ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး 2019 Novel Coronavirus ကြိုတင်ပြင်ဆင်ထားရှိမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး 2019 Novel Coronavirus ကြိုတင်ပြင်ဆင်ထားရှိမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်


Ministry of Information/ ​နေပြည်တော် / January 27, 2020
image_latest


နေပြည်တော် ဇန်နဝါရီ ၂၇

2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ် ကုသရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ထားရှိမှု လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲ တွင် ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ်(၁)ရန်ကုန်၌ ကျင်းပသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုင်ငံတကာမှ ပြည်တွင်းသို့ ဝင်ရောက်လာသည့် ခရီးသည်များကို ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပြည်တွင်းသို့ ဝင်ရောက်စဉ်က သံသယလက္ခဏာများ မရှိသော်လည်း ရောဂါပျိုးချိန်အတွင်း သံသယ လက္ခဏာများ ပေါ်ပေါက်ပါက စောစီးစွာတုံ့ပြန်ဆောင်ရွက်မှုတို့တွင် အထူးအရေးကြီးပါကြောင်း၊ သံသယလူနာများတွေ့ရှိပါက လူနာလွှဲပြောင်းမှု၊ သီးခြားခန်းတွင် ထားရှိကုသမှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်းကြပ်စွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအတွင်း သာမက နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့်ပါ ချိန်သားကိုက် ချိတ်ဆက်ဆောင်ရွက်မှုများ ကောင်းမွန်ရေးသည် အထူးအရေးကြီးပါကြောင်း။

ထို့အပြင် နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် သတင်းအချက်အလက်များ အပြန်အလှန် ဆက်သွယ်ပေးပို့ရေးသည် အရေးကြီးပါကြောင်း၊ ယခုအစည်းအဝေး၏ ဆွေးနွေးမှုများကို တက်ရောက်လာကြသူများ သာမက နိုင်ငံတစ်ဝန်းလုံးရှိ ဆေးရုံအုပ်များ သိရှိရန် ဖြန့်ဝေသွားရမည် ဖြစ်ကြောင်း၊ ကုသရေး၊ ပြည်သူ့ကျန်းမာရေးနှင့် ဓာတ်ခွဲဆိုင်ရာ ကဏ္ဍများအနေဖြင့် တူညီသော သတင်းအချက်အလက်များအချိန်နှင့် တစ်ပြေးညီရရှိရန်၊ အပြန်အလှန် သတင်းဖလှယ်ရန် ဆက်သွယ်ရေး ကွန်ရက်လမ်းကြောင်းတစ်ခု ချက်ချင်း ဖော်ဆောင်ထားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ရန် ဗဟိုကော်မတီ နှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်သည့်  ဌာန၊ တာဝန်ရှိသူများ အချိန်ကိုက်ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် (synchronized coordination and collaboration) လုပ်ကိုင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက 2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ဖြစ်ပွားပျံ့နှံ့မှုများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် နိုင်ငံတကာကျန်းမာရေး အဖွဲ့အစည်းများမှ ထုတ်ပြန်ကြေညာချက်များ၊  မြန်မာ နိုင်ငံတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နိုင်ငံတကာဝင်ပေါက်၊ ထွက်ပေါက် လမ်းကြောင်းများ၌ ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေမှု၊ လုပ်ငန်းလမ်းညွှန်များ ဖြန့်ဝေထားရှိမှု၊ သံသယလူနာများကို လုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျ လွှဲပြောင်းကုသမှုအတွက် စီစဉ်ထားရှိမှု၊ ဆေးရုံများတွင် သံသယလူနာများ အတွက် သီးခြားခန်းများ ပြင်ဆင်ထားရှိမှု၊ ပြည်သူများထံ ကျန်းမာရေးအသိပေးချက်နှင့် အသိပညာများ ဖြန့်ဝေထားရှိမှု၊ နှီးနွှယ်ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိမှု၊ ရောဂါဖြစ်ပွားရာ ဒေသများမှ ဝင်ရောက်လာသော ခရီးသည်များသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်စဉ်က သံသယဖြစ်ဖွယ် လက္ခဏာများ မရှိသော်လည်း ရောဂါပျိုးချိန်အတွင်း ရောဂါဖြစ်ပွားမှု သံသယရှိပါက စောစီးစွာထောက်လှမ်းသိရှိရန်၊ ကုသပေးရန်နှင့် အခြား သူများထံ ရောဂါပြန့်ပွားမှုမရှိစေရန်တို့အတွက် တုံ့ပြန်ဆောင်ရွက်မှုများပြုလုပ်ရန် ဆောင်ရွက်ထားရှိမှု၊ ဆေးနှင့် ဆေးပစ္စည်း၊ ဘဏ္ဍာရေးကြိုတင် ပြင်ဆင်ထားရှိမှုများကို ရှင်းလင်း တင်ပြကြရာ ဆေးရုံအုပ်ကြီးများနှင့် ဒုတိယဆေးရုံအုပ်ကြီးများက ဆွေးနွေး အကြံပြုမှုများ ဆောင်ရွက်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနရုံးတွင် ကျင်းပသည့် ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကဆေးရုံ လုပ်ငန်းများမှ တာဝန်ရှိသူများမှ ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် အသိပေးရှင်းလင်းဆွေးနွေးပွဲကို တက်ရောက်သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက            ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာဝင်ပေါက်၊ ထွက်ပေါက် လမ်းကြောင်းများ၌ သေချာစွာရောဂါစောင့်ကြပ် ကြည့်ရှုဆောင်ရွက်နိုင်ပါက သံသယလူနာများနှင့် ရောဂါဖြစ်ပွားသူများကို စောစီးစွာသိရှိထောက်လှမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ လက်ရှိထုတ်ပြန်ချက်များအရ 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင် ရောဂါ၏ ရောဂါပျိုးချိန်သည် ရက်သတ္တပတ် (၂)ပတ်ခန့်ရှိသဖြင့် ရောဂါဖြစ်ပွားရာဒေသများမှ ဝင်ရောက်လာသော ခရီးသည်များသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်စဉ်က သံသယဖြစ်ဖွယ် လက္ခဏာများမရှိ၊ နာမကျန်းမှု မရှိသော်လည်း ရောဂါပျိုးချိန်အတွင်း ရောဂါဖြစ်ပွားမှုရှိနိုင်ပါကြောင်း။

