည်မှန်းချက် ၁၀၀ ရာခိုင်နှုန်း ပြည့်မီခြင်းမရှိသေးသဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ရည်မှန်းချက် ပြည့်မီရေး ဦးစားပေးဆောင်ရွက်ရမည်ဖြစ်သည်။

မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်

နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်မှစတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်ရာ ၂၀၁၈ ခုနှစ်အတွင်း ခရိုင်နှင့် မြို့နယ်အဆင့် တရားရုံး ၂၆ ရုံး၊ ၂၀၁၉ ခုနှစ်တွင် ခရိုင်နှင့် မြို့နယ်အဆင့် တရားရုံး ၄၈ ရုံး၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ခရိုင်တရားရုံး ၂၅ ရုံး စုစုပေါင်း တရားရုံး ၉၉ ရုံးတွင် အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဇူလိုင်လတွင် မြို့နယ်တရားရုံး ၁၀၉ ရုံးတွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။

၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင်များရှိ မြို့နယ်တရားရုံးများကို အကောင်အထည်ဖော်ခြင်းဖြင့် မှုခင်းစီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်မှုကို သိသာ ထင်ရှားစေခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် မှုခင်းစီမံခန့်ခွဲမှု တရားရုံးများ၏ အမှုပြီးပြတ်မှုနှုန်းမှာ ရာဇဝတ်မှုများ တွင် ၁၀၆ ရာခိုင်နှုန်းနှင့် တရားမမှုများတွင် ၈၉ ရာခိုင်နှုန်း၊ စုစုပေါင်း ၉၇ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် မှုခင်းစီမံ ခန့်ခွဲမှု တရားရုံးများ၏ အမှုပြီးပြတ်မှုနှုန်းမှာ ရာဇဝတ်မှုများတွင် ၁၀၉ ရာခိုင်နှုန်းနှင့် တရားမမှုများတွင် ၁၃၉ ရာခိုင်နှုန်း စုစုပေါင်း ၁၂၄ ရာခိုင်နှုန်း ဖြစ်သည်။ ။

စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်

တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်ကို ဒက္ခိဏခရိုင်တရားရုံး၊ တပ်ကုန်းမြို့နယ် တရားရုံး၊ တောင်ငူခရိုင်တရားရုံးနှင့် တောင်ငူမြို့နယ်တရားရုံး တို့တွင် ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်မှ စတင်ခဲ့သည်။

“၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၈ ရက် အထိတရားရုံးကနေ စေ့စပ်ဖြေရှင်းဖို့လွှဲပြောင်း ပေးပို့တဲ့ အမှုတွေရဲ့ ၂၄ ဒသမ ၀၂ ရာခိုင်နှုန်းကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ တရားမကြီး အမှုတွေရဲ့ ၁၆ ဒသမ ၂၉ ရာခိုင် နှုန်းဟာ စေ့စပ်ဖြေရှင်းမှု အောင်မြင်ပြီးပြတ်ခဲ့ပါတယ်။ စေ့စပ်ဖြေရှင်းဖို့ လွှဲအပ်ခဲ့တဲ့အမှုတွေက ငွေကြေးမှုခင်း ၅၈ ရာခိုင်နှုန်း၊ မိသားစုမှုခင်း ၂၁ ဒသမ ၄၈ ရာခိုင်နှုန်း၊ ကူးသန်းရောင်းဝယ်ရေး မှုခင်း သုည ဒသမ ၂၂ ရာခိုင်နှုန်း၊ အခြား အမှု ၁၉ ဒသမ ၈၇ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒီလိုစေ့စပ်ဖြေရှင်းခြင်းဖြင့် အမှုပြီးပြတ်ဖို့ကြာမြင့်ရက်တွေကို လျှော့ချနိုင်ပြီး နှစ်ဖက် အမှုသည်တွေရရှိတဲ့ သဘောတူညီချက်ကို ချက်ချင်းလိုက်နာဆောင်ရွက်ခြင်းနဲ့ ထိရောက် မှုရှိတာကိုလည်း တွေ့ရှိရပါတယ်။ စစ်တမ်းတွေအရ စေ့စပ်ဖြေရှင်းတဲ့ အမှုသည်တွေနဲ့ ၎င်းတို့ရဲ့ ရှေ့နေတွေ ၁၀၀ ရာခိုင်နှုန်းက စေ့စပ်ဖြေရှင်းရေးစနစ်ကို ကောင်းမွန်တယ်လို့ ထင်မြင်ချက်ပေးခဲ့ပါတယ်”ဟု ပြည်ထောင်စု တရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူး ချုပ် ဒေါ်တင်နွယ်စိုးက ပြောသည်။

