ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၂၀ ပြည့်နှစ်၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၂၀ ပြည့်နှစ်၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား


Ministry of Information/ ​နေပြည်တော် / December 13, 2019
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၃

 

၂၀၂၀ ပြည့်နှစ်၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဦးကြည်မင်း၊ ဦးကျော်မျိုးနှင့် ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတက ၂ဝ၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကို အမျိုးသားရေးဦးတည်ချက်(၅)ရပ်နှင့်အညီ နိုင်ငံရေးအနှစ်သာရ ရှိစွာဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန် အတွက် နိုင်ငံတော် သမ္မတရုံးက ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်တွင် ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီကို ဒုတိယသမ္မတ(၁) ဦးဆောင်၍ အဖွဲ့ဝင်(၁၄) ဦးဖြင့်လည်းကောင်း၊ စီမံခန့်ခွဲမှုကော်မတီ ကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးဆောင်၍ အဖွဲ့ဝင် (၁၉) ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီ၏ လမ်းညွှန်ချက် များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆပ်ကော်မတီ (၁၄)ခု ကိုလည်း ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း။

 

၂ဝ၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက် (၅)ရပ် မှာ “ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့အတွက် တိုင်းရင်းသားအားလုံး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ” ၊ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြည်ထောင်စုစိတ်ဓါတ်အရင်းခံ၍ အောင်မြင်သည် အထိ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရေး ” ၊ “ တရားဥပဒေစိုးမိုးရေး၊ မှန်ကန်သည့် တရားစီရင်ရေးနှင့် နိုင်ငံသားများ ဘေးကင်းလုံခြုံရေးတို့အတွက် တိုင်းရင်းသားအားလုံး၏ စုပေါင်း အင်အားဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရေး” ၊ “ မူးယစ်ဆေးဝါး အန္တရာယ်ကို အမျိုးသားရေးတာဝန်အဖြစ် ကြိုတင်တားဆီး ကာကွယ်ခြင်းဖြင့် ပြည်သူများ၏ လူမှုအဆင့်အတန်း တိုးတက်မြင့်မားစေရေး ” နှင့် “ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး ” တို့ ဖြစ်ပါကြောင်း။

 

ပြည်ထောင်စုနေ့ အခမ်းအနားသည် နှစ်စဉ်ကျင်းပသည့် နိုင်ငံတော်အဆင့် အခမ်းအနား ဖြစ်သဖြင့် ချမှတ်ထားသည့် အမျိုးသားရေးဦးတည်ချက်များနှင့်အညီ အဖက်ဖက်မှ ပြည့်စုံအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ၂ဝ၂၀ ပြည့်နှစ်၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီမံခန့်ခွဲမှုကော်မတီနှင့် ဆပ်ကော်မတီ (၁၄) ခုတို့အနေဖြင့် ယခင်နှစ်များ၏ အတွေ့အကြုံများအပေါ် သင်ခန်းစာယူပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်ပြည့်စုံစေရေး အချင်းချင်းပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း။

 

နိုင်ငံ့လွတ်လပ်ရေးသမိုင်းကြောင်းကို ပြန်ကြည့်ပါက အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များသည် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ပြန်လည်တည်ဆောက်ပြီး ပြည်မနှင့် တောင်တန်းဒေသတို့ တစ်ပြိုင်တည်း လွတ်လပ်ရေးရရှိစေရန်အတွက် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ပင်လုံညီလာခံ ကို ကျင်းပခဲ့ပြီး တိုင်းရင်းသားအားလုံး တစ်ညီတစ်ညွတ်တည်း ပင်လုံစာချုပ် ချုပ်ဆိုကာ လွတ်လပ်ရေးကိုရယူခဲ့ပါကြောင်း၊ ထိုသို့ တိုင်းရင်းသားအားလုံး၏ သွေးစည်းညီညွတ်မှုကို အခိုင်အမာဖော်ကျူးပြသနိုင်ခဲ့သည့် ပင်လုံစာချုပ် လက်မှတ်ရေးထိုး သည့်နေ့ကို “ပြည်ထောင်စုနေ့” အဖြစ် သတ်မှတ်ခဲ့ရာ ယခုဆိုလျှင် (၇၃)နှစ်ရောက်ခဲ့ပြီဖြစ်ပါကြောင်း။