ထိုသို့သော လူနာများကို စောစီးစွာထောက်လှမ်းသိရှိရန်၊ ကုသပေးရန်နှင့် အခြားသူများထံ ရောဂါပြန့်ပွားမှု မရှိရန်အတွက် အရေးကြီးသဖြင့် အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဆိုပါ ရောဂါသည် လူတစ်ဦးတွင် ရောဂါရှိပါက အခြားသူများသို့ မကူးစက်နိုင်သည့် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတို့ကဲ့သို့ မဟုတ်ဘဲ လူတစ်ဦးမှ တစ်ဦးထံ ကူးစက်နိုင်သည့် ရောဂါဖြစ်သဖြင့် အဖွဲ့အစည်းများနှင့် ပြည်သူများ တစ်ဦးချင်းစီမှ ပူးပေါင်းပါဝင် ဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊

ထိုသို့ ဆောင်ရွက်ရာတွင် ဟိုတယ်လုပ်ငန်းဆောင်ရွက်သူများ၊ ဟိုတယ်နှင့် တည်းခိုခန်းဝန်ထမ်းများနှင့် ခရီးသွားကုမ္ပဏီများနှင့် ဧည့်လမ်းညွှန်များ၏ အခန်းကဏ္ဍသည် ယခုအချိန်၌ အလွန်အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Health Declaration Form ကို ပြည်ပမှ လေကြောင်းခရီးဖြင့် လာရောက်သည့် ခရီးသည်များကို စနစ်တကျ ပြည့်စုံစွာ ဖြည့်စွက်ထားမှသာ ပြည်တွင်းသို့ ဝင်ရောက် ခွင့်ပြုရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တစ်ဆင့် နိုင်ငံတကာ လေကြောင်းလိုင်းများသို့ အကြောင်းကြားထားပြီး ဆောင်ရွက်နေပြီဖြစ်ကြောင်း။

နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံသို့ ဝင်ရောက်စဉ်တွင် တည်းခိုနေထိုင်မည့် ဟိုတယ်နှင့် တည်းခိုခန်း လိပ်စာများ၊ သွားလာမည့်နေရာဒေသများကို အဆိုပါ Health Declaration Form များတွင် ဖြည့်သွင်းစေပြီး မှတ်သားထားရှိပါကြောင်း၊ သက်ဆိုင်ရာ တည်းခိုခန်းနှင့် ဟိုတယ်များမှ တာဝန်ရှိသူများနှင့် ခရီးသွား လမ်းညွှန်များအနေဖြင့် လာရောက်တည်းခိုသည့် နိုင်ငံတကာခရီးသည်များတွင် ရောဂါဖြစ်ပွားမှု သံသယ လက္ခဏာများ တွေ့ရှိရခြင်း၊ နာမကျန်းဖြစ်ခြင်း တို့ကို တွေ့ရှိပါက သတ်မှတ်ထားသော ကျန်းမာရေး ဌာနသို့ ချက်ချင်းတယ်လီဖုန်းဖြင့် အကြောင်းကြားပေးကြစေလိုပါကြောင်း၊ ဆေးရုံမှ တာဝန်ရှိသူများကလည်း ချက်ချင်းတုံ့ပြန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ရောဂါ၏ သံသယလက္ခဏာများကို တည်းခိုခန်းနှင့် ဟိုတယ်များမှ ဝန်ထမ်းများ၊ ခရီးသွားလမ်းညွှန်များနှင့် ခရီးသည်များသိရှိစေရေး ကျန်းမာရေးအသိပညာပေး ဗွီနိုင်း ပိုစတာများကို ဟိုတယ်နှင့် တည်းခိုခန်းများတွင် အမြန်ဆုံး တပ်ဆင်ထားရှိပေးကြစေလိုပါကြောင်း၊ ပုဂ္ဂလိက ဆေးရုံဆေးခန်းများအနေဖြင့် 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင် ရောဂါ သံသယလူနာများ လာရောက်ပြသမှုရှိပါက လုပ်ထုံး လုပ်နည်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ခြင်း၊ သတ်မှတ်ထားသော ဆေးရုံသို့ ချက်ချင်း သတင်းပေးပို့အကြောင်းကြားခြင်းတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