မတ်လ ၁ရက်မှစ၍ စမ်းသပ်အစီအစဉ်ကို ဒက္ခိဏခရိုင်အတွင်းရှိ ကျန်မြို့နယ် (၆) မြို့နယ်တွင် တိုးချဲ့ ဆောင်ရွက်မည်ဖြစ်ပြီး တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စနစ်ကို တစ်နိုင်ငံလုံးတွင် အသုံးပြုနိုင်ရန် ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲလျက်ရှိပြီး ၂၀၂၂ ခုနှစ်အတွင်း အကောင်အထည်ဖော်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိသည်။

တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာပြောင်းလဲ

၂၀၁၉ ခုနှစ်အတွင်း ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၆ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၈၈/၂၀၁၉)၊ (၆၈၉/၂၀၁၉)၊ (၆၉၀/၂၀၁၉) တို့ဖြင့် ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေအရ ကလေးသူငယ် မှုခင်းများကို စစ်ဆေးစီရင်ရန် ကလေးသူငယ် တရားရုံး (ရန်ကုန်မြို့)၊ ကလေးသူငယ် တရားရုံး(မန္တလေးမြို့)နှင့် အခြားဒေသများရှိ မြို့နယ်တရားရုံးများတွင် စီရင်ပိုင်ခွင့်အာဏာများ အပ်နှင်းခဲ့သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀၈၃/၂၀၁၉)ဖြင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားရုံးအား ဖွဲ့စည်း၍ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း(ပန်ခမ်း) မြို့နယ်များတွင် ဖြစ်ပွားသော ရာဇဝတ်နှင့် တရားမမှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာကို အပ်နှင်းခဲ့သည်။

ဥပဒေလုပ်ထုံးလုပ်နည်း

၂၀၁၈ ခုနှစ်အတွင်း ပြည်ထောင်စုတရား လွှတ်တော်ချုပ်က စီမံခန့်ခွဲရသောဥပဒေ ၅၂ မျိုးအနက် ခေတ်ကာလနှင့် လိုက်လျော ညီထွေမှုရှိရန် ဥပဒေပြင်ဆင်ခြင်း၊ နည်းဥပဒေ နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခြင်း၊ ဥပဒေမူကြမ်း ရေးဆွဲခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေကို ပြည်ထောင်စု ဥပဒေအမှတ်(၂၅/၂၀၁၉) ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၀ ရက်တွင် လည်းကောင်း၊ လူမွဲခံယူခြင်းဆိုင်ရာဥပဒေကို ပြည်ထောင်စု ဥပဒေအမှတ် (၁/၂၀၂၀) ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် လည်းကောင်း ပြဋ္ဌာန်းခဲ့သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၉ ရက် ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၆၉၄/၂၀၁၉) ဖြင့် အမှုတွဲမိတ္တူကူးခြင်းဆိုင်ရာ နည်းဥပဒေများကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ( ၇၈၆/၂၀၁၉) ဖြင့် တရားလွှတ်တော် ရှေ့နေများကောင်စီ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများကို လည်းကောင်း ထုတ်ပြန်ခဲ့သည်။

အကျဉ်းထောင်ရဲဘက်စခန်းများနှင့် ရဲတပ်ဖွဲ့ အချုပ်ခန်းများ စစ်ဆေး

ပြည်ထောင်စုတရားစီရင် ရေးဥပဒေ ပုဒ်မ ၆၇ နှင့် ၆၈ တို့အရ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများ၊ ခရိုင်တရား သူကြီးများသည် အကျဉ်းထောင်များသို့ ၇၆ ကြိမ်၊ ရဲတပ်ဖွဲ့ အချုပ်ခန်းများသို့ ၆၃၇ ကြိမ်နှင့် ရဲဘက်စခန်းများသို့ ၄၉ ကြိမ် သွားရောက်စစ်ဆေးကာ အချုပ်ခံနေရသူများ၊ ပြစ်ဒဏ်ကျ အကျဉ်းသူ အကျဉ်းသားများအတွက် ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိခံစားနိုင်ရေးနှင့် အမှုများ စစ်ဆေးစီရင်ရာတွင် နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေး လိုအပ်ချက်များကို လမ်းညွှန်မှုပြုကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်း ကို ယခင်နှစ်ထက် ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