 

ပင်လုံညီလာခံ၏ ရလဒ်ကြောင့် တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှုရရှိကာ လွတ်လပ်ရေးပြန်လည်ရရှိခဲ့ ပါကြောင်း၊ ယနေ့တွင်လည်း နိုင်ငံတော်အတွက် အရေးအကြီးဆုံး ဖြစ်သည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးရရှိရန် ကြိုးစား ဆောင်ရွက်နေသည့် အချိန်လည်းဖြစ်ပါကြောင်း၊ ပင်လုံညီလာခံ၏ ရလဒ်ကို နမူနာယူပြီး ပင်လုံ စိတ်ဓာတ်ဖြင့် စိတ်ရှည်ဇွဲရှိစွာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်မည်ဆိုပါက ငြိမ်းချမ်းရေးပန်းတိုင်ကို အနှေးနှင့် အမြန်ရောက်ရှိနိုင် မည်ဟု ယုံကြည်လျက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကို ကျင်းပလျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးရမှ မိမိတို့နိုင်ငံ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမည် ဆိုသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း။

 

တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကြောင့် လွတ်လပ်ရေးရရှိခဲ့သဖြင့် “ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် နိုင်ငံတော်အတွက် အသက်တမျှအရေးကြီးကြောင်း ” ကို နောင်လာ နောက်သားများ သိရှိစေရန် ရည်ရွယ်၍ ပြည်ထောင်စု နေ့ကို နှစ်စဉ်ကျင်းပလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ ယဉ်ကျေးမှု ဓလေ့ပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှု ပေါင်းစုံတို့ဖြင့် ဖွဲ့စည်းတည်ရှိသည့် ပြည်ထောင်စုနိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ ကွဲပြား ခြားနားသည့် ပထဝီဝင်ဒေသ အသီးသီးတွင်ရှိကြသော တိုင်းရင်းသားအသီးသီးသည် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ် များနှင့် ရိုးရာဓလေ့စရိုက်များကို ပျောက်ကွယ်မသွားအောင် ထိန်းသိမ်း စောင့်ရှောက်သွားကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နောင်လာ နောက်သားများ သိရှိရန်အတွက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုများကို ထုတ်ဖော်ပြသရင်း ထိန်းသိမ်းစောင့်ရှောက်နေခြင်းလည်း ဖြစ်ပါကြောင်း။

 

၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို အခမ်းအနား အစီအစဉ် အပိုင်း (၂)ပိုင်းနှင့် ကျင်းပသွားမည်ဖြစ်ရာ ပထမပိုင်းအနေဖြင့် နံနက်ပိုင်းတွင် အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား၊ ညနေပိုင်းတွင် ညစာစားပွဲနှင့် ဖျော်ဖြေရေး အခမ်းအနား တို့ဖြစ်ပါကြောင်း၊ အဆိုပါအခမ်းအနားအစီအစဉ် အပိုင်း(၂)ပိုင်းကို တစ်နှစ် ထက်တစ်နှစ် ပိုမိုကောင်းမွန်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ကော်မတီနှင့် ဆပ်ကော်မတီ များအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို အောင်မြင်အောင် စနစ်တကျ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။

 

ယခင်နှစ်က ကျင်းပခဲ့သည့် “(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပခဲ့မှုများနှင့်စပ်လျဉ်း၍ ပြန်လည် သုံးသပ်သည့် အစည်းအဝေး” ကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးတွင် အစည်းအဝေး ဆုံးဖြတ်ချက်ပေါင်း (၁၅)ချက်ကို ချမှတ်ခဲ့ပါကြောင်း၊ ကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် ယခုကျင်းပမည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် သေချာစွာ သုံးသပ်၍ အလေးထားပြုပြင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

 

