တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံဆွေးနွေး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံဆွေးနွေး


Ministry of Information/ ​နေပြည်တော် / January 18, 2020
image_latest


နေပြည်တော် ဇန်နဝါရီ ၁၈

မြန်မာနိုင်ငံတွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Resort Hotel ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးနှင့် တပ်မတော်နှစ်ရပ်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် ဧည့်သည်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတက ၁၉ နှစ်တာ ကာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတတစ်ဦး၏ ခရီးစဉ်အဖြစ် လည်းကောင်း၊ မိမိမှ သမ္မတ တာဝန်ထမ်း ဆောင်ချိန်တွင် ပထမဦးဆုံး အကြိမ်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၏ ပထမဦးဆုံးပြည်ပ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ရခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခိုင်မာ လျက်ရှိသည်ကို ဖော်ပြခြင်းပင် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်ခိုင်မာ ဖွံ့ဖြိုးတိုးတက်ရန်အတွက်  တွန်းအားပေးလိုပြီး နှစ်နိုင်ငံ အေးအတူပူအမျှဖြစ်သည့် အသိုက်အဝန်းကို ထူထောင်ရန်နှင့် ပူးပေါင်း ဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ပြောကြားရာတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ၉ နှစ်တာ ကာလအတွင်း အတွေ့အကြုံများစွာ ရရှိခဲ့ပြီး အောင်မြင်မှုများရှိသလို စိန်ခေါ်မှုများလည်း ရှိနေပါကြောင်း၊ အရေးကြီးသော စိန်ခေါ်မှုတစ်ရပ်မှာ နိုင်ငံတည်ငြိမ်အေးချမ်းရေး ဖြစ်ပြီး ငြိမ်းချမ်းရေးသည် အဓိကအရေးကြီးပါကြောင်းနှင့် ငြိမ်းချမ်းရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံ ကြုံတွေ့နေရသည့် အခက်အခဲများအား အစိုးရက ဥပဒေအရ ဖြေရှင်းဆောင်ရွက်မှုများအပေါ် နားလည်ထောက်ခံပါကြောင်းနှင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုလည်း ထောက်ခံပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရန်နှင့် ဥပဒေနှင့်အညီ ဖြစ်ရန်အတွက် အစိုးရ၏ ထိန်းကျောင်းမှုသည် များစွာအရေးပါပြီး မိမိတို့နိုင်ငံတွင်လည်း တည်ငြိမ်အေးချမ်းရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

တရုတ်နိုင်ငံက ဆောင်ရွက်နေသော OBOR စီမံကိန်းများတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ၊ အရင်းနိုင်ငံဖြစ်ပြီး အဖျားနိုင်ငံ မဟုတ်သောကြောင့် ယင်းစီမံကိန်းများအား မြန်မာနိုင်ငံအတွက် အကျိုးရှိစေသော ဆောင်ရွက်ချက်များ ဆောင်ရွက်နိုင်ပါက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်လာပြီး ပြည်သူများ စိတ်ချမ်းသာမှုရရှိကာ ငြိမ်းချမ်းရေးလမ်းကြောင်းအတွက် အထောက်အကူ ရရှိစေနိုင်ပါကြောင်း၊ ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ကို တိုင်းရင်းသားအားလုံး နားလည်လက်ခံနိုင်ရန် လိုအပ်ပါကြောင်း၊ အဆွေတော် သမ္မတကြီး ကလည်း တိုက်တွန်းအားပေးနိုင်ပါရန် မေတ္တာ ရပ်ခံလိုပါကြောင်း၊ နှစ်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်း တည်ထောင်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားများအတွက် ပူးပေါင်းဆောင်ရွက်မှုများတွင် တပ်မတော်က အတတ်နိုင်ဆုံး ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

(သတင်းစဉ်)

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

HOT NEWS
January 4,