ရွှေတိဂုံစေတီတော် ၂၆၀၈ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကျင်းပ

ရွှေတိဂုံစေတီတော် ၂၆၀၈ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကျင်းပ


Ministry of Information/ ​နေပြည်တော် / February 29, 2020
image_latest


ရန်ကုန်  ဖေဖော်ဝါရီ  ၂၈

ရွှေတိဂုံစေတီတော် ၂၆၀၈ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ဂေါပကအဖွဲ့များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များက ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားတော်များအား လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။

ကိုးပါးသီလ ခံယူဆောက်တည်

ထို့နောက် နိုင်ငံတော်ဩဝါဒါ စရိယ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ရန်ကင်းမြို့နယ် မဟာဓမ္မိကာရုံ ပရိယတ္တိစာသင်တိုက် ကျိုက်ပိ ကျောင်းဆရာတော် ဘဒ္ဒန္တဂုဏေသနထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူ ဆောက်တည်ကြသည်။

ယင်းနောက် ၂၆၀၈ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေးနှင့် စပ်လျဉ်း၍ အလှည့်ကျ သဘာပတိ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးအေးထွန်းက ဗုဒ္ဓပူဇနိယ မင်္ဂလာ အဖွင့်စကား ဖတ်ကြားလျှောက်ထားသည်။

ထို့နောက် မြတ်ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်ရောင် မြတ်တန်ဆောင်ကို လေးမြတ်ကော်ရော် ပူဇော်သော အားဖြင့် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ကျိုက်ပိကျောင်းဆရာတော် ဘဒ္ဒန္တဂုဏေသနနှင့် ဂေါပကအဖွဲ့ ဝင်များက ဆီမီးတန်ဆောင်ထွန်း ညှိပူဇော်ပြီး ဗုဒ္ဓပူဇနိယ တပေါင်း ပွဲတော်အား ဖွင့်လှစ်ပေးကြသည်။

ဆက်ကပ်လှူဒါန်း

ယင်းနောက် ဂေါပကအဖွဲ့ဝင် များက ရွှေတိဂုံစေတီတော် ဩဝါဒါ စရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်း လွှာအား ရွတ်ဖတ်ခြင်း၊ မဟာပဋ္ဌာန်း ပစ္စယနိဒ္ဒေ ဒေသနာတော်များကို ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဗဟိုမဏ္ဍပ် အတွင်းရှိ ဧည့်ပရိသတ်များ၊ အာရုံခံ မုခ်ဦးလေးခုတွင် နေရာယူထားကြသော ပရိသတ်အမျိုး လေးပါးတို့က ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဗဟိုမဏ္ဍပ်အတွင်းရှိ ရတာဃရစံအိမ်တော်အတွင်း အသင့်နေရာယူထားသော သံဃာတော်မှ အသံမစဲမဟာပဋ္ဌာန်း ဒေသနာတော်များ ဆက်လက် ရွတ်ဖတ်ပူဇော်ခြင်းတို့ ဆောင်ရွက်ကြသည်။

ရွှေတိဂုံစေတီတော်၏ အသံမစဲမဟာပဋ္ဌာန်းဒေသနာတော်များကို သံဃာတော်များက ယနေ့မှ မတ် ၈ ရက်အထိ ပူဇော်ရွတ်ဖတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း၊ ဓာတ်ပုံ - ဇော်မင်းလတ်

HOT NEWS
January 4,