နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကရင်ပြည်နယ်အတွင်းရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်တို့မှ တာဝန်ရှိသူများအား တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကရင်ပြည်နယ်အတွင်းရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်တို့မှ တာဝန်ရှိသူများအား တွေ့ဆုံ


Ministry of Information/ နေပြည်တော် / December 15, 2018
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၅

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များ (ပြည်သူ့၊ အမျိုးသား၊ ပြည်နယ်)၊ ပြည်နယ် တရားလွှတ်တော်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် လမ်းညွှန် အမှာစကား ပြောကြားသည်။

 

တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက ကရင်ပြည်နယ် အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တရားစီရင်ရေးနှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရသည်မှာ မိမိတို့ကြိုးစား ဆောင်ရွက်နေသည့် ဒီမိုကရေစီ အသွင်ကူး ပြောင်းရေး အရှိန်အဟုန် မြင့်မားစေရန် အဓိအကြောင်းရင်း ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတော်ကို ဒီမို ကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် တာဝန်ရှိသူများ အားလုံးက သန္နိဋ္ဌာန် ချထားပါကြောင်း၊ မိမိတို့ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရခြင်းမှာ နိုင်ငံသားတိုင်း လွတ်လပ်မှု၊ လုံခြုံမှု၊ ပျော်ရွင်မှု၊ သာတူညီမျှမှုရရှိရန် ဖြစ်ပါကြောင်း၊ ထို့ပြင်မိမိတို့ နိုင်ငံ လွတ်လပ်ရေး ရရှိပြီးပါက ဒီမိုကရေစီဝါဒ ကျင့်သုံးရန် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် အမျိုးသား အာဇာနည် ခေါင်းဆောင်၊ တပ်မတော်၏ဖခင် လွတ်လပ် ရေးဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်းက လမ်းညွှန်ခဲ့ ပါကြောင်း။

 

ဒီမိုကရေစီစနစ်သည် ဖက်ဒရယ်ပြည်ထောင်စုကိုခိုင်မြဲစေသလို ဖက်ဒရယ် ပြည်ထောင်စုသည်လည်း ဒီမိုကရေစီ၏ ကျင့်စဉ်များကို အားကောင်း စေပါကြောင်း၊ ယင်းသို့ တည်ဆောက်ရာတွင် မိမိတို့အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ အောင်မြင် မည်ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် မဏ္ဍိုင်ကြီး ၃ ရပ်နှင့် ဌာန ဆိုင်ရာ အဖွဲ့အစည်းအားလုံးက စိုးရိမ်ကြောင့်ကြနေစရာ မလိုပါကြောင်း၊ ခေတ်ဟောင်း စနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ်သို့ ကူးပြောင်းရာတွင် အချို့နေရာများတွင် အခက်အခဲများ ရှိနိုင်ပါကြောင်း၊ ယင်းအခက်အခဲများကို ကြုံတွေ့လာပါက မိမိတို့ အရည် အချင်းများကို ပြသရန် အခွင့်ကောင်းဟု ခံယူရမည် ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုကို တချို့က စိတ်ပူပန်မှုများ၊ ဝန်လေးမှုများ၊ ငြင်းဆန်မှုများ၊ ခုခံမှုများ ရှိနိုင်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် စိုးရိမ်စရာ၊ ငြင်းဆန် ခုခံနေရ မည့်အရာများ မဟုတ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှု ခေတ်ရေစီးတွင် လိုက်ပါ ဆောင်ရွက်နိုင်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ တိုင်းပြည်ကိုငြိမ်းချမ်း သာယာ ဖွံ့ဖြိုးတိုးတက် လိုလျှင် ပြုပြင်ပြောင်းလဲမှာကို ရှောင်လွှဲ၍ ရမည်မဟုတ်ပါကြောင်း။

 

