နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းခရိုင်နှင့် ထားဝယ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းခရိုင်နှင့် ထားဝယ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ


Ministry of Information/ တနင်္သာရီ / February 15, 2019
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၅

တနင်္သာတိုင်းဒေသကြီး ကော့သောင်းမြို့၌ ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ငြိမ်းချမ်း ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် ကော့သောင်းမြို့ ဘုရင့်နောင် အငူသို့ ရောက်ရှိကြပြီး လှည့်လည်ကြည့်ရှုသည်။

ထို့သို့ လှည့်လည်ကြည့်ရှုရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ခေတ်အဆက်ဆက် ဘုရင့်နောင်အငူ ပြုပြင်ထိန်းသိမ်းခဲ့မှုများ ဓာတ်ပုံမှတ်တမ်းများနှင့် ဘုရင့်နောင်ရုပ်တုကုန်းတော်ပြင် အတက်လှေကားပြုပြင် တည်ဆောက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘုရင့်နောင်ကုန်းတော်ပေါ် သို့ တက်ရောက်ပြီး ဘုရင်နောင်ရုပ်တုနှင့် ကုန်းတော်ပြင် ပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပရေးနှင့် စိမ်းလန်းစိုးပြေရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကော့သောင်းမြို့ ပြည်တော် အေးစေတီတော်သို့ရောက်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကော့သောင်းမြို့ မြို့တော်ခန်းမ ၌ ကျင်းပသည့် ကော့သောင်းခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသသခံပြည်သူများအား တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျွန်မတို့ တနင်္သာရီတိုင်းကို လာရတယ်ဆိုရင် အမြဲပဲစိတ်ချမ်းသာ ရပါတယ်။ အဓိကက ပြည်သူတွေရဲ့နွေးထွေးမှု ကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တချို့ကိစ္စတွေမှာတော့ အများကြီးပိုပြီး ပြုပြင်ဖို့ လိုတယ်ဆိုတာသတိပြုမိပါတယ်။ အရေးကြီးတာကတော့ ပြည်သူတွေရဲ့ဘဝစီးပွားတိုး တက်ဖွံ့ဖြိုးဖို့ပါပဲ။ ဒါဟာလည်း အစိုးရအနေနဲ့ ၂၀၁၆ ခုနှစ်ကနေစပြီး တာဝန်ယူက တည်းက ရည်ရွယ်ချက်တစ်ခုအနေနဲ့ သတ်မှတ်ခဲ့တာပါ။ ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ စီးပွားရေးကောင်းရုံတင် မကပါဘူး။ ပညာရေး၊ ကျန်းမာရေးဘက်မှာလည်း ဖွံ့ဖြိုးတိုး တက်ဖို့အရေးကြီးပါတယ်။ ကျန်းမာပြီး ပညာတတ်တဲ့ ပြည်သူလူထုတွေဖြစ်ပြီဆိုရင် ဖွံ့ဖြိုးတိုးတက်မှုကိုတွန်းအားပေးနိုင်တဲ့ အင်အားတွေဟာ အင်မတန်မှ တက်လာမှာ ဖြစ်ပါတယ်။

အခုဆိုရင်ကော့သောင်းမြို့နယ် လူထုတွေ့ဆုံပွဲအတွက် တင်ပြလာတဲ့ အကြောင်းတွေရှိပါတယ်။ မေးခွန်းတွေရှိပါတယ်။ အဲဒါတွေကြည့်လိုက်တဲ့အခါ ခပ်တိုတိုပြောရမယ်ဆိုရင် ဒါဟာတိုင်းအစိုးရကနေ ရှင်းလင်းထားပြီးသားကိစ္စတွေ ဖြစ်ရပါလိမ့်မယ်။ အခုပြည်နယ်နဲ့တိုင်းတော်တော်များများကို ရောက်ခဲ့တဲ့အခါမှာ ပြည်နယ်/တ်ိုင်းအစိုးရများနဲ့ ပြည်သူလူထုကြားမှာဆိုရင် နီးကပ်မှုဟာ ရှိသင့်သလောက် မရှိဘူးဆိုတာ သတိပြုမိပါတယ်။ တကယ်ပဲ ပြည်နယ်/တိုင်းအစိုးရနဲ့ ပြည်သူလူထုကြား မှာ နီးကပ်မှုရှိတယ်ဆိုရင် တချို့မေးခွန်းတွေက တက်လာစရာအကြောင်းကိုမရှိပါဘူး။ ပြည်သူလူထုကနေ ဒီအဖြေတွေကို သိပြီးသား အခြေအနေဖြစ်ရပါမယ်။ ဥပမာဆိုရင် ထပ်တလဲလဲတောင်းတဲ့ကိစ္စတွေဟာ ကျောင်းအဆင့်မြှင့်တင် ပေးဖို့၊ ဆေးရုံ အဆင့်မြှင့် တင်ပေးဖို့စသဖြင့်ပါပါတယ်။ အဲဒီဟာတွေဟာ ဘယ်လိုအချက်အလက်တွေနဲ့ကိုက်ညီမှ မြှင့်တင်ပေးနိုင်တယ် ဆိုတာ တိုင်း/ပြည်နယ်အစိုးရတိုင်းက သိရမယ့်ကိစ္စပါ။ မသိဘူး ဆိုရင်လည်း ဒါအစိုးရရဲ့လိုအပ်ချက်ပဲ။ သိအောင်လုပ်ပြီးတော့ ပြည်သူကိုတစ်ဆင့် ချပေးရပါမယ်။

