ပြည်သူများသို့ ပန်ကြားချက်

ပြည်သူများသို့ ပန်ကြားချက်


Sagaing Region Government/ မုံရွာမြို့ / April 02, 2020


COVID-19 အဆုတ်ရောဂါ ထိန်းချုပ်ရေးအတွက် ပြည်သူတစ်ဦးချင်းက လိုက်နာဆောင်ရွက်ရန် အလွန်အရေးကြီးပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအနေဖြင့် တစ်ဦးတစ်ယောက်မျှ ရောဂါမဖြစ်စေလိုပါ။ တစ်ဦးတစ်ယောက်မှ အသက်ဆုံးရှုံးမှု မရှိစေလိုသောကြောင့် ရောဂါထိန်းချုပ်ရန်အတွက် အောက်ဖော်ပြပါ လုပ်ငန်းများကို လိုက်နာဆောင်ရွက်ရန် အလွန်အရေးကြီးပါသည်။

 

အသွားအလာ ကန့်သတ်ခြင်းခံရပြီး မိမိအိမ်တွင်သာ နေထိုင်ရမည့်သူများ လိုက်နာရန်

ပြည်ပမှ ပြန်လာသူများသည် မိမိနေအိမ်သို့ ပြန်ရောက်ပြီး (၁၄)ရက်အတွင်း နေအိမ်တွင် သီးခြားအခန်းဖြင့် နေထိုင်ပြီး လေဝင်လေထွက် ကောင်းစေရန် ပြတင်းပေါက်များကို ဖွင့်ထားပါ။ အိမ်သားများနှင့်အတူ ရောနှော နေထိုင်ခြင်း မပြုဘဲ တစ်ဦးနှင့်တစ်ဦး ၁ မီတာ(၃ပေ)အထက် အကွာတွင် နေထိုင်ပါ။ မိသားစုနှင့် အတူတကွ စားသောက်ခြင်း မပြုပါရန်။ အိမ်တွင် ဧည့်သည် လက်ခံခြင်း လုံးဝမပြုလုပ်ပါနှင့်၊ အခြားသူများနှင့် အနီးကပ်ပြော ဆိုခြင်း လုံးဝရှောင်ကျဉ်ပါ။

 

ကာကွယ်မှုနည်းလမ်းများ

လက်ကို ဆပ်ပြာနှင့် ရေအသုံးပြု၍ မကြာခဏဆေးကြောပါ (သို့မဟုတ်) အရက်ပြန် (Alcoho) အနည်းဆုံး (၆၀) ရာခိုင်နှုန်းပါဝင်သည့် လက်သန့်စင် ဆေးရည်ကို အသုံးပြု၍ သန့်စင်ပါ။ အထူးသဖြင့် အပြင်မှပြန်လာပြီးတိုင်း၊ အများပြည်သူအသုံးပြုသည့် ပစ္စည်းများ (ဥပမာ-လှေကား၊ လက်ရမ်း၊ ဓတ်လှေကားခလုတ်၊ တံခါးလက်ကိုင်)ကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။ လက်ကို မဆေးကြော မသန့်စင်ပဲ မိမိ၏ နှာခေါင်း၊ ပါးစပ်နှင့် မျက်နှာတို့ကို ကိုင်တွယ်ခြင်းမှ ရှောင်ကျဉ်ပါ။ မိမိ၏ မိသားစု၊ မိတ်ဆွေများကို မိမိကြောင့် ရောဂါမကူးစက်ပါစေရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်ပါ။

 

ရှောင်ကျဉ်ရမည့် နေရာများ

လူထူထပ်သော ပွဲလမ်းသဘင် အခမ်းအနားကို သွားရောက်ခြင်းမှ ရှောင်ကျဉ်ပါ။ တတ်နိုင်သမျှ အိမ်းတွင်းပဲ နေထိုင်ပါ။ အသက်(၆၀)နှင့်အထက် အသက်ရွယ်ကြီးသူများနှင့် နာတာရှည်ရောဂါ (ဆီးချို၊ နှလုံး၊ သွေးတိုး၊ ကျောက် ကပ်၊ အသည်းစသည်) ရောဂါရှိသူများ အနေဖြင့် ပြင်ပသို့ သွားရောက်ခြင်းကို ယခု ကာလအတွင်း ရှောင်ကျဉ်ပါ။

 

ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန်

ရောဂါကူးစက်ရာဒေသ၊ နိုင်ငံများမှ ပြန်လာသူများအနေဖြင့် အနီးဆုံးကျန်းမာရေးဌာနသို့ သတင်းပို့ပါ။ ကျန်းမာရေးဌာနမှ အသွားအလာ ကန့်သတ်ခြင်းနှင့် ရောဂါရှိသူအား သီးသန့်ထားရှိကုသခြင်း (isolation)လုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်သိစွာ ပူးပေါင်းဆောင်ရွက်ကြပါ။ ထို့သို့ ဆောင်ရွက်ခြင်းအားဖြင့် မိမိရောဂါ ကူးစက်ပြန့်ပွားပါက အမြန်ဆုံး ထိရောက်စွာ ကုသနိုင်ရန် အသက်သေဆုံးခြင်းမှ ကာကွယ်နိုင်ပြီး မိမိ၏ မိသားစု၊ မိတ်ဆွေများနှင့် မိမိရပ်ရွာသို့ ကူးစက်ပြန့်နှံ့ ခြင်းအား ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ပါသည်။

​​​​​​​

စောင့်ကြည့်လူနာများအတွက် ကျန်းမာရေးဆောင်ရွက်မှုများ ပြုလုပ်ခြင်း

ကိုယ်အပူချိန်ကို တစ်နေ့ (၂)ကြိမ် တိုင်းပါ။ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း၊ အားအင်ကုန်ခမ်း ခြင်းစသည့် လက္ခဏာများ ပေါ်ပေါက်လာပါက ပါးစပ်တွင် နှားခေါင်းစည်း တပ်ပါ။ ကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်ပါ။

 

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းတွင် COVID-19 ရောဂါပိုး တွေ့ရှိသူ မရှိသေးသည့်အတွက် ပြည်သူများ အနေဖြင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာကြပါရန်နှင့် COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြပါရန်နှင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအဆင့်ဆင့်ရှိ ဝန်ထမ်းများ၊ နှီးနွယ်ဌာနရှိ ဝန်ထမ်းများ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်း များအား မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်းနှင့် ၎င်းအဖွဲ့အစည်းများအပြင် ပြည်သူလူထု အားလုံးကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်အပ်ပါသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

HOT NEWS
January 4,