၂၀၂၀ ပြည့်နှစ်၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အတွက် နိုင်ငံတော်က ချမှတ်ပေးထားသည့် အမျိုးသားရေးဦးတည်ချက် (၅)ရပ်၏အနှစ်သာရများကို ပြည်သူများ သိရှိနားလည်နိုင်ရေးအတွက် နိုင်ငံပိုင်မီဒီယာ များဖြစ်သည့် ရေဒီယို၊ ရုပ်မြင်သံကြား၊ စာနယ်ဇင်းများ အားလုံးမှ ပြန်ကြား၊ ဖျော်ဖြေ၊ ပညာပေးအစီအစဉ်အမျိုးမျိုးဖြင့် ထုတ်လွှင့်ဖော်ပြနိုင် ရေးနှင့် လက်ရှိကာလ ပြည်ထောင်စုအစိုးရအဖွဲ့၏ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေသည့် လုပ်ဆောင်ချက်များနှင့် အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး တို့အတွက် ကြိုးပမ်းဆောင်ရွက်ချက်များကို ပေါ်လွင်စေသည့် နောက်ခံရုပ်ပုံများ ကိုလည်း ထည့်သွင်းဖော်ပြသွားရန် လိုအပ် မည် ဖြစ်ပါကြောင်း။

 

ထို့ပြင် အခမ်းအနားသို့ လာရောက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးများ၊ နိုင်ငံရေးပါတီ ဥက္ကဋ္ဌများနှင့် ပါတီခေါင်းဆောင်များ၊ NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တည်းခို နေထိုင် မည့်နေရာများတွင် သန့်ရှင်း သပ်ရပ်ပြီး အမြင်တင့်တယ်စေရေး၊ စားသောက်နေထိုင်ရေးနှင့် သွားလာမှု အဆင်ပြေစေရေး တို့အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက် ထားကြရန်နှင့် အခမ်းအနားအားလုံးအတွက် A Plan အပြင် B Plan ကိုပါ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 

ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံရေးအနှစ်သာရရှိစွာနှင့် အောင်မြင်အောင် ကျင်းပ နိုင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌဒေါက်တာ မျိုးအောင် ကဆပ်ကော်မတီများဖွဲ့စည်းထားရှိမှု၊ ယခင်နှစ်က ဆောင်ရွက်ခဲ့သည် အခြေအနေ များနှင့် ယခုနှစ် အခမ်းအနားအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ လုံခြုံရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူကလည်းကောင်း၊ ကြိုဆိုနေရာ ချထားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆပ်ကော်မတီ၏ ဆောင်ရွက် ထားရှိမှု အခြေအနေများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်မျိုးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွန်းလတ် တို့ကလည်းကောင်း၊ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ကလည်းကောင်း၊ ဘဏ္ဍာရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က လည်းကောင်း၊ ဖိတ်ကြားရေးနှင့် နေရာချထားရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်းနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်လွင် တို့က လည်းကောင်း၊ ဧည့်ခံ ကျွေးမွေးရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး ဒုတိယဗိုလ်မှူးကြီး တင်မောင်လွင်ကလည်းကောင်း၊ အလံတင် အခမ်းအနား စီစဉ်ရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီး ဗိုလ်မှူးကြီး ဗိုလ်မှူးကြီး သိန်းဇော်ကလည်းကောင်း၊ မြေစိုက်ပိုစတာများ စိုက်ထူရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးဆန်းနိုင်က လည်းကောင်း၊ ညစာစားပွဲဖျော်ဖြေရေး ဆပ်ကော်မတီ ၏ ဆောင်ရွက် ထားရှိမှု အခြေအနေများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ တို့ကလည်းကောင်း၊ ကျန်းမာရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ကလည်းကောင်း၊ ညစာ စားပွဲခင်းကျင်းကျွေးမွေး ရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးကလည်းကောင်း၊ စာရင်းစစ် ဆေးရေး ဆပ်ကော်မတီ၏ ဆောင်ရွက် ထားရှိမှု အခြေအနေများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦး ကလည်းကောင်း၊ အခမ်းအနား ပြင်ဆင်ရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ကလည်းကောင်း၊ ပြန်ကြားရေးဆပ် ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင် ကလည်းကောင်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြ ကြသည်။

 

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်း ၊ ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်း၊ ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး ဒုတိယဗိုလ်မှူးကြီး တင်မောင်လွင်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူတို့က ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အောင်မြင်စွာ ကျင်းပရေးအတွက် လိုအပ်သည်များကိုအကြံပြု ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

 

ယင်းနောက် ဒုတိယသမ္မတက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

(သတင်းစဉ်)

HOT NEWS
January 4,