ကျွန်မအခုဒီရောက်တုန်းပြည်သူတွေရဲ့အသံကိုကြားချင်တယ်။အစိုးရဆိုတာ ပြည်သူလူထုနဲ့ ကင်းကွာနေလို့ မဖြစ်ပါဘူး။ ဒီမိုကရေစီအစိုးရဆိုတာ ပြည်သူလူထုတင် မြှောက်ထားလို့ အစိုးရဖြစ်နေတာပါ။ အဲဒီဟာကို ဘယ်တော့မှ မမေ့သင့်ပါဘူး။ ပြည်သူ လူထုကလည်း တင်မြှောက်ထားတယ်ဆိုတာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အစိုးရတစ်ခုကို တင်မြှောက် ထားတာပါ။ ဘယ်သူကမှ သိပ်တော်လွန်းလို့ဆိုပြီး တင်မြှောက်ထားတာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့အနေနဲ့ ခရီးကနေပြန်ပြီးတဲ့အခါမှာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအနေနဲ့ နေရာတိုင်းမှာ ပြည်သူလူထုကြားထဲကိုဆင်းပြီး ပြည်သူလူထုနဲ့ထိတွေ့ပြီး ပြည်သူ လူထုသိချင်တဲ့ကိစ္စတွေအားလုံးကိုဖြေကြားဖို့ ညွှန်ကြားခဲ့ပါမယ်။

အခုတင်ပြထားတဲ့မေးခွန်းတွေကိုလည်း အဲဒီနေရာတွေမှာ ဖြေကြားပေးဖို့မှာခဲ့ပါ တယ်။ အခုပြောချင်တဲ့ကိစ္စက ဘာလဲဆိုတော့ ကျွန်မတို့ပြည်သူလူထုကို တိုးတက် စေချင်တယ်ဆိုတာ စိတ်ထဲအမြဲရှိပါတယ်။ တိုးတက်တယ်ဆိုတာ နံပါတ်တစ်အားဖြင့် စိတ်ပိုင်းဆိုင်ရာအရ တိုးတက်စေချင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ တိုးတက်စေချင် တယ်ဆိုတာ တာဝန်သိစိတ်ကိုပိုပြီးခိုင်မာအောင်လုပ်စေချင်တယ်။ ကိုယ့်ကိုယ်ကိုအား ကိုးတဲ့စိတ်ကိုလည်း ခိုင်မာအောင်လုပ်စေချင်ပါတယ်။ လူတိုင်းဟာကိုယ့်တာဝန်ကို ကိုယ်သိမှ လုပ်ပုံကိုင်ပုံမှန်မှာဖြစ်ပါတယ်။ လူတိုင်းလူတိုင်းဟာကိုယ့်ကိုယ်ကိုအား ကိုးချင်တဲ့စိတ်ဓာတ်ရှိမှ ဝီရိယစိုက်ထုတ်တဲ့ နေရာမှာ ပြည့်ပြည့်၀ဝရှိမှာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ တာဝန်သိစိတ်နဲ့ ဝီရိယရှိမှ ကျွန်မတို့သွားချင်တဲ့လမ်းဟာ မဖြောင့်ဖြူးသည့် တိုင်အောင် ကျွန်မတို့ဟာ ပန်းတိုင်ရောက်တဲ့အထိ လျှောက်နိုင်တဲ့ အင်အားတို့နဲ့ ပြည့်ဝလာမှာ ဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ အောင်ခြင်းတရားလေးပါးဆိုတာ ဆန္ဒနဲ့စပါတယ်။ တကယ်ပဲပြုပြင် ချင်တဲ့၊ ပြောင်းလဲချင်တဲ့ ဆန္ဒရှိရဲ့လား၊ အဲဒီတော့ဆန္ဒဟာအရေးကြီးပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာဝင်ခဲ့တုန်းက ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ကြွေးကြော်သံနဲ့ဝင်ခဲ့ပါ တယ်။ အဲဒီကတည်းက ပြောင်းလဲဖို့ အချိန်ကလဲ တန်ရုံတင်မကဘူး။ လွန်နေပါပြီ။ ပြောင်းလဲစရာတွေက အများကြီးရှိပါတယ်။ ကျွန်မတို့က ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ရွေးကောက်ပွဲကိုဝင်ခဲ့တဲ့အခါမှာ ပြည်သူလူထုကနေ ဝိုင်းဝန်းပြီးတော့ ထောက်ခံကြပါတယ်။ ဒါပေမယ့် ပြောင်းလဲချိန်တန်ပြီဆိုတဲ့ဆောင်ပုဒ်ကိုထောက်ခံရုံ မက တကယ်ပြောင်းလဲချင်တဲ့ဆန္ဒ ပြည်သူလူထု ကြားမှာလည်း ရှိဖို့လိုပါတယ်။

ကျွန်မတို့ဟာ ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်၊ ပညာနဲ့လုပ်ဆောင်သွားမယ်ဆိုရင် မအောင်မြင်နိုင်တဲ့ ကိစ္စဘာမှမရှိပါဘူး။ ဒါဟာ တစ်ဦးချင်းတစ်ဦးချင်းအတွက်ဖြစ်သလို တစ်နိုင်ငံလုံးအတွက်လည်းအတူတူပါပဲ။ တစ်နိုင်ငံလုံးအတွက် ဒီလိုဖြစ်ဖ်ို့ဆိုတော့ အဓိက ဘာလိုအပ်လဲဆိုရင် ညီညွတ်မှုပါပဲ။ ကျွန်မတို့ကြားထဲမှာ ညီညွတ်မှုရှိမှ တစ်နိုင်ငံလုံးမှာ စုပေါင်းအင်အားတွေနဲ့ ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်၊ ပညာကိုအကြောင်း ပြုပြီး နိုင်ငံအောင်မြင်မှုအတွက်ကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဒီနိုင်ငံဟာသဘာဝအားဖြင့် အင်မတန်မှချမ်းသာပါတယ်။ ကြွယ်ဝပါတယ်။ ဒါပေမယ့် ကျွန်မတို့နိုင်ငံသူ နိုင်ငံသားများဟာ ချမ်းသာသင့်သလောက်မချမ်းသာသေး ပါဘူး။ အထူးသဖြင့် ရဟတ်ယာဉ်နဲ့ သွားလိုက်တယ် ဆိုရင် နိုင်ငံရဲ့ ပထဝီအနေအထား၊ သဘာဝပတ်ဝန်းကျင်အနေအထားကို အပေါ်ကနေ ထင်ထင်ရှားရှား မြင်ရပါတယ်။ မြင်ရတဲ့အခါ ကျွန်မတို့နိုင်ငံဟာဘယ်လောက်လှပသလဲ။ သဘာဝကနေ ကျွန်မတို့ရဲ့နိုင်ငံကို ချမ်းသာမှုတွေ ဘယ်လောက်ပေးထားသလဲဆိုတာ သတိပြုမိပါ တယ်။ ဒါပေမယ့် ဒီချမ်းသာမှုတွေကို ထိန်းသိမ်းဖို့၊ ပြုစုပျိုးထောင်ဖို့ဆိုတာ ကျွန်မတို့ အားလုံးရဲ့တာဝန်ဖြစ်တယ်။

