ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက် လာသူများကို စနစ်တကျ ပြန် လည် လက်ခံ၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်လုပ်ငန်းများ ပိုမိုထိရောက်စွာ ပေါင်းစပ် ဆောင်ရွက်ရေး အတွက် လူမှုရေးဝန်ကြီးများနှင့် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ Video Conferencing ဖြင့် ညှိနှိုင်း ဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက် လာသူများကို စနစ်တကျ ပြန် လည် လက်ခံ၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်လုပ်ငန်းများ ပိုမိုထိရောက်စွာ ပေါင်းစပ် ဆောင်ရွက်ရေး အတွက် လူမှုရေးဝန်ကြီးများနှင့် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ Video Conferencing ဖြင့် ညှိနှိုင်း ဆွေးနွေး


Ministry of Information/ ​နေပြည်တော် / May 26, 2020
image_latest


 

နေပြည်တော် မေ ၂၆

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး သည် ယနေ့နံနက် ၉ နာရီတွင် ထိုင်းနိုင်ငံမှပြန်လည် ဝင်ရောက်လာသူများကို စနစ်တကျပြန်လည်လက်ခံ၍ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် လုပ်ငန်းများ ပိုမို ထိရောက်စွာ ပေါင်းစပ်ဆောင်ရွက်ရေး တိုင်းဒေသကြီး/ ပြည်နယ် လူမှုရေးဝန်ကြီး များ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် Video Conferencing ဖြင့် ညှိနှိုင်းဆွေးနွေးသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက  ယခုအချိန်တွင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့သည့် မြန်မာ နိုင်ငံ သားများ အလုံးအရင်းဖြင့် ပြန်လည် ဝင်ရောက် လာလျက်ရှိသဖြင့် ထိုသို့ဝင်ရောက်မှုများအပေါ်တွင် ချိန်သား ကိုက်စနစ် တကျ စီမံခန့်ခွဲမှုများပြုလုပ်ကာ ကိုဗစ်-၁၉ ပြန့်ပွားကူးစက်မှုများ မရှိစေရေး ဆောင်ရွက် ရမည်ဖြစ် ပါကြောင်း၊ ယနေ့အထိ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ လူနာ (၂၀၃) ဦးရှိပြီး ယခုရက်ပိုင်းတွင် တွေ့ရှိ ရသော လူနာသစ်များသည် ပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသူများဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့ အထိ ဓာတ်ခွဲစစ်ဆေး ခဲ့သည့် သံသယ/ စောင့်ကြည့်လူနာများ၌ (၁ ဒသမ ၃) ရာခိုင်နှုန်း၊ ဓာတ်ခွဲ အတည်ပြု လူနာနှင့်ထိတွေ့ခဲ့သူများ၌ (၃ ဒသမ ၄) ရာခိုင်နှုန်း နှင့် အသွားအလာကန့်သတ် ထားရှိသူများ၌ (၀ ဒသမ ၃) ရာခိုင်နှုန်း တို့တွင် ရောဂါပိုးတွေ့ရှိခဲ့ပါကြောင်း၊ ယနေ့ အထိ ကိုဗစ်-၁၉ ဓာတ်ခွဲ စစ်ဆေး မှုများတွင် သံသယ/ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူများ အားလုံးကို လည်းကောင်း၊ အသွားအလာ ကန့်သတ်ထားသူများ၏ (၅ ဒသမ ၄) ရာခိုင်နှုန်းကိုလည်းကောင်း စစ်ဆေး ခဲ့ပြီး၊ စစ်ဆေးခဲ့သည့်ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၀,၃၁၉) ခုအနက် (၁) ရာခိုင်နှုန်းတွင် ရောဂါ ပိုးစစ် ဆေးတွေ့ရှိခဲ့ပါကြောင်း။