ပြည်ထောင်စု တရားလွှတ် တော်ချုပ်သည် “အားလုံး အတွက် တိုးတက်ကောင်းမွန်သော တရားမျှတမှုဆီသို့” (Towards Improving Justice for All) ဆိုသည့် ဆောင်ပုဒ်နှင့် အတူ မြန်မာနိုင်ငံ တရားစီရင်ရေး၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း ၂၀၁၈ - ၂၀၂၂ ကို လူတိုင်းသို့ အရည် အသွေးမြင့် တရားမျှတမှုများကို ဖြည့်ဆည်းပေးရန် တရားရုံးများ အပေါ် ပြည်သူလူထု၏ စိတ်ချ ယုံကြည်မှုနှင့် ထိရောက်မှုရှိသည့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိသည်။

တရားစီရင်ရေး ပိုမိုတိုးတက်ဆောင်ရွက်

တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန် အဓိက ဆောင်ရွက်ချက်များမှာ - (၁) တရားရုံးအဆင့်ဆင့်သို့ စွဲဆိုသည့် အမှုများ ပြီးပြတ်မှုနှုန်းကို ၉၉ ဒသမ ၅၇ ရာခိုင်နှုန်းသို့ တိုးတက်အောင် ဆောင်ရွက်ခြင်း၊

(၂) မှုခင်းများကို ဥပဒေနှင့်အညီ တရားမျှတပြီး အချိန်မီထိရောက်စွာ ဖြေရှင်းပေးရေးအတွက် နိုင်ငံတစ်ဝန်း  မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကို ခရိုင်တရားရုံး ၅ ရုံးနှင့် မြို့နယ်တရားရုံး ၄၃ ရုံးတွင် တိုးချဲ့ အကောင်အထည်ဖော်ခြင်းနှင့် အမှုပြီးပြတ်နှုန်း၊ အမှုများစံသတ်မှတ်သည့် အချိန်ကာလအတွင်း ပြီးပြတ်မှုနှင့် အမှုရုံးချိန်းသေချာစေမှု တိုးတက်အောင် ဆောင်ရွက်ခြင်း၊

(၃) တိုင်းဒေသကြီး/ ပြည်နယ်များနှင့် မြို့နယ်များတွင် ဥပဒေအထောက်အကူပြု အဖွဲ့များ ဖွဲ့စည်းခြင်း၊ ပြင်ဆင်ဖွဲ့စည်းပေးခြင်းနှင့် ရုံးများအတွက် ထောက်ကူဆောင်ရွက်ပေးခြင်း၊

(၄) တရားသူကြီးများ၏ တရားစီရင်ရေးနှင့် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်စေရန် “အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်း ဝယ်ရေးကိစ္စရပ်များကို ဥပဒေရှုထောင့်မှ လေ့လာခြင်း” စာအုပ်ပြုစုထုတ်ဝေခြင်း၊ သက်ဆိုင်သည့် ဝန်ကြီးဌာနများ၊ ပညာရေး ဌာနများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ဆွေးနွေးပွဲ ကျင်းပခြင်း၊

(၅) တရားသူကြီးများအတွက် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများ နှင့် တရားရုံး လုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်း၊

(၆) ကလေးသူငယ်များနှင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် လူကြီးများအတွက် အထူးသက်သေ စစ်မေးခန်းများနှင့် သက်သေစကားပြန်များ အသုံးပြုခြင်းဆိုင်ရာ ညွှန်ကြားချက် ထုတ်ပြန်ခြင်း၊

(၇) ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် ရှေ့နေရှေ့ရပ်နှင့် နိုတြီပဗ္ဗလစ်များ၏ လုပ်ငန်း လုပ်ဆောင်ရာ တွင် လိုက်နာဆောင်ရွက်ရန် ကြေညာချက်ထုတ်ပြန်ခြင်း၊

(၈) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ website တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် တရားရုံးများ၏ တရားမမှုများပြီးပြတ်နှုန်း၊ တရားမမှုများ၏ ပျမ်းမျှကြန့်ကြာကာလ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် အဆင့်ဆင့်တရားရုံးများ၏ ၂၀၁၈ ခုနှစ်အတွင်း ဆုံးဖြတ်သည့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အမှုစီရင်ချက်များကို ဖော်ပြခြင်း၊