ပြည်သူများအနေဖြင့် ထိုသို့ သံသယရောဂါလက္ခဏာများနှင့် လူနာများကိုတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်ရှိ ကျန်းမာရေးဌာနသို့ အကြောင်းကြားပေးနိုင်ရန် အရေးပေါ်(၂၄) နာရီ ဆက်သွယ်ရေးလမ်းကြောင်းထားရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အများပြည်သူသုံး ဘတ်စ်ကားများတွင် ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးအသိပညာပေး စတစ်ကာများ တပ်ဆင်ထားရှိမည်ဖြစ်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ပူးပေါင်းပါဝင်ဆောင် ရွက်ပေးကြစေလိုပါကြောင်း။

ယခုကဲ့သို့ အစပိုင်းကာလတွင် ကျန်းမာရေးဝန်ထမ်းများ၊ တည်းခိုခန်းနှင့် ဟိုတယ်များမှ ဝန်ထမ်းများ၊ ခရီးသွားလမ်းညွှန်များ၊ ပြည်သူများနှင့် ခရီးသည်များကိုယ်တိုင် ပူးပေါင်း ပါဝင် ဆောင်ရွက်ကြခြင်းဖြင့် ရောဂါကာကွယ်နှိမ်နင်းမှုလုပ်ငန်းများ ထိရောက်အောင်မြင် မည်ဖြစ်ကြောင်း၊ ရောဂါ၏ ရောဂါဖြစ်ပေါ် ပြောင်းလဲမှု သဘောသဘာဝ (natural history of disease) ဖြစ်စဉ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာကျန်းမာရေး အဖွဲ့အစည်းများက ဆက်လက်လေ့လာလျက်ရှိပါကြောင်း၊

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် အဆိုပါ ရောဂါဖြစ်ပွားမှုများကို ပြည်သူ့ကျန်းမာရေး ဆိုင်ရာ နိုင်ငံတကာ အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ထားခြင်း မရှိသေးသော်လည်း ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် အကြံပြု တိုက်တွန်းထားသည်နှင့်အညီ ဝန်ကြီးဌာနမှ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် အင်တာနက်ကွန်ရက်မှ သတင်းအချက်အလက်များကို လေ့လာကြည့်ရှုသည့်အခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ US CDC ၊ နိုင်ငံတကာ ကျန်းမာရေး ဝန်ကြီးဌာနများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တရားဝင် အင်တာနက်စာမျက်နှာများ စသည့် ခိုင်မာသော သတင်းအရင်းအမြစ်များမှ သတင်းအချက်အလက်များကို လေ့လာရမည် ဖြစ်ပါကြောင်း။

အခြားခိုင်မာမှုမရှိသော သတင်းအရင်းအမြစ်များမှ အချက်အလက်များကို စိတ်ချရသော သတင်းအရင်းအမြစ်များမှ အချက်အလက်များနှင့် ချိန်ထိုးတိုက်ဆိုင်စေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအဝင် နိုင်ငံတကာတွင် 2019 Novel Coronavirus (2019-nCoV)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှု၊ ကူးစက် ပြန့်ပွားမှုနှင့် သေဆုံးမှုများကို မျက်ခြေမပြတ် လေ့လာ၍ တုံ့ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊       သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများ အနေဖြင့် မိမိတို့ လုပ်ဆောင်နိုင်သည့် ကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ရောဂါနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နောက်ဆုံး ရရှိထားသော အချက်အလက်များကို လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး(တာဝန်) ဒေါက်တာသန်းနိုင်စိုးက ပြည်သူများထံ ရောဂါ ကာကွယ်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေ ဆောင်ရွက်နေသည့် လုပ်ငန်း အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာသူကြများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ပြည်သူ့ကျန်းမာရေး၊ ကုသရေးနှင့် ဓာတ်ခွဲပညာရှင်များမှ ပြန်လည် ဖြေကြားကြသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,