“ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ဇာတ်ကားအကြောင်း စကားဝိုင်းဆွေးနွေးပွဲ MRTV တွင် ဆက်လက်ရိုက်ကူး

“ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ဇာတ်ကားအကြောင်း စကားဝိုင်းဆွေးနွေးပွဲ MRTV တွင် ဆက်လက်ရိုက်ကူး


Ministry of Information/ ​နေပြည်တော် / April 04, 2020
image_latest


“သင်္ကြန်ရင်ခုန်သံ” အစီအစဉ်အဖြစ် “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ဇာတ်ကားအကြောင်း စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတူဒီယို၌ ဆက်လက်ရိုက်ကူးသည်။

သင်္ကြန်ကာလအတွင်း မဏ္ဍပ်များနှင့် ဖျော်ဖြေပွဲများ ရပ်ဆိုင်းထားချိန်တွင် မြန်မာ့ရိုးရာသင်္ကြန်၏ ပုံရိပ်ကို ထင်ဟပ်စေသည့် ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်ခဲ့ကြသော အနုပညာရှင်၊ အတတ်ပညာရှင်များ၏ စကားဝိုင်းဆွေးနွေးပွဲများကို ရုပ်မြင်သံကြားနှင့် အင်တာနက်တို့မှတစ်ဆင့် ထုတ်လွှင့်နိုင်ရန် ပြန်ကြားရေး ဝန်ကြီးဌာနကရုပ်ရှင်အစည်း အရုံး၊ ဂီတအစည်းအရုံး၊ ရုပ်ရှင်ထုတ်လုပ်သူများ၊ ရုပ်ရှင်ရုံ ပိုင်ရှင်များနှင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (FDC) မှ တာဝန်ရှိသူများ ပူးပေါင်း၍ ထိုသို့စီစဉ်ရိုက်ကူးခြင်းဖြစ်သည်။

ထိုသို့ ရိုက်ကူးရာတွင် အကယ်ဒမီဒေါ်ဆွေဇင်ထိုက်က အစီအစဉ်မှူးအဖြစ် ပါဝင်ဆောင်ရွက်ပြီး “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူနှင့် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီ အေးမြတ်သူနှင့် သရုပ်ဆောင် ပိုးမမှီသာတို့ ပါဝင်ဆွေးနွေးကြသည်။

ဆွေးနွေးမှုတွင် Frenzo ရုပ်ရှင်ထုတ်လုပ်ရေးမှထုတ်လုပ်သည့် “ပိတောက်ကတဲ့ဂီတ” ဇာတ်ကားကို ဒါရိုက်တာမီးပွားက ဂီတနှင့် မေတ္တာတရားကို အခြေခံပြီး ပုံဖော်ရိုက်ကူးထားပုံ၊ အယူအဆမတူညီမှု၊ မျိုးဆက်ကွာဟမှုများနှင့် ဇာတ်လမ်းတည်ဆောက်ထားပုံ၊ ဇာတ်ကွက်များကို သီချင်းများဖြင့် သီကုံးထားပုံ၊ ဇာတ်လမ်း ဇာတ်ကွက်နှင့် လိုက်ဖက်သော မတူညီသည့် သံစဉ်များဖြင့် ထည့်သွင်းရိုက်ကူးထားပုံ၊ မန္တလေးမြို့၏ အထင်ကရ မြို့မတေးဂီတအဖွဲ့နှင့် ဂီတပညာရှင်များက ဂီတဆိုင်ရာ ပံ့ပိုးပေးပုံ၊ ခေတ်အလိုက် ပေါ်ထွက်ခဲ့ကြသည့် ဂီတ အမျိုးအစားများအလိုက် အလှကိုယ်စီရှိမှုနှင့် လူငယ်များ သဘောကျသည့် ဂီတများ ထည့်သွင်းရိုက်ကူးထားပုံ၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်သည် ရေကစားခြင်းသာမကဘဲ ဂီတနှင့်တွဲလျက် ခွဲခြားမရပုံ၊ ဇာတ်ဝင်ခန်းများကို ၂၀၁၉ ခုနှစ် မန္တလေးသင်္ကြန်နှင့် ၂၀၁၉ ခုနှစ် မေလက ပြုလုပ်ခဲ့သည့် စိုင်းစိုင်းခမ်းလှိုင်၏ Mandalay Show မှ ဖျော်ဖြေမှုများဖြင့် ပေါင်းစပ်ဖန်တီးထားပုံတို့ကို ဆွေးနွေးကြခြင်း ဖြစ်သည်။

အဆိုပါ သင်္ကြန်ရင်ခုန်သံ စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်များကို သင်္ကြန်ကာလအတွင်း MRTV မှ ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

 နီနီ (FDC)

HOT NEWS
January 4,