နိုင်ငံတစ်နိုင်ငံမှာဆိုရင် အားလုံးက တာဝန်ရှိတယ်ဆိုပေမယ့် အထူးသဖြင့် ဒီမိုကရေစီစနစ်အရ ရွေးချယ်ခံထားရတဲ့ အစိုးရတွေမှာတော့ တာဝန်အရှိဆုံးလို့ ကျွန်မပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုရဲ့ ထောက်ခံမှုကို တောင်းခံပြီးတော့ အစ်ိုးရဖွဲ့ထားတာပါ။ ပြည်သူလူထုရဲ့ ထောက်ခံမှုကိုတောင်းခံပြီး အစိုးရဖွဲ့ထားမှတော့ ပြည်သူတွေအတွက် တာဝန်ယူရမှာပါ။ ဒါဟာဘယ်လိုမှရှောင်လို့ မရပါဘူး။ ဒါကြောင့် ကျွန်မတို့ ဗဟိုအစိုးရမှာ တာဝန်ရှိသလို၊ တိုင်း/ပြည်နယ် အစိုးရတွေမှာလည်း တာဝန်ရှိပါတယ်။ ပြည်သူလူထုနဲ့ ထိတွေ့တဲ့နေရာကျတော့ ဗဟိုအစိုးရက တိုင်း/ ပြည်နယ်အစိုးရတွေနဲ့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ ဗဟိုအစိုးရက နေပြည်တော်မှာတည်တယ်။ တစ်တိုင်းပြည်လုံးအတွက် စဉ်းစားရတယ်။ တိုင်း/ ပြည်နယ်အစိုးရများဟာ မိမိတို့ဒေသမှာ မိမိတို့အခြေခံတယ်။ မိမိရဲ့ဒေသက ပြည်သူပြည်သားတွေရဲ့ လိုအပ်ချက်တွေကို နိစ္စဓူဝစဉ်းစားပြီးတော့ ဖြေရှင်းပေးရမယ်။

ပြည်သူလူထုအနေနဲ့ တိုင်းအစိုးရဟာ ငါတို့တင်ထားတဲ့အစိုးရဆိုတဲ့ စိတ်ဓာတ်နဲ့ဆက်ဆံစေချင်တယ်။ ငါတို့တင်ထားတဲ့အစိုးရဆိုတော့ သူတို့မှာလည်း တာဝန်ရှိတယ်။ ကိုယ့်မှာလည်းတာဝန်ရှိတယ်။ ထိန်းသိမ်း သင့်တာ ကို ထိန်းသိမ်းရမယ်။ ပြုပြင်ပေးသင့်တဲဟာကို ပြုပြင်ရမယ်။ ကိုယ့်မှာတောင်းဆိုပိုင်ခွင့်ရှိတာကို တောင်းဆိုရ မယ်။ တစ်ဖက်သတ်တော့ မစဉ်းစားရဘူး။ လူတိုင်းလူတိုင်း အမြင်ကျယ်ဖို့ အင်မတန် အရေးကြီးတယ်။ ကျွန်မတို့ ပြည်သူပြည်သားများအားလုံး အမြင်ကျယ်မှ ကျွန်မတို့နိုင်ငံ ဟာ တကယ့်ကို တိုးတက်တဲ့နိုင်ငံကြီး ဖြစ်နိုင်မှာပါ။

အခုချိန်မှာ ကျွန်မတို့နိုင်ငံဟာ အမျိုးမျိုးသော စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရသော် လည်း တိုးတက်မှုစံချိန်က ကျွန်မကတော့ ဘယ်တော့မှ အားမရဘူး။ ကျွန်မက လိုချင်တာ၊ ဖြစ်စေချင်တာတွေက သိပ်များပါတယ်။ တကယ်တော့မဆိုးပါဘူးလို့ ပြောရမှာပါ။ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ဆိုရင် တိုးတက်မှုဟာ သုံးနှစ်ကာလ အတွင်းမှာ မဆိုးပါဘူး။ မဆိုးပါဘူးလို့ ပြောရုံနဲ့မလုံလောက်ဘူး။ ဒါထက်ပိုပြီးတော့ တိုးတက်မှုရှိစေချင်တယ်။ ပြင်ပစိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ကျွန်မတို့ရဲ့ ညီညွတ်ရေး ကိုလည်း ပိုမိုပြီးတော့ ခိုင်ခိုင်မာမာတည်ဆောက်စေချင်တယ်။ ပြည်တွင်းစိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့တိုင်း၊ ပြည်နယ်အစိုးရတွေက ပိုမိုပြီးတော့ လုပ်ဖို့လိုတယ်။ ကြိုးစားဖို့လို တယ်။ ပြည်သူလူထုနဲ့ ထိတွေ့မှုရှိဖို့လိုတယ်ဆိုတာကို ကျွန်မ ကော့သောင်းကနေပြီး တစ်တိုင်းပြည်လုံးကို သတင်းစကားပါးလိုက်ချင်ပါတယ်။

တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ တာဝန်ကျေပါ။ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ တာဝန်ကျေရင် ကျွန်မတို့နိုင်ငံဟာ မုချမသွေအချိန်တိုတိုအတွင်းမှာ တိုးတက်နိုင်မယ်ဆိုတာ ကျွန်မရဲရဲကြီးပြောနိုင်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူလူထု အနေနဲ့လည်း ကိုယ့်အစိုးရကို ကိုယ်ထိန်းပါ။ ကျွန်မထိန်းဖို့ပြောတဲ့အခါမှာ ယဉ်ယဉ် ကျေးကျေးတော့ထိန်းပါ။ ရိုင်းရိုင်းစိုင်းစိုင်းနဲ့ထိန်းတယ်ဆိုတာ ကျွန်မတို့နိုင်ငံအတွက် သိက္ခာလည်းမဲ့တယ်။ ကျွန်မတို့ရဲ့ နောင်လာနောက်သားတွေကိုလည်း မကောင်းတဲ့ အမွေအနှစ်တွေထားခဲ့ရာ ရောက်ပါလိမ့်မယ်။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို သိက္ခာရှိရှိနဲ့ သွားနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ကျွန်မတို့ရဲ့ နောင်လာနောက်သားတွေ အတွက် ထားခဲ့ပေးနိုင်မယ်ဆိုရင် ဒါဟာတန်ဖိုးအကြီးဆုံး အမွေအနှစ်ပဲ ဖြစ်ပါတယ်။