လက်ရှိအခြေအနေတွင် အတိုင်းအတာတစ်ခုအထိလက်ခံနိုင်သော ရောဂါ ထိန်းချုပ်နိုင်မှုအဆင့် တစ်ခုကို ရရှိနေ သော်လည်း ကိုဗစ်-၁၉ နှင့် ရောဂါပိုး၏ သဘော သဘာဝကို အပြည့်အစုံ မသိရှိသေးသဖြင့် မိမိတို့ အနေဖြင့် လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းများကို လုံးဝအားလျှော့ ၍ မရဘဲ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပြု လုပ်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် လူမှုရေးဝန်ကြီးများ၏ ဦးဆောင် မှု၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၏ ပညာရပ်ကျွမ်းကျင်မှု ပိုင်းဆိုင်ရာ စီမံခန့် ခွဲမှု၊ ကျန်းမာရေး ဝန်ထမ်းများ၊ နှီးနွှယ်ဌာန/ အဖွဲ့အစည်းများ၊ လူမှုရေးပရဟိအဖွဲ့အစည်းများ အားလုံး၏ ကြိုးပမ်း အားထုတ်ဆောင်ရွက် နေမှုများ အားကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေ သကြီး/ ပြည်နယ် အသီးသီးမှ ပေးပို့လာသော စာရင်းဇယားနှင့် သတင်းအချက်အလက်များကို နေ့စဉ် ပြည်သူ့ ကျန်းမာရေးနှင့် ရောဂါဗေဒရှုထောင့်မှ ဆန်းစစ်မှုများပြုလုပ်၍ စီမံခန့်ခွဲမှု၊ လမ်းညွှန်မှုများကို ဆောင်ရွက် လျက်ရှိသဖြင့် တိုင်းဒေသကြီး/ ပြည်နယ် လူမှုရေး ဝန်ကြီးများ၊ တာဝန်ရှိသူများ အနေဖြင့် မှန်ကန်သော သတင်းအချက်အလက်များ၊ အကြံပြုချက်များကို အချိန်နှင့် တစ်ပြေးညီဆက်လက် ပေးအပ် စေလိုပါကြောင်း၊ နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများကို နယ်စပ်ဝင်၊ ထွက်ဂိတ်များတွင် လက်ခံ မှတ်တမ်း ယူမှု၊ အသွားအလာကန့်သတ်ထားရှိရန် နေရာများသို့ သီးခြားယာဉ်များဖြင့် သတ်မှတ် စည်းကမ်း များနှင့်အညီ ပို့ဆောင်မှု၊ အသွားအလာကန့်သတ်ထားရှိခြင်း စီမံခန့်ခွဲမှု လုပ်ငန်းများအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ လမ်းညွှန် ချက်များထုတ်ပြန် ထားပြီး အဆိုပါလမ်းညွှန်ချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက် ရန် အရေးကြီးပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များ၊ လုပ်ငန်းပါဝင် ဆောင်ရွက် သူများအကြား အချိတ်အဆက်မိစွာဖြင့် စနစ်တကျ ဆောင်ရွက်နေကြ သည်မှာ ကောင်းမွန် ပါကြောင်း။

ယခုအချိန်အခါ၌ လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းကဏ္ဍအလိုက် တာဝန်ခွဲဝေဆောင်ရွက်မှု နှင့် ချိန်သား ကိုက် စနစ်တကျပူးပေါင်း ဆောင်ရွက်မှုတို့သည် ပိုမို၍အရေးကြီးလာပါကြောင်း၊လက်ရှိတွင် တိုင်းဒေ သကြီး/ ပြည်နယ်များရှိ အသွား အလာ ကန့်သတ်ထားရှိရာနေရာ (၁၀,၀၀၀) ခန့်တွင် အသွားအလာ ကန့်သတ်ထားရှိသူ (၅၆,၀၀၀) ခန့်ရှိနေပြီး၊ ယနေ့အထိ အသွား အလာကန့်သတ် ထားရှိခံခဲ့ရသူ စုစုပေါင်း (၂၂၀,၀၀၀)ခန့်ရှိပါကြောင်း၊ အသွားအလာကန့်သတ်ထားရှိရာနေရာများအား စီမံခန့်ခွဲ မှု ပြုလုပ်ရာတွင် အသွားအလာကန့်သတ်မှုခံရသူများ စည်းကမ်းလိုက်နာမှုရှိရေး အတွက် ကြီးကြပ်ဆောင်ရွက်ရန်မှာ အထူး အရေးကြီး ပါကြောင်း၊ ထိုသို့ တိကျစွာ စည်းကမ်းလိုက်နာမှုရှိမှသာလျှင် ကိုဗစ်-၁၉ ကို ကောင်းစွာ ထိန်းချုပ် နိုင်ပြီး ဤကပ်ရောဂါဘေးကို ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း။