(၉) ဒေသအလိုက် ပြည်သူအတွက် တရားရုံး လက်ကမ်းစာစောင်များကို ကချင်၊ ကယား၊ ပိုးကရင်၊ စကောကရင်၊ မွန်၊ ရှမ်းနှင့် ပအိုဝ်း စသည့် တိုင်းရင်းသားဘာသာစကား ခုနစ်မျိုး ဖြင့် ဖြန့်ဝေခြင်း၊ (၁၀) တရားရုံးအဆင့်ဆင့်တွင် သတင်းမီဒီယာ နှင့် တွေ့ဆုံ၍ အများပြည်သူစိတ်ဝင်စားသည့် မှုခင်းများကို အချိန်နှင့်တစ်ပြေးညီ သတင်း ထုတ်ပြန်ပေးခြင်း၊

(၁၁) တရားရုံးက ဦးဆောင်သည့် စေ့စပ် ဖြေရှင်းရေးစမ်းသပ်အစီအစဉ်ကို ခရိုင်တရားရုံး နှစ်ရုံးနှင့် မြို့နယ်တရားရုံး နှစ်ရုံးတို့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။

အားနည်းချက်၊ အားသာချက်၊ စိန်ခေါ်မှု

မှုခင်းများကို ပိုမိုပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း ပိုမိုများပြားလာသည့် စွဲဆိုမှုခင်းများကို လျော့နည်းသွားအောင်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါ။ မှုခင်းစီမံခန့်ခွဲ မှုစနစ်သည် အမှုစစ်ဆေးစီရင်မှု၏ အရေးကြီး သည့် ပြုပြင်ပြောင်းလဲမှုဖြစ်၍ တရားသူကြီး၊ တရားရုံး ဝန်ထမ်းများသာမက အမှုသည်များ၊ သက်သေများ (ပုဂ္ဂလိက ဌာနဆိုင်ရာ)၊ ဆက်စပ်အဖွဲ့ အစည်းများ၊ ရှေ့နေများအားလုံး လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းအကောင် အထည်ဖော်ရန်လည်း လိုအပ်သည်။တရားစီရင်ရေး၏ ပြုပြင်ပြောင်းလဲမှုများ ဖြစ်သည့် မှုခင်းစီမံခန့်ခွဲမှုစနစ် ကျင့်သုံးခြင်း၊ တရားရုံးအစီရင်ခံစာများ ထုတ်ပြန်ခြင်းနှင့် ကူးသန်းရောင်းဝယ်ရေး မှုခင်းစီရင်ချက်များ ထုတ်ပြန်ခြင်းတို့သည်မှုခင်းများနှင့် သက်ဆိုင်သူများသာမက တရားစီရင်ရေး၏ တိုးတက် ဖြစ်ပေါ်မှုနှင့် နိုင်ငံ၏ စီးပွားရေးတိုးတက်မှု အတွက် အထောက်အကူဖြစ်စေသည်။

ကြန့်ကြာမှုမရှိဘဲ အမှုဆောင်ရွက်ပြီးစီးမှု

တရားစီရင်ရေးနယ်ပယ်၌ အမှုများ စစ်ဆေးရာတွင် ကြန့်ကြာနေခြင်းသည် တရားမျှတမှုကို ဆုံးရှုံးစေသည်။ အမှုများ စစ်ဆေးရာတွင်လည်း သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် နှစ်ဖက်အမှုသည်၏ အခွင့်အရေးများကို လိုက်နာ၍ တရားမျှတစွာ စစ်ဆေးစီရင်ရန် ဖြစ်သည်။ မှုခင်းစီမံခန့်ခွဲမှု စနစ်သည် အမှုများကို အမြန်စစ်ဆေးခြင်း မဟုတ်ဘဲ သတ်မှတ်ကာလအတွင်း ပြီးပြတ် အောင် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ခြင်းဖြစ်သည်။ ။

ယင်းစနစ်ကို အသုံးပြုခြင်းဖြင့် ကြန့်ကြာမှုများကို လျှော့ချနိုင်ရန်နှင့် မှုခင်း ဆောင်ရွက်မှု အဆင့်တိုင်းတွင် စနစ်တကျ မှတ်တမ်းတင်ခြင်းဖြင့် ကြန့်ကြာရသည့် အကြောင်းရင်းများကို သိရှိသည့်အပြင် ယခင်ကထက် ကြန့်ကြာမှုများကို လျှော့ချနိုင်သော်လည်း လျာထားချက် ပြည့်မီမှုအနေဖြင့် မရှိသေးပါ။