တနင်္သာရီတ်ိုင်းမှာဆိုရင် ချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးများ တချို့ရှိပါ တယ်။ အင်မတန်လည်း ချမ်းသာတယ်လို့ ကျွန်မနားလည်ပါတယ်။ အင်မတန်မှ ဆင်းရဲနွမ်းပါးတဲ့ပြည်သူလူထုလည်းရှိပါတယ်။ ချမ်းသာပြီးအောင်မြင်နေတဲ့ လုပ်ငန်းရှင် ကြီးတွေအားလုံးကို မေတ္တာရပ်ခံချင်ပါတယ်။ အထူးသဖြင့် ကိုယ့်ဒေသတွင်းက ပြည်သူလူထုကို ကိုယ့်ရဲ့ရင်ဝယ်သားသဖွယ် တန်ဖိုးထားပြီးမေတ္တာဂရုဏာနဲ့ဆက်ဆံပါ။ အားလုံးတိုးတက်မှ ကျွန်မတို့နိုင်ငံတိုးတက်တယ်လို့ပြောနိုင်မယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်ကျက်သရေဟာ အချမ်းသာဆုံးလူတွေ ဘယ်လောက်ချမ်းသာသလဲဆိုတဲ့ အပေါ်မှာမတည်ပါဘူး။ အဆင်းရဲဆုံးလူတွေတောင် ဘယ်လောက်ချမ်းသာလဲဆိုတာ ပြနိုင်မှ ဒီနိုင်ငံဟာ ဂုဏ်ရှိမှာဖြစ်တယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ရပ်ရွာအတွက်၊ ကိုယ်ရဲ့ပတ်ဝန်းကျင်အတွက်၊ ကိုယ့်ရဲ့ဒေသအတွက် လုပ်ဆောင်နိုင်တဲ့ကိစ္စတွေကို လုပ်ဆောင်ပေးပါ။ အများအကျိုးဆောင် ကိုယ်ကျိုးအောင်ဆိုတာ တကယ်မှန်တဲ့ကိစ္စပါ။ ကိုယ့်ပတ်ဝန်းကျင်က ပြည်သူပြည်သားများ တိုးတက်ချမ်းသာလာတာနဲ့အမျှ ကိုယ့်ရဲ့လုပ်ငန်းကြီးတွေလည်း ပိုပြီးတိုးတက်ချမ်းသာလာမယ်။

ကျွန်မတို့ရဲ့ပြည်သူတွေက တန်ဖိုးအရှိဆုံး သယံဇာတတွေပါ။ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဆိုရင် တကယ်တန်ဖိုးရှိတဲ့သယံဇာတတွေကို ဘယ်ဖြုန်း တီးမလဲ၊ဒီသယံဇာတတွေအပေါ်မှာ ရင်းနှီးမြှုပ်နှံပြီး ချမ်းသာလာကြတာပဲ။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာတခြားသယံဇာတများအားလုံးထက် တန်ဖိုးရှိတာကတော့ ကျွန်မတို့လူ သား သယံဇာတ၊ ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ စွမ်းအားပဲဖြစ်တယ်။ ပြည်သူပြည်သားတွေရဲ့ စွမ်းအားကို ပြုစုပျိုးထောင်ပေးပါ။ ကိုယ့်အတွက်၊ သူ့အတွက် ပရဟိတ၊ အတ္တဟိတ နှစ်ခုစလုံးအောင်မြင်ဖို့အတွက် ကိုယ့်မှာရှိတဲ့ ဥစ္စာဓနတွေနဲ့ ကိုယ့်ပတ်ဝန်းကျင်ချမ်းသာကြွယ်၀အောင် ဝိုင်းဝန်းပြီး တတ်နိုင်တဲ့ဘက်က လုပ်ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

အခုဆိုရင်ကျွန်မပြည်သူလူထုနဲ့တွေ့ပြီး မေးစရာရှိတာမေးပါ၊ တင်ပြစရာရှိတာ တင်ပြပါ။ အမြဲပဲပြောပါတယ်။ ပြည်သူတွေကလည်းတင်ပြတယ်၊ ပွင့်ပွင့်လင်းလင်း တင်ပြရင် ကျွန်မတို့သဘောကျတယ်၊ အစိုးရနဲ့ပြည်သူကြားမှာ ဖြောင့်မတ်မှုရှိရမယ်၊ ပွင့်လင်းမှုရှိရမယ်၊ တစ်ဦးအပေါ်တစ်ဦးယုံကြည်မှုရှိရမယ်။ ဖြောင့်မတ်ပွင့်လင်းလို့ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုရှိလို့သာ တင်ပြသင့်တာတွေကို တင်ပြရဲတာ၊ တင်ပြနိုင်တာ။ တင်ပြတဲ့အခါမှာ ယဉ်ယဉ်ကျေးကျေးတင်ပြပါ။ ကျွန်မတို့နိုင်ငံမှာ ကောင်းတဲ့အစဉ်အလာတွေ ထိန်းသိမ်းထားဖို့ အင်မတန် အရေးကြီးပါတယ်။ ကျွန်မတို့ယဉ်ကျေးမှုက ယဉ်ကျေးမှုဆိုတဲ့အတ်ိုင်း ယဉ်ကျေးပါတယ်။ တစ်ဦးနဲ့တစ်ဦး ဆက်ဆံတဲ့နေရာမှာ ယဉ်ယဉ်ကျေးကျေးဆက်ဆံတယ်။ လူကြီးကိုလူငယ်ကရိုသေ တယ်။ လူငယ်ကိုလူကြီးက ကြင်နာတယ်။ ဒီလိုဆက်ဆံရေးမျိုးက ကျွန်မတို့ပတ်ဝန်း ကျင်အတွက် တွက်လို့မရတဲ့ ချမ်းသာမှုတွေပဲဖြစ်ပါတယ်။ အဲဒါကြောင့်ပြောစရာရှိရင် လည်းပြောပါ။ ယဉ်ယဉ်ကျေးကျေးပြောပါ။