အသွားအလာကန့်သတ် ထားရှိရာနေရာများ၏ အခြေအနေကို စစ်ဆေး သည့်ပုံစံစာရင်း (checklist) များကို အသုံးပြု၍ စောင့်ကြည့်ဆန်းစစ်မှုများ ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံရှိ ဓာတ်ခွဲ အတည်ပြု လူနာများ၏ (၆၀) ရာခိုင်နှုန်းခန့်တွင် ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိသေးသော်လည်း ရောဂါ ပိုးရှိ နေသည်ဆိုသည့် အချက်အား နေရပ်ပြန်လာသည့် အသွားအလာကန့်သတ်ထားရှိခံရ သူများ သိရှိရန် အထူး အလေး ပေး၍ ပြောကြားရမည်ဖြစ်ပါ ကြောင်း၊ဝန်ကြီးဌာန အနေဖြင့် COVID-19 ဓာတ်ခွဲ စစ်ဆေး မှုများ ကို ပိုမိုတိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးတွင် လာမည့်လအတွင်း ဓာတ်ခွဲ စစ်ဆေး မှုများ စတင်ပြု လုပ်နိုင်ရေး စီစဉ်လျက်ရှိပါ ကြောင်း၊ အလားတူ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် စစ်ဆေး နိုင်ရေး ကိုလည်း စီစဉ် လျက်ရှိပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲတွင် ပြည်ပမှ နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက် လာသူများ အတွက် စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှု၊ ဆက်လက် ဆောင်ရွက် မည့် အစီအစဉ်များ၊ လိုအပ်ချက်များ၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် အထွေထွေ ကိစ္စရပ်များကို ပွင့်လင်းစွာ ဆွေးနွေးပြောကြားကြစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီးများနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က သက်ဆိုင် ရာ တိုင်းဒေသကြီး/ ပြည်နယ်များ တွင် ပြည်ပမှ နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာမှု အခြေ အနေများ၊ အသွားအလာ ကန့်သတ်ထားရှိမှုလုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်နေမှုများ၊ အသွားအလာ ကန့်သတ်ထားရှိသည့်ဦးရေ၊ လုပ်ငန်းကဏ္ဍအလိုက် တာဝန်ခွဲဝေဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ လုပ်ငန်း အတွေ့အကြုံများ၊ တွေ့ကြုံရသည့် အခက်အခဲ များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အမြဲတမ်း အတွင်း ဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေး မှူးချုပ် (ပြည်ထောင်စု ဝန်ကြီးရုံး) ဒေါက်တာ သာထွန်း ကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန) ဒေါက်တာစိုးဦးတို့က ပြန်လည် ဆွေးနွေး ကြသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများက သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အလိုက် အသွားအလာ ကန့်သတ် ထားရှိမှု လုပ်ငန်းများတွင် ကျန်းမာရေးကဏ္ဍ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု၊ ဓာတ်ခွဲနမူနာများ ရယူဆောင် ရွက်နေမှု၊ သံသယ/ စောင့်ကြည့်လူနာအရေအတွက်၊ ဓာတ်ခွဲစစ်ဆေး မှုအခြေအနေ၊ တွေ့ကြုံရသည့် အခက် အခဲနှင့် လိုအပ်ချက်များကိုလည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့က လက်ရှိဓာတ်ခွဲ စစ်ဆေးမှု အခြေအနေများ၊ ဓာတ်ခွဲ ပစ္စည်း များ အမျိုးအစားအလိုက် ရရှိမှု၊ ဝယ်ယူမှု၊ ကျန်ရှိစာရင်းများ၊ ဆက်လက် ဆောင်ရွက် မည့်လုပ်ငန်း အစီအစဉ်များကိုလည်းကောင်း၊ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး)၊ ဝေဘာဂီ အထူးကု ဆေးရုံကြီးနှင့် တောင်ဥက္ကလာပအထူးကုကြီး ဆေးရုံတို့မှ ဆေးပညာ ပါမောက္ခများက ကိုဗစ်-၁၉ ကုသရေး လုပ်ငန်များဆောင်ရွက်နေမှု နှင့် အထွေထွေ ကိစ္စရပ်များကိုလည်းကောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက် လာသူများက အထွေအထွေ ဆွေးနွေးအကြံပြုချက်များကို လည်းကောင်းအသီးသီးဆွေးနွေး ပြောကြား ကြသည်။

ဆွေးနွေးပွဲသို့ တက်ရောက်သူများ၏ ဆွေးနွေးအကြံပြုချက်များကို မှတ်တမ်း တင်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,