“စေ့စပ်ဖြေရှင်းရေးအစီအစဉ် တိုးတက်မှုနဲ့ ပြည်သူတွေရဲ့ တုံ့ပြန်မှုအပိုင်းမှာ စမ်းသပ် အစီအစဉ် တရားရုံးတွေမှာ စေ့စပ်ဖြေရှင်းရေး အောင်မြင်မှုတွေ တိုးတက်ကောင်းမွန်ပြီး ပြည်သူတွေနဲ့ အမှုသည်တွေကိုလားကြောင်း တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း တရားရုံး လက်ကမ်းစာစောင်တွေကို မြန်မာ ဘာသာစကားနဲ့သာမက တိုင်းရင်းသား ဘာသာစကား (၇) မျိုးနဲ့ ဖြန့်ဝေနိုင်ခဲ့ပါတယ်။ တရားရုံးက ဦးဆောင်တဲ့ စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်ကို အသိပညာပေးဗီဒီယို ထုတ်လွှင့်ဖို့ စီစဉ်ပြီးပါပြီ။ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေအတွက် အသိပညာပေး ဗီဒီယို ထုတ်လွှင့်ဖို့စီစဉ်သွားမှာ ဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ပြောကြားသည်။

နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်

တရားစီရင်ရေး မဟာဗျူးမဟာ စီမံကိန်းပါ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုတရားသူကြီးချုပ်က အာဆီယံတရားသူကြီးချုပ်များ ကောင်းစီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး အာဆီယံ ဒေသ တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှု များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

နှစ်နိုင်ငံ တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် တရားစီရင်ရေးက အထောက်အကူဖြစ်ရန် ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် စင်ကာပူတရား လွှတ်တော်ချုပ်တို့ အကြား ငွေကြေးဆိုင်ရာ စီရင်ချက်များ အတည်ပြုရန် အတွက်လမ်းညွှန်မှုစာချွန်လွှာ ကို လက်မှတ်ရေးထိုးခဲ့သည်။

ဆက်လက်ဆောင်ရွက်

 အစိုးရသစ် တာဝန်ယူချိန်မှစတင်ကာ ပြည်သူဗဟိုပြု လုပ်ငန်းဆောင်ရွက်မှုများကို ပြည်ထောင်စု  တရားလွှတ်တော်ချုပ် အနေဖြင့် အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့် နှစ်တွင် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် တရားရုံးအဆင့်ဆင့်သို့ စွဲဆိုသည့်အမှုများပြီးပြတ်မှုနှုန်း လျာထားချက် ပြည့်မီအောင် ဆောင်ရွက်ရန် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို ခရိုင်တရားရုံး (၂၅)ရုံးနှင့် မြို့နယ်တရားရုံး(၁၀၉)ရုံးတွင် တိုးချဲ့ အကောင်အထည်ဖော်ရန်၊ အမှုများ စံသတ်မှတ်သည့် အချိန်ကာလ အတွင်း ပြီးပြတ်မှုနှင့် အမှုရုံးချိန်း သေချာစေမှု တိုးတက် အောင်ဆောင်ရွက်ရန်၊ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်ကို မြို့နယ်တရားရုံး ခြောက်ရုံးတွင် တိုးချဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ တရားရုံးများတွင် အထူးသက်သေစစ်မေးခန်းများနှင့် ဗီဒီယိုဖြင့် စစ်ဆေးသည့် အထောက်အပံ့ပစ္စည်းများ တိုးချဲ့ဆောင်ရွက်ရန်၊ တန်ဖိုးနည်း သက်သာခွင့်တောင်းဆိုသော တရားမမှုများ အတွက်လုပ်ထုံးလုပ်နည်းများ၊ လူမွဲခံယူခြင်း ဆိုင်ရာ နည်းဥပဒေများစသည့် ဥပဒေမူဘောင်သစ်များ ထုတ်ပြန်ရေးဆောင်ရွက်ရန်၊ ကူးသန်းရောင်းဝယ်ရေး တရားရုံး တည်ထောင်ရေးအတွက် လုပ်ငန်းစီမံချက်များရေးဆွဲရန်။ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော်ရေးလုပ်ငန်း အစီအစဉ်များချမှတ်ရန်၊ တရားရုံးစီရင်ချက်များ ထုတ်ပြန်ရေးအတွက် အိုင်တီနည်းပညာ စနစ်တစ်ခု တည်ဆောက်ရန်၊ တရားသူကြီးများ နှင့် တရားရေးအရာရှိများ၏ တရားစီရင်ရေးနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို မြှင့်တင်ရန်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၊ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၊ နယ်စပ်ဖြတ်ကျော် တရားမမှုခင်းများနှင့် စီးပွားရေးမှုခင်းများတွက် ဒေသတွင်း တရားရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်တို့ကို ဆက်လက် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း တင်ပြလိုက် ပါသည်။ ။

HOT NEWS
January 4,