မေးစရာရှိရင်လည်းမေးပါ။ ယဉ်ယဉ်ကျေး ကျေးမေးပါ။ ယဉ်ယဉ် ကျေးကျေးမေးတာနဲ့ ရိုင်းရိုင်းစိုင်းစိုင်း ပြောတာကြားထဲမှာ အများကြီးကွာတယ်။ ထိရောက်မှုကလည်း အများကြီးကွာပါတယ်။အဲဒါကြောင့် ကိုယ်လိုချင်တဲ့ အရာကို လိုချင်တယ်ဆိုရင် မှန်ကန်တဲ့နည်းလမ်း ယဉ်ကျေးတဲ့နည်းလမ်း ကိုသုံးပြီးတော့ရအောင် လုပ်ပါ။ မယဉ်မကျေးတဲ့အပြုအမူတွေကို အားမပေးပါနဲ့၊ ဒီဟာတွေကို မမြှင့်တင်ပေးပါနဲ့ ဟု ပြောကြားသည်။

ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ကော့သောင်းမြို့မီးလင်းရေးအတွက် တင်ဒါဆောင်ရွက်ခဲ့မှုအား ရှင်းလင်းပေးနိုင်ရေး၊ မျက်စိဆရာဝန်လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ကော့သောင်းမြို့ ဓါတ်အားပေး စက်အတွက် စက်သုံးဆီဈေးနှုန်း လျော့ချပေးရေး၊ ကမ်းနီးငါးဖမ်းလှေများ လိုင်စင် ကိစ္စနှင့် ငါးတင်ပို့မှုအခွန်လျော့ချပေးနိုင်ရေး၊ ဘုတ်ပြင်းမြို့နယ်၌ နေအိမ်များအတွင်း ငှက်များလာရောက်၍ သဘာ၀ ငှက်သိုက်လုပ်ဆောင် နေမှုကို လိုင်စင်ခွင့်ပြုပေးရေး၊ ကော့သောင်း- ဘုတ်ပြင်း ကားလမ်းတစ် လျှောက်မှ အမှန်တစ်ကယ် လုပ်ကိုင်ခွင့်မရှိဘဲ တိုးချဲ့စိုက်ပျိုးထားသည့် ဆီအုန်းခြံများအား ပြန်လည်သိမ်းယူပြီး အိုးမဲ့၊ အိမ်မဲ့များအား နေရာချထားပေးရေး၊ ကော့သောင်းတွင် တက္ကသိုလ်တစ်ခု ဖွင့်လှစ်ပေးရေး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ အာဏာအလွဲသုံးစား လုပ်၊ မလုပ်နှင့်အဂတိလိုက်စားမှု ရှိ၊ မရှိ စစ်ဆေး ပေးရေး၊ ဘုတ်ပြင်းမြို့နယ်ရှိ တည်းခိုခန်းများတွင် ပြည်ပခရီးသွားများအား ညအိပ်ခွင့် ပြုရေး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့် ကတ်ပြားထုတ်ယူရာတွင် ဈေးနှုန်း ပိုမိုကောက်ခံနေမှုအား အရေးယူပေးရေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လူမှန်၊ နေရာ မှန် တာဝန်ပေးအပ်ရေး၊ ကော့သောင်းမြို့နယ်အတွင်း လွတ်လပ်စွာရောင်းဝယ်ခွင့် ပြုပြီး အခွန်ကင်းလွတ်ခွင့်ပြုရေး၊ သိမ်းဆည်းမြေ များပြန်လည်ရရှိရေး၊ ကျေးရွာမြေ နေရာ ပျောက်ဆုံးနေမှုအား ဆောင်ရွက်ပေးရေး၊ ဆီအုန်းစိုက်ပျိုးမှုမှာ အကျိုးရှိ၊ မရှိ စိစစ်သုံးသပ်ပေးရေး၊ မူးယစ်ဆေးဝါး သုံးစွဲမှုပပျောက်ရေး၊ ဆီးအုန်းကုမ္ပဏီက ဆောင်ရွက်ထားသည့် ကျေးရွာအဝင် မောင်းတံဂိတ်အားဖယ်ရှားပေးရေး၊ လမ်းတိုးချဲ့ ရာတွင်ပါသွားသည့် မြေနှင့် သီးပင်စားပင်များအတွက် နှစ်နာကြေးရရှိရေးအတွက် ဆောင်ရွက်ပေးရေး၊ ဒီရေတောများထိန်းသိမ်းပေးရေး၊ ခမောက်ကြီးမြို့တိုးချဲ့ပေးရေး၊ ရွှေပြည် တန်ရပ်ကွက်အတွင်းရှိ နေအိမ်အချို့သို့ ကား၊ ဆိုင်ကယ် ဝင်ထွက်နိုင်သည့် လမ်းဆောင်ရွက်ပေးရေးနှင့် ကော့သောင်းမြို့နေ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယ အဆင့် ဦးအုန်းကြိုင်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဓာတ်ပုံတွဲရိုက်ခွင့်ပြု ရေးတို့ ကိုတင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နေရသည့် အတွက် ကော့သောင်းမြို့ မီးပေးသည့် မီးစက် အတွက် ဒီဇယ်ဆီဈေးနှုန်းလျော့ချပေးပြီး ဝယ်ယူခွင့်ပြုရေးမှာ ပြန်စိစစ်ရမည်ဖြစ် ကြောင်း၊ မဟာဓာတ်အားလိုင်းရောက်ရှိပါက အားလုံးအဆင်ပြေသွားမည် ဖြစ်ကြောင်း၊ ငါးတင်ပို့မှု အခွန်ကိစ္စကိုလည်း ကြည့်ရှုပေးမည်ဖြစ်ကြောင်း၊ အိုးမဲ့၊ အိမ်မဲ့နေရာချထား ပေးရန်ကိစ္စ ကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အား ကွင်းဆင်းစစ်ဆေးစေပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ အစီအရင်ခံစာ တင်စေမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အဂတိလိုက်စားမှု ရှိ၊ မရှိဆိုသည့် ကိစ္စမှာလည်း အဂတိတိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းပြီး ဆောင်ရွက်လျက် ရှိသည့်အတွက် အမှန်အတိုင်းဖြစ်ရမည်ဖြစ် ပါကြောင်း၊ ဘုတ်ပြင်းမြို့၌ ပြည်ပဧည့်သည်များ ညအိပ်ခွင့်ကိစ္စကို ပြန်လည်စစ်ဆေး ပေးမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရာတွင် ငွေ ကြေး ပိုမိုကောက်ခံမှုကို အရေးယူသွားမည် ဖြစ်ကြောင်း၊ ကော့သောင်းမြို့ အခွန် ကင်း လွတ်ခွင့်ပြုရေးနှင့်ပက်သတ်ပြီး အခွန်မှာပြည်သူတို့၏ လမ်း၊ ဆေးရုံ အပါအဝင်စီမံ ကိန်းများ အတွက် ကောက်ခံနေဖြင်းဖြစ်ပါကြောင်း၊ ကျေးရွာနေရာပျောက်ဆုံးမှုကို လည်း စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ရေးကိစ္စကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း။