ယနေ့တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူများအနေဖြင့် မိမိတို့၏ လက်အောက် ဝန်ထမ်းများကို စိတ်ဓာတ်ပြုပြင် ပြောင်းလဲအောင် တည့်မတ် ပေးရမည် ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အားလုံးက ပါဝင် နိုင်အောင်ကြပ်မတ် ပေးရမည်ဖြစ် ပါကြောင်း၊ အုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး မိမိတို့ပြုပြင် ပြောင်းလဲလိုသည်မှာ နိုင်ငံရေး တရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ လူမှုရေးမျှတမှု ရှိအောင် ဖော်ဆောင် စေလိုပါကြောင်း၊ ထို့အတူ အခွင့်အလမ်းညီမျှမှု၊ အဆင့်အတန်းညီမျှမှု၊ တရား ဥပဒေအရာတွင် ညီမျှမှု ရှိအောင် စီမံစေလိုပါကြောင်း၊ မိမိတို့အုပ်ချုပ်ရေးသည် တရားဥပဒေစိုးမိုးမှုကို အထောက်အကူပြုသည့် အုပ်ချုပ်ရေးဖြစ်ရန် လိုအပ်ပါကြောင်း၊ ထို့အတူနိုင်ငံသူ၊ နိုင်ငံသားများ အတွက် ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှု၊ နှလုံးစိတ်ဝမ်း အေးချမ်းမှုကိုပေးသည့် စီမံခန့်ခွဲသော အုပ်ချုပ်ရေးယန္တရား ဖြစ်စေလိုပါကြောင်း၊ ပြည်သူကို အလုပ်အကျွေးပြုပြီး ပြည်သူကပေးသည့် တာဝန်ကို ကျေပွန်သည့် ဝန်ဆောင်မှု ဖြစ်စေလိုပါကြောင်း ပြည်သူကို ဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်ရေး ယန္တရား မဖြစ်စေလိုပါကြောင်း။

 

သို့ဖြစ်၍ မိမိတို့အနေဖြင့် အုပ်ချုပ်ရာတွင် ဒီမိုကရေစီစံနှုန်းအတိုင်း ပြည်သူသာ အမိ၊ ပြည်သူသာ အဖဆိုသည်ကို ကောင်းစွာ လက်ခံထားပါကြောင်း၊ ပြည်နယ်၊ တိုင်း အစိုးရအဖွဲ့များ စီမံခန့်ခွဲမှု ညံ့ဖျင်းလျှင်၊ အုပ်ချုပ်မှု မှားယွင်းလျှင် ဒီမိုကရေစီကျဆုံး သွားနိုင်ကြောင်းကို သမိုင်းသာဓကများအရ သတိပြုရမည် ဖြစ်ပါကြောင်း၊ အစိုးရ အနေဖြင့်မည်သို့ပင် အုပ်ချုပ်ရေး ပြောင်းလဲစေကာမူ ဒီမိုကရေစီစံနှုန်းဖြင့် ညီညွှတ်သည့် ဥပဒေများကို မပြောင်းလဲနိုင်ပါက ဒီမိုကရေစီ ယန္တရားမဖြစ်ဘဲ ဗျူရိုကရေစီ ယန္တရား ဖြစ်သွားနိုင် ပါကြောင်း၊ ကိုယ်နိုင်ငံ၊ ကိုယ့်ဒေသ၊ ကိုယ့်အခြေအနေဖြင့် ညီညွှတ်သည့် ဥပဒေများပြဌာန်းရန် လိုအပ်ပါကြောင်း။

 

တရားစီရင်ရေးအပိုင်းတွင် မိမိတို့ရည်ရွယ်ထားသည့် တရားစီရင်ရေးမှာ ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေးပင် ဖြစ်ပါကြောင်း၊ တရားမျှတမှု ရှိအောင် ကြိုးစား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ တရားဥပဒေ၏ ရှေ့မှောက်တွင် အားလုံးအညီ အမျှဖြစ်ရန် လိုအပ်ပါကြောင်း၊ ဥပဒေအရာရှိများ အနေဖြင့်လည်း တရားရုံးများက မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ရန်နှင့် နိုင်ငံသူ၊ နိုင်ငံသားများဘက်မှ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ရပ်တည်ပေးရမည် ဖြစ်ပါကြောင်း။

 

မိမိအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ပြည်ထောင်စု လွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုပြီးချိန်တွင် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါကြောင်း၊ ယင်းမိန့်ခွန်း၏ အနှစ်သာရကို ပြန်လည် ပြောကြားရပါက ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးကာလ၏ ပြောင်းလဲမှုဖြစ်စဉ် အောင်မြင် ချောမွေ့စေရန် ပြည်သူပြည်သားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများအားလုံး၏ ပုံစံကျနေသည့် အတွေးအခေါ်နှင့် ပုံသေကားချပ် အလေ့အထများကို ပြုပြင်ပြောင်းလဲကြရန် အထူးလိုအပ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများကို ကြပ်မတ် ရမည်ဖြစ်ပါကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်ရမည် ဖြစ်ပါကြောင်း၊ အဂတိ လိုက်စားမှုကို ပိုမိုတိုက်ဖျက်ရမည်ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း များကို ကာကွယ်ရမည် ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရမည်ဖြစ် ပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရူံးမှု မရှိစေရန် စီမံခန့်ခွဲရမည်ဖြစ်ပါ ကြောင်း၊ ဥပဒေမဲ့ သိမ်းဆည်းခံ ရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေး နှင့် နစ်နာကြေးရရှိရေးတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်းစသည် တို့ကို ပြောကြားခဲ့ပါကြောင်း။

