ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ e-ID / e-passport အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ e-ID / e-passport အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်


Ministry of Information/ ​နေပြည်တော် / January 22, 2020
image_latest


နေပြည်တော် ဇန်နဝါရီ  ၂၂ 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြင်သစ်နိုင်ငံ THALES ကုမ္ပဏီတို့ ပူးပေါင်းကျင်းပသည့် e-ID/ e-passport အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ e-ID စနစ် လုပ်ငန်း ကော်မတီဝင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် လုပ်ငန်းကော်မတီဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး မစ္စတာ ခရစ္စတီယန်လရှရဗီ နှင့် THALES ကုမ္ပဏီမှ တာဝန်ရှိသူများ၊ e-ID စနစ်လုပ်ငန်းကော်မတီအောက်ရှိ ဆပ်ကော်မတီများမှ အဖွဲ့ဝင်များနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ e-ID စနစ် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က မြန်မာနိုင်ငံအတွင်း နေထိုင်သော ပြည်သူများအား Biometric Data ကောက်ယူ၍ UID နံပါတ်တစ်လုံးစီ သတ်မှတ်မှတ်ပုံတင်ကာ Database တွင် သိမ်းဆည်းမည့် e-ID စနစ်ကို မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူ၍ e-ID လုပ်ငန်းစနစ် ကော်မတီ ဖွဲ့စည်းကာ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ e-ID စနစ်သည် e-Government  စနစ်၏ အခြေခံအကျဆုံး လုပ်ငန်းဖြစ်ပြီး လုပ်ငန်းပမာဏကြီးမား ကျယ်ပြန့်ပါကြောင်း၊ ၎င်းလုပ်ငန်းစဉ်အား ယခုအခါ မြန်မာနှင့် ဩစတြီးယား နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး e-ID စနစ် လုပ်ငန်းအကောင်အထည်ဖော်ရေးအတွက် မိမိတို့ဝန်ကြီးဌာနနှင့် ဩစတြီးယားနိုင်ငံ OeSD တို့အကြား လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ e-ID စနစ်ကို (၂) နှစ်တာကာလအတွင်း အဆင့် (၃) ဆင့်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် e-ID စနစ်နှင့်ပတ်သက်၍ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက် ရှိပါကြောင်း။

ယခုလည်း နိုင်ငံတော်အစိုးရမှ မျှော်မှန်းထားသည့် ဒီဂျစ်တယ်စနစ်အား အချိန်တိုအတွင်း လျှင်မြန်စွာ တိုးတက်နိုင်မှု (Digital S-curve) အတွက် အထောက်အကူဖြစ်စေမည့် နည်းလမ်းများ နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံရုံး၏ အကူအညီဖြင့် ပြင်သစ် နိုင်ငံ  THALES ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်များက e-ID စနစ်နှင့်ပတ်သက်၍ လာရောက်ရှင်းလင်း ဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ THALES ကုမ္ပဏီမှ Solution သည် အမျိုးသား လုံခြုံရေးအတွက် သာမက ဒီဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး အများပြည်သူနှင့် ပုဂ္ဂလိက အီလက်ထရောနစ် ဝန်ဆောင်မှု ကဏ္ဍများတွင် ဒီဂျစ်တယ် ပြုပြင်ပြောင်းလဲရေးအတွက် အရှိန်အဟုန်မြှင့်တင် သွားနိုင်မည်ဖြစ်ရာ မိမိတို့ အကောင်အထည်ဖော်မည့် e-ID စနစ်အတွက် များစွာအထောက်အကူပြုမည့် အချက်အလက် များရရှိပြီး ပြန်လည်အသုံးချနိုင်မည်ဟု ယုံကြည်ပါကြောင်း။

ယခုအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် e-ID စနစ် လုပ်ငန်းကော်မတီဝင်များနှင့် ဆပ်ကော်မတီ အသီးသီးမှ အဖွဲ့ဝင်များအနေဖြင့် e-ID စနစ် လုပ်ငန်းနှင့် ပတ်သက်၍ မကြာမီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သဖြင့် သိသင့်သိထိုက်သည့် အချက်များ၊ လုပ်ငန်းဆိုင်ရာ မရှင်းလင်းသည့် အချက်များကို မေးမြန်း ဆွေးနွေးသွားကြ ရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ နိုင်ငံတော်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် e-ID စနစ်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးသည့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီးနှင့် THALES ကုမ္ပဏီ မှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး မစ္စတာ ခရစ္စတီယန်လရှရဗီ က အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြင်သစ်နိုင်ငံ THALES ကုမ္ပဏီမှ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ  ညွှန်ကြားရေးမှူး Mr. Dieter Dhondl နှင့် e-ID ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက THALES ကုမ္ပဏီနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ မြန်မာနိုင်ငံ၏ e-Government စနစ် စတင်အကောင်အထည်ဖော်ခြင်း၊ လုံခြုံစိတ်ချသော ဒီဂျစ်တယ်သက်သေခံ အထောက်အထား ဖြင့် Smart nation သို့ လျှင်မြန်စွာ တိုးတက်ပြောင်းလဲမှုနှင့်အတူ တက်လှမ်းခြင်း၊ e-Government ဝန်ဆောင်မှုများကို အသုံးပြုသူများ၏ ဒီဂျစ်တယ် အတွေ့အကြုံ သရုပ်ပြခြင်း၊ e-ID အဆိုပြုလွှာကို သုံးသပ်ခြင်း၊ THALES ကုမ္ပဏီ၏ လုံခြုံစိတ်ချသော ဒီဂျစ်တယ် ID Solutions ကို သုံးသပ်ခြင်း၊ e-ID ဖြင့် ငွေပေးချေမှုများကို လုပ်ဆောင်နိုင်ခြင်း စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ကျွမ်းကျင်ပညာရှင်များက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြကြောင်းနှင့် အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲသို့ e-ID စနစ် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,