မူးယစ်တပ်ဖွဲ့ကို အင်အားနှင့်နည်းပညာများ တိုးချဲ့လျက်ရှိပါကြောင်း၊ လမ်းနှင့် မလွတ်သည့် မြေနှင့် သီးပင်၊ စားပင်နှစ်နာမှုအတွက် စည်းမျဉ်း၊ စည်းကမ်းအတိုင်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒီရေတောများအတွက် သက်ဆိုင်ရာဌာနမှ အဖွဲ့ စေလွှတ်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်း၊ ဆေးရုံလိုအပ်ချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ အားအလေးထား ဆောင်ရွက်ရန်မှာကြား သွားမည်ဖြစ်ကြောင်း စသည်ဖြင့် တင်ပြချက်များအပေါ် အသေးစိတ် ရှင်းလင်းပြော ကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တွေ့ဆုံပွဲသို့ တက်ရောက် လာကြသည့် လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယအဆင့် ဦးအုန်းကြိုင် အပါအဝင် တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ကော့သောင်းမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြပြီး ထားဝယ်မြို့သို့ ရောက်ရှိကြရာ ဒေသခံပြည်သူများ က ထားဝယ်လေဆိပ်နှင့် လေဆိပ်အထွက် လမ်းမကြီး တစ်လျှောက်တွင် သောင်း သောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထားဝယ်ဆေးရုံကြီးသို့ ရောက်ရှိပြီး ဖျားနာကုသဆောင်၊ ကလေးကုသဆောင်တွင် ဆေးဝါးကုသမှုခံယူနေကြ သည့် ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ ထို့သို့လိုက်လံ ကြည့်ရှုစဉ် ဆေးရုံတာဝန်ရှိသူများအား အဖြစ်များသည့် ရောဂါများနှင့် ကြိုတင်ကာကွယ်ရေးနှင့် ပညာပေးရေးလုပ်ငန်းဆောင် ရွက်နေမှု အခြေအနေများကို မေးမြန်းပြီး လိုအပ်သည့် လမ်းညွှန်ချက်များ ပေးသည်။

ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထားဝယ်မြို့တော်ခန်းမ၌ ထားဝယ်ခရိုင် အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများအားတွေ့ဆုံ သည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လူတိုင်းလူတိုင်းတွင် ရွေးချယ် ပိုင်ခွင့်ရှိပါကြောင်း၊ လူတိုင်းတွင် ရွေးချယ်ပိုင်ခွင့်ရှိသည်နှင့် အမျှ လူတိုင်းတွင် တာဝန်ရှိပါကြောင်း၊ ရွေးချယ်ပိုင်ခွင့်ဆိုသည်မှာ ကိုယ်မှန်မှန်ကန်ကန် ရွေးချယ်ရန် တာဝန် ကိုယ့်မှာရှိသည်ဆိုတာကို ထောက်ပြခြင်းဖြစ်ပါကြောင်း၊ တစ်တိုင်းပြည်လုံး ဘယ်ပဲသွားသွား ပြည်သူလူထု၏ မျှော်လင့်ချက်များ၊ စိုးရိမ် ကြောင့်ကြမှုများ၊ လိုအပ်ချက်များ မိမိတို့ကြားရပါကြောင်း၊ တချို့ကိစ္စတွေကလည်း အစိုးရက ဖြည့်ဆည်းပေးရမည့်ကိစ္စများဖြစ်ပါကြောင်း။