 

ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် နိုင်ငံတော်၏မူဝါဒများ၊ ညွှန်ကြားချက်များကို အကောင်အထည်ဖော် နိုင်ရမည် ဖြစ်ပါကြောင်း၊ ထိုသို့ဖော်ဆောင်ရာတွင် ကိုယ်လိုသလို ပုံမဖော်မိရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စု အစိုးရဖွဲ့၏ မူဝါဒများကို အကောင်အထည် ဖော်ရန် ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့များတွင် တာဝန်ရှိပါကြောင်း၊ ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့်လည်း မိမိပြည်နယ်မှာရှိသည့် ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးက်ို လက်တွေ့ကျကျ ကြပ်မတ်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ကြပ်မတ်ရာတွင် ဌာနဆိုင်ရာ များအနေဖြင့် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာဆောင်ရွက်နိုင်ခြင်းရှိ/မရှိ စစ်ဆေး ကြပ်မတ်နေရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်မှသာ အုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန် ရလာမည်ဖြစ်ပါကြောင်း။

 

မူးယစ်ဆေးဝါးကိုလည်း ပိုမိုနှိမ်နင်းနိုင်အောင် နိုင်ငံတော်သမ္မတရုံးတွင် ဌာန တစ်ခုဖွဲ့စည်းပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်မှာ တိုင်းပြည် နှင့်အနာဂတ် မျိုးဆက်သစ် လူငယ်များအတွက် အရေးကြီးပါကြောင်း၊ မူးယစ်ဆေးဝါး ကိစ္စများတွင် ဝန်ထမ်းများပါဝင် နေပါကလည်း မျက်နှာကြီးငယ်မရွေး ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးတွင် အားလုံး ပါဝင်စေလိုပါကြောင်း။

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ဆောင်နေပါကြောင်း၊ အဂတိမှာ မိမိတို့နိုင်ငံတွင် ဓလေ့သဖွယ် စွဲကပ်နေပါ ကြောင်း၊ ယင်းကိုမကုစားနိုင်ပါက န်ိုင်ငံဖွံ့ဖြိုးတိုးတက်မည် မဟုတ်ပါကြောင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အချို့အထိ ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဘဏ္ဍာငွေ အပေါ်မူတည်ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအလိုက် Corruption Prevention Units (CPU) များဖွဲ့စည်းပြီး ထိန်းကျောင်းရန်လည်း စီစဉ်လျက်ရှိပါကြောင်း၊ အဂတိလိုက် စားမှု တိုက်ဖျက်နိုင်မှသာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည် ဖြစ်ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း၊ ယင်းကိစ္စကို အားလုံးက ဝိုင်းဝန်း ဆောင်ရွက်ပေး ကြစေလိုကြောင်း၊ ဝန်ထမ်းများ၏ စားဝတ်နေရေး အခက်အခဲကိုလည်း နားလည်ပါကြောင်း၊ မိမိ၏ ယာယီသက်သာမှုကို ကြည့်ပြီး မဆောင်ရွက်ကြ စေလိုဘဲ နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို ကြည့်ပြီးဆောင်ရွက်ကြ စေလိုကြောင်း။

 

ပြည်သူ့ဘဏ္ဍာကို သုံးစွဲရာတွင်လည်း လေလွင့်ဆုံးရှုံးမှု မဖြစ်အောင် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ စီမံကိန်းများကို မှန်မှန်ကန်ကန် တွက်ချက်ပြီး တင်ပြကြရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် တင်ဒါစည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရန် လိုကြောင်း၊ မပြီးစီးသည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး မှန်မှန် ကန်ကန် တင်ပြကြရန်လိုကြောင်း၊ စီမံကိန်း ပိုလျှံငွေများကို ပြန်လည်အပ်နှံကြရန် လိုကြောင်း၊ ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်တို့ကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများကို မှန်မှန်ကန်ကန် အကြံပြုကြစေ လိုကြောင်း။

 

