လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ဒသမ ၈ ဘီလီယံ မျှော်မှန်းထားပြီး မျှော်မှန်းချက် ပြည့်မီနိုင်မည်ဟုဆို

လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ဒသမ ၈ ဘီလီယံ မျှော်မှန်းထားပြီး မျှော်မှန်းချက် ပြည့်မီနိုင်မည်ဟုဆို


Ministry of Information/ ​နေပြည်တော် / October 16, 2019
image_latest


ရန်ကုန် အောက်တိုဘာ ၁၅

လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ဒသမ ၈ ဘီလီယံ မျှော်မှန်းထားပြီး မျှော်မှန်းချက်ပြည့်မီနိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က ပြောသည်။

“ဒီနှစ်ထဲမှာ ကျွန်တော်တို့ Ease of Doing Business Ranking က လည်း တက် လာမယ်၊ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ မှတ်ပုံတင်ကြေးကို လည်း လျှော့ချတယ်၊ နောက်တစ်ခါ ကမ္ဘာပေါ်မှာ Asian Development Bank က ဆန်းစစ်ထားတဲ့ အချက်လည်းရှိပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ အခြေအနေကဘယ်လိုရှိတယ်၊ နောက်ထပ် ဘာကြောင့်တိုးတက်နိုင်သလဲ ဆိုတဲ့ Asian Development Bank Report လည်း ရှိပါတယ်။ ဒီ Report တွေအရဆိုရင် ကျွန်တော်တို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ Target က ရောက်မယ်လို့ ထင်ပါတယ်”ဟု ဦးသန့်စင်လွင်က ပြောသည်။

ထို့ပြင် ယခုဘဏ္ဍာနှစ်တွင် မျှော်မှန်းချက်ပြည့်မီရန် လာမည့် ဒီဇင်ဘာ လထဲတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးပွဲများကို ပြုလုပ်သွားမည်ဖြစ် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနထံမှ သိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ဒသမ ၈ ဘီလီယံ မျှော်မှန်းထားသော် လည်း ၄ ဒသမ ၅ ဘီလီယံသာ ဝင်ရောက်ခဲ့ သဖြင့် မျှော်မှန်းချက်ထက် တစ်ဘီလီယံကျော် လျော့နည်းခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ထိုသို့ မျှော်မှန်းချက်ထက် လျော့နည်းခဲ့ခြင်းမှာ ပမာဏကြီးသည့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် ရှိသော်လည်း ယင်းလုပ်ငန်းများကို ဌာန အတွင်း လိုအပ်ချက်များ စုံစမ်းနေဆဲကြောင့်ဖြစ်ကြောင်း ဦးသန့်စင်လွင် က ထပ်မံပြောကြားသည်။

ထိုလုပ်ငန်းများသည် အခြေခံအဆောက်အအုံနှင့် လျှပ်စစ်လုပ်ငန်းများဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ၌ ၁၉၈၈ မှ ၂၀၁၉ စက်တင်ဘာလကုန်အထိ နိုင်ငံ ၅၀ မှ စီးပွားရေး ကဏ္ဍ ၁၂ ခုတွင်လုပ်ငန်း ၁၈၃၇ ခု ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်း တန်ဖိုး ဒေါ်လာ ၈၁ ဒသမ ၈ ဘီလီယံရှိပြီး ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ် သော နိုင်ငံများသည် စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်း နိုင်ငံတို့ဖြစ်ကာ အဓိကရင်းနှီးမြှုပ်နှံသော လုပ်ငန်းများသည် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ကဏ္ဍနှင့် ကုန်ထုတ်လုပ်ငန်းတို့ ဖြစ်သည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံ၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၇ ဘီလီယံ နှင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ၄ ဒသမ ၅ ဘီလီယံတို့ ဖြစ်သည်။

ငြိမ်းငြိမ်း

 

HOT NEWS
January 4,