တချို့ကိစ္စမှာ ပြည်သူလူထုကပါ ပါဝင်ပြီးဖြေရှင်းရမည့်ကိစ္စများ ဖြစ်ပါကြောင်း၊ ဘယ်အရာမဆိုအားလုံးအစိုးရက လုပ်ပေးရမည်ဆိုသည့်စိတ်ဓာတ်လည်း မထားစေလို ကြောင်း၊ ယင်းမှာ ဒီမိုကရေစီစိတ်ဓာတ်မဟုတ်ပါကြောင်း၊ ဒီမိုကရေစီစိတ်ဓာတ် ဆိုသည်မှာ တာဝန်ယူရဲသည့်စိတ်ဓာတ်၊ ပြည်သူလူထုကလည်း တာဝန်ယူရဲရမည်၊ ပြည်သူလူထု တင်မြှောက်ထားသည့် အစိုးရကလည်း တာဝန်ယူရဲရမည်၊ ထို့ ကြောင့် မိမိတို့က ပြည်သူလူထုအနေဖြင့် တာဝန်ယူချင်သည့် ကိုယ်လုပ်သင့်လုပ် ထိုက်တာ ကိုလုပ်ပါ၊ အစိုးရ၏ အားနည်းချက်များကို ထောက်ပြသင့်တာကိုထောက်ပြပါ၊ အစိုးရအလုပ်များ ပိုပြီး ပီပြင်အောင် ကူညီနိုင်သည့် နေရာတွင်လည်းကူညီကြပါ ပြောလိုကြောင်း၊ လူတိုင်းသည် ဘာပဲလုပ်လုပ် ကိုယ်ဟာအပြုသဘောဆောင်သည့် စိတ်ဓာတ်နှင့် လုပ်သလား၊ အပျက်သဘောဆောင်သည့် စိတ်ဓာတ်နှင့် လုပ်သလား ဆိုတာ ကိုယ့်ကိုယ်ကိုပြန်ပြီး သုံးသပ်ကြည့်လျှင် အဖြေပေါ်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ထားဝယ်တက္ကသိုလ်တွင် အဆောင်များတည်ဆောက်ပေးရန်နှင့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျေင်းသူများ၏ အခွင့်အရေး အတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေး နွေးခွင့်ရရေး၊ ထားဝယ်တက္ကသိုလ်တွင် ကျောင်းသားသမဂ္ဂအား အသိအမှတ်ပြုပေး ရေး၊ တနင်္သာရီမြစ်မှ ရေအားလျှပ်စစ်ထုတ်ယူနိုင်မှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးပေးရေး နှင့်ရရှိပါက ဆောင်ရွက်ပေးနိုင်ရေး၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် လူငယ်ရေး ရာကော်မတီများအကြား ပူးပေါင်းဆောင်ရွက်မှုရနိုင်အောင်ဆောင်ရွက်ပေးရေး၊ လျှပ်စစ်ကုမ္ပဏီ တစ်ခု၏ တင်ဒါစာချုပ်နှင့်ပတ်သက်ပြီး သိရှိလိုခြင်းကိစ္စ၊ လောင်းလုံ တရားရုံးတွင် တရားစွဲခံနေရမှုအား အကူအညီပေးရေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးတို့အား သက်ဆိုင်ရာအဖွဲ့ဖြင့် စုံစမ်းစစ်ဆေးပေး ရေး၊ ထားဝယ်တက္ကသိုလ်မှဘွဲ့ရများအား ဒေသတွင်း၌ အလုပ်သင်ဆင်းခွင်ပြုရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် ထားဝယ်လူမျိုးဟု ရေးသွင်းခွင့်ပြုရေး၊ ထားဝယ်စီးပွား ရေးဇုန်အား အမြန်ဆုံးအကောင်အထည်ဖော်ရေးနှင့် ဒေသခံများ၏ စီးပွားရေး၊ လူမှုရေး တို့အား အကူအညီပေးရေးတို့နှင့်စပ်လျဉ်း၍ တင်ပြကြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တက္ကသိုလ်နှင့် စပ်လျဉ်းသည့်ကိစ္စများအတွက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထားဝယ်သို့ လာရောက်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်များကိုလည်း လွတ်လပ်သည့်တက္ကသိုလ်များ အဖြစ် ရပ်တည်နိုင်အောင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ တက္ကသိုလ်များ၏ပုံရိပ် အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေပါကြောင်း၊ လူငယ်ရေးရာ ကိစ္စနှင့်စပ်လျဉ်း၍လည်း လူငယ်များနှင့်သာမက ပြည်သူများနှင့်ပါ နီးနီးကပ်ကပ် ဆွေးနွေးရန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို မှာကြားခဲ့မည်ဖြစ်ကြောင်း၊ လျှပ်စစ် ကုမ္ပဏီ၏ တင်ဒါကိစ္စကိုလည်း သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေပါကြောင်း၊ လောင်းလုံ တရားစွဲခံနေရသည့်ကိစ္စမှာ တရားဥပဒေတွင် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဥပဒေ နှင့်အညီဆောင်ရွက်ရပါကြောင်း၊ ဥပဒေဆိုသည်မှာပြည်သူများ တည်တည်ငြိမ်ငြိမ် နေနိုင်အောင် ထုတ်ပြန်ထားရပါကြောင်း၊ သို့သော်လူမှုရေးအရ အကူအညီပေးရန် မှာ ကြားခဲ့မည်ဖြစ်ကြောင်း။

ယခုတွေ့ဆုံပွဲတွင် ဝန်ထမ်းများအား ပြောကြားလိုသည်မှာ ပြည်သူကိုဆက်ဆံ ရာတွင် ယဉ်ကျေး သိမ်မွေ့ရန် လိုကြောင်း၊ နိုင်ငံဝန်ထမ်းဆိုသည်မှာ နိုင်ငံသူ၊ နိုင်ငံသား များ စိတ်သက်သာရာရောက်အောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ တက္ကသိုလ် ကျောင်းသားများ တင်ပြသည့်ကိစ္စများနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် ထားဝယ်သို့ လည်းကောင်း၊ ၂၃ ရက်တွင် ကော့သောင်းသို့ လည်းကောင်း လာရောက်မည် ဖြစ်၍ ထိုသို့လာ ရောက်စဉ် ပညာရေးကိစ္စရပ်များ အသေးစိတ် ဆွေးနွေးစေမည် ဖြစ်ကြောင်း။