လူ့အခွင့်အရေးအပိုင်းတွင်လည်း လူ့အခွင့်အရေးကို အရှိန်အဟုန်ဖြင့် ပိုမိုမြှင့် တင်ကာကွယ်ရမည် ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေးသည် မွေးရာပါအခွင့်အရေးဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံသည်လည်း လူအခွင့်အရေး ကြေညာစာတမ်းတွင် အစောဆုံး ပါဝင်လက်မှတ်ထိုးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း။

 

သမိုင်းအခြေအနေအရ မိမိပခုံးပေါ်သို့ ကျရောက်လာသည့် သမိုင်းပေး တာဝန်များကို မိမိဖြတ်သန်းသည့် ကာလတစ်ခုတွင် မည်မျှကျေပွန်စွာ လုပ်ဆောင် ခဲ့သည်ကို နောင်မျိုးဆက်သစ်များက တန်ဖိုးဖြတ်မည် ဖြစ်သည့်အတွက် အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်သွားကြရန် လိုကြောင်းမှာကြားသည်။

 

ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှု များကိုလည်းကောင်း၊ ကရင် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က လွှတ်တော်ရေးရာလုပ်ငန်း ဆောင်ရွက်မှု များကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်းက တရားလွှတ်တော်ရေးရာ လုပ်ငန်းဆောင်ရွက် နေမှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ကဏ္ဍတို့နှင့် စပ်လျဉ်း၍ အားနည်းချက်၊ အားသာချက်များကို ရှင်းလင်း ပြောကြားပြီး တရားစီရင်ရေးတွင် အမှုများကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် စစ်ဆေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်သူများအတွက် ဥပဒေအရ ပေးထားသည့် အခွင့် အရေးများကို ခွင့်ပြုပေးရမည် ဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့် သက်သေခံ ပစ္စည်းများကို သက်ဆိုင်ရာဌာနသို့ နည်းမှန်လမ်းမှန်အပ်နှံပြီး ဆောင်ရွက် ကြရန် လိုကြောင်း၊ ဥပဒေပြု လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ဥပဒေ၊ နည်း ဥပဒေများအတိုင်း ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့၏ မူဝါဒမှာ ပြည်နယ်နှင့် တိုင်းဒေသကြီးများကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်ကြောင်း၊ ပြည်နယ် အစိုးရ၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက် မှန်ကန်မှုနှင့် မြန်ဆန်မှုသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက် ရေးနှင့် တိုက်ရိုက်အချိုးကျလျက်ရှိပါကြောင်း။

 

လယ်ယာမြေ သိမ်းဆည်းခံရမှုများ ပြန်လည်ပေးအပ်ရာတွင် နိုင်ငံတော်ကချမှတ် ထားသည့် မူဝါဒများနှင့်အညီ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် တိတိကျကျ လုပ်ဆောင် ရန်လိုကြောင်း၊ န်ိုင်ငံတော်၏ မူဝါဒများကို လိုအပ်သလို အဓိပ္ပာယ် ဖွင့်ဆိုခြင်းများဖြင့် မဆောင်ရွက်ကြစေ လိုပါကြောင်း၊ စွန့်လွှတ်ပြီး မြေများကို မူလပိုင်ရှင် တောင်သူ လယ်သမားများထံ မြန်မြန်ဆန်ဆန် ပြန်လည်ရောက်ရှိပြီး တာဝန်ရှိသူများက တရားဝင်မှုရရှိအောင် ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ မြေယာကိစ္စများတွင် တရားစီရင်ရေး အနေဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်ရန် အထူးအရေးကြီး ပါကြောင်း၊ ပြည်နယ်အတွက် အစီရင်ခံစာ တင်ပြနိုင်ရေး ဆောင်ရွက်ပေးကြရသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပြည်နယ် အစိုးရအဖွဲ့အား အချက်အလက်များကို မှန်မှန် ကန်ကန် ပြုစုပေးရန် လိုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ဆောင်ရွက်နေသည်မှာ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးဖြစ်အောင် ဆောင်ရွက်နေပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် ဖြစ်နိုင်ခြေများကို ကြိုတင်တွက်ဆကြရန်၊ ပွင့်လင်းမြင်သာရန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း မှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

 

ယင်းနောက် န်ိုင်ငံတော်သမ္မတသည် ဘားအံမြို့ ကမ်းနားလမ်း တစ်လျှောက်လှည့် လည် ကြည့်ရှု စစ်ဆေးသည်။

 

(သတင်းစဉ်)

HOT NEWS
January 4,