နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက် ဂုဏ်ပြုအမှာစကား ပြောကြား

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက် ဂုဏ်ပြုအမှာစကား ပြောကြား


Ministry of Information/ ​နေပြည်တော် / December 13, 2019
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၃

 

နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ ဂုဏ်ပြု အမှာစကားပြောကြားသည်။

 

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကော်ပိုရေးရှင်းဥက္ကဋ္ဌများ၊ အမှုဆောင် အရာရှိချုပ်များ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ မိတ်ဖက်အဖွဲ့အစည်း များနှင့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြ သည်။

 

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

 

(နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဂုဏ်ပြုအမှာစကားကို သီးခြားဖော်ပြထားပါသည်။)

 

ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အား သုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်ခြင်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့်အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင် ပေးအပ်သည်။

 

ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ သားငယ် သမီးငယ်များက နိုင်ငံတော်ဓာတ်အား စနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းပြည့်မြောက်သည့် ဂုဏ်ပြုအထိမ်းအမှတ် “မဟာမီးအလင်း အောင်ပွဲ” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

 

ယင်းနောက် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းပြည့်မြောက်ရန် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအား Video Clip ဖြင့် ပြသသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ကော်ပိုရေးရှင်းဥက္ကဋ္ဌများ၊ မိတ်ဖက်အဖွဲ့အစည်း များနှင့်ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမှုဆောင် အရာရှိချုပ်များ၊ ဒါရိုက်တာ အဖွဲ့ဝင်များ၊ အကြံပေးပုဂ္ဂိုလ်များနှင့် လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်တို့က နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်ခြင်းအထိမ်းအမှတ် ကျောက်စာနှင့် ကမ္ပည်းမော်ကွန်းကျောက်စာတိုင် တို့ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်ခြင်း အထိမ်းအမှတ်ပြခန်းများကို လှည့်လည် ကြည့်ရှုပြီး ဂုဏ်ပြုမှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။

 

နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အဆိုပါအချိန်၌ နိုင်ငံတော် ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး၏ ၃၄ ရာခိုင်နှုန်းသာ လျှပ်စစ် ဓာတ်အားရရှိခဲ့သည်။ လျှပ်စစ်ကဏ္ဍတွင် ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ နေရောင်ခြည် စွမ်းအင်ကဲ့သို့ စွမ်းအင်အရင်းအမြစ်မျိုးစုံကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား တိုးမြှင့် ထုတ်လုပ်ပေးခြင်းဖြင့် လည်းကောင်း၊ ဓာတ်အားပို့ လွှတ်ရေးလိုင်းများကို ၂၃၀ ကေဗွီလိုင်းများ တိုးချဲ့ခြင်းနှင့် ၅၀၀ ကေဗွီသို့ တိုးမြှင့် အသစ်တည်ဆောက်ပြီး နိုင်ငံတော်ဓာတ်အားစနစ်ကို အဆင့်မြှင့် တင်ခြင်းဖြင့်လည်းကောင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ခဲ့သည်။

 

ထို့ပြင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ဓာတ်အားဖြန့်ဖြူးရေးစနစ်တွင် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ၊ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ၊ ၄၀၀ ဗို့ဓာတ်အားလိုင်း စုစုပေါင်း (၁၉၆၀၀) မိုင်ကျော်နှင့် (၁၂၆၃၆) အမ်ဗွီအေရှိသော ဓာတ်အားခွဲရုံများကို ၂၀၁၆ ခုနှစ်မှ စတင်၍ ၃ နှစ်ခွဲ ကာလအတွင်း တိုးချဲ့တည်ဆောက်ပေးနိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဧပြီလမှ ယခုအချိန်အထိ လျှပ်စစ် ကဏ္ဍတွင် စုစုပေါင်းငွေကျပ် ၂၃၂၇ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ၉၀၀ မဂ္ဂါဝပ်ကျော် ထပ်တိုး ထုတ်လုပ် ပေးနိုင်ခဲ့ကာ ၂၀၂ဝ ပြည့်နှစ် နှစ်လယ်ခန့်တွင် နောက်ထပ် ၁၀၀၀ မဂ္ဂါဝပ်ကျော်ကို ထပ်မံထုတ်လုပ် ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

ဓာတ်အားစနစ်မှတိုးချဲ့၍ မြို့ရွာများ၏မီးလင်းရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ ယခုအချိန်တွင် မြို့ပေါင်း (၃၆၈) မြို့နှင့် ကျေးရွာ စုစုပေါင်း (၁၆၉၄၁) ရွာ ကျော် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အား ရရှိပြီး ယခုအချိန်တွင် ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း အထိ တိုးတက်ဖြန့်ဖြူးနိုင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

 

ဆက်လက်၍ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းပေးနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ၂၀၃ဝ ပြည့်နှစ်တွင် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရန် ရည်မှန်းချက် ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

HOT NEWS
January 4,