ထားဝယ် တက္ကသိုလ်မှဘွဲ့ရကျောင်းသား၊ ကျောင်းသူ များအနေဖြင့် အလုပ် သင်ကွင်းဆင်းရာတွင် ပြည်ထောင်စု၏ အခြားနေရာများသို့လည်း သွားရောက် လေ့လာစေလိုကြောင်း၊ သို့မှသာ တစ်နိုင်ငံလုံးဖြစ်ပေါ် တိုးတက်မှုကို သိရှိနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် ထားဝယ်လူမျိုး ဟု ရေး သွင်းခွင့် ရရေးမှာ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့်ကိစ္စ ဖြစ်သည့်အတွက် သက်ဆိုင်ရာ ဝန်ကြီး ဌာနနှင့် ဆွေးနွေးရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ကြိုတင်တင်ပြထားသည့် အချက် များအနက်မှ ပြည်ထောင်စု အစိုးရက ဆောင်ရွက်ပေးရန် ဆက်စပ်နေသော ကိစ္စရပ် များကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး အစိုးရက ဆောင်ရွက်ပေးမည့် အခြေအနေများကို ကာယကံရှင်များထံ တိုင်းဒေသကြီးအစိုးရက ပြန်လည် ရှင်းလင်းပေးရန် ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တနင်္သာရီတိုင်းဒေသကြီး တစ်လျှောက် ပြည်သူလူထုနှင့် တွေ့ဆုံရသည် အခါ မိမိတို့အတွက်လည်း ပညာရပါ ကြောင်း၊ ပြည်သူလူထုအတွက်လည်း အကျိုးရှိမည်ဟု မျှော်လင့်ပါကြောင်း၊ထိုသို့ နှစ်ဦးနှစ်ဖက် အပြန်အလှန် ဆွေးနွေးမှု၊ အပြန်အလှန် တိုင်ပင်မှု ရှိမှသာလျှင် မိမိတို့ နိုင်ငံသည် မြန်မြန်ဆန်ဆန်တိုးတက်မည်ဖြစ်ကြောင်း၊ တစ်ယောက်တစ်မျိုးနှင့် တက်ညီ လက်ညီ မလုပ်ပါက တိုးတက်နှုန်း အင်မတန်နှေးသွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ တစ်ယောက်နှင့် တစ်ယောက် နားလည်မှု ရှိရမည်ဖြစ်ကြောင်း၊ ချို့ယွင်းချက်နှင့် အားသာချက်၊အားနည်းချက်ဆိုသည်မှာ လူတိုင်းတွင် ရှိပါကြောင်း။

ယင်းတို့ကို မိမိတို့အတူကျော်ဖြတ်သွားရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ၏ တိုးတက်မှု အတွက် အဓိကတာဝန်ယူထားသည်မှာ နိုင်ငံ၏ အစိုးရတာဝန်ကို ယူထားသည့်မိမိတို့ ပင်ဖြစ်ပါကြောင်း၊ သို့သော်လည်း နိုင်ငံ၏တိုးတက်မှု အမှန်တကယ်ဖြစ်မြောက်ရန် အဓိကကျ သည်မှာ ပြည်သူလူထု၏ စွမ်းရည်နှင့် စိတ်ဓါတ်ပင် ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေနှင့် လည်း မိမိတို့၏ စွမ်းအား၊စွမ်းရည်များကို တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်မား လာစေရန်၊ အချင်းချင်းအကြားတွင် မေတ္တာ၊စေတနာ တစ်နေ့ထက်တစ်နေ့ ပိုမိုပွားများလာစေရန် န်ိုင်ငံချစ်စိတ်များသည်လည်း ခိုင်မာ၊မှန်ကန်သည့် မူများအပေါ် အခြေခံနိုင်အောင် ကြိုးစားကြရန် မိမိအနေဖြင့် တိုက်တွန်းရင်း နိဂုံးချုပ်ပါကြောင်း ပြောကြားပြီး တွေ့ဆုံပွဲသို့တက် ရောက်လာကြသည့် တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထားဝယ်လေဆိပ် ခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအား တွေ့ဆုံ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအနေဖြင့် ပြည်သူ များနှင့် ထိတွေ့မှုနည်းပါးနေသည် ကို တွေ့ရှိရကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် နေပြည်တော်တွင် နေကြရ သည်ဖြစ်၍ လူထုနှင့် အနီးကပ်ဆုံး တာဝန် ထမ်းဆောင်နေကြရသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအနေဖြင့် လူထုလိုအပ်ချက်များကို မေးမြန်းပြီး တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အမှန်တစ် ကယ် လုပ်ဆောင်နိုင်သည်များကို တိတိကျကျ ဖြေကြားရန်လိုအပ်ကြောင်း၊ လက်တွေ့ မလုပ်ပေးနိုင်သည်များ ကို ကတိမပေးကြရန် သတိပေးလိုကြောင်း။

မြန်မာနိုင်ငံမြောက် ဖျား၊ အရှေ့ဖျား စသည့်ဒေသများကို သွားရောက်ခဲ့ရာတွင် ၃ နှစ်အတွင်း သိသိသာသာ တိုးတက်လာသည်များကို မြင်တွေ့ခဲ့ရကြောင်း၊ ခရီးစဉ်များ သွားရောက်ခဲ့ရာတွင် လည်း ပြည်သူလူထု ကျေနပ်မှု အနည်းဆုံးမှာလည်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ပင် ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ဤသည်ကို လေးလေးနက်နက် သတိပေးလိုကြောင်း၊ အမှန်တကယ် အလုပ်မလုပ်ပါက ပြင်းပြင်း ထန်ထန် ကိုင်တွယ်သွားမည် ဖြစ်ကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအနေဖြင့် တိုးတက်မှုများနှေးကွေးနေသည်မှာ မဖြစ်သင့်ကြောင်း။

ပထဝီအနေအထား၊ ရာသီဥတုနှင့် စီးပွားရေးအခွင့် အလမ်းကောင်းများ များစွာရှိနေသည့် ဒေသဖြစ်၍ အစိုးရအဖွဲ့ဝင်များ ထိထိရောက် ရောက် ကြိုးကြိုးစားစား လုပ်ကိုင် ကြရန် လိုအပ်ကြောင်း၊ ပြည်သူများနှင့် ဆွေးနွေးပွဲ များ မကြာခဏပြုလုပ်ရန်၊ ယင်းဆွေးနွေးပွဲ ကျင်းပဆောင်ရွက်မှု အခြေအနေကို အစီရင်ခံစာတင်ပြရန် အလေး အနက်ထား မှာကြားလိုကြောင်း ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များ၏ ရှင်းလင်းတင်ပြမှုများအပေါ် ညှိနှိုင်းဖြည့်ဆည်းပေးပြီး လုပ်ငန်းစဉ်များကို လမ်းညွှန်မှု ပေးသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ထားဝယ်မြို့မှ အထူး လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ကြပြီး ညနေပိုင်းတွင် နေပြည်တော်သို့ပြန်လည် ရောက်ရှိကြရာ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့် ဆွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

(သတင်းစဉ်)

ဓာတ်ပုံ - သက်အောင်

HOT NEWS
January 4,