လက်တွေ့လုပ်ငန်းခွင်တွင် အခက်အခဲမရှိ လုပ်ကိုင်နိုင်အောင် စာတွေ့လက်တွေ့ကို သင်တန်းကျောင်းမှာပင် စနစ်တကျ လေ့ကျင့်သင်ကြားပေးရမည်

လက်တွေ့လုပ်ငန်းခွင်တွင် အခက်အခဲမရှိ လုပ်ကိုင်နိုင်အောင် စာတွေ့လက်တွေ့ကို သင်တန်းကျောင်းမှာပင် စနစ်တကျ လေ့ကျင့်သင်ကြားပေးရမည်


Ministry of Information/ ​နေပြည်တော် / April 09, 2019
image_latest


နေပြည်တော် ဧပြီ ၈

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို သည် ဧပြီ ၅ ရက်မှ ၇ ရက်အထိ အမှတ်(၇)စက်မှု သင်တန်းကျောင်း(မုံရွာ)၊ အမှတ်(၄) စက်မှုသင် တန်းကျောင်း (ပခုက္ကူ)၊ အမှတ်(၆) အထည်စက်ရုံ (ဆားလင်းကြီး)နှင့် အမှတ်(၅)အထည်စက်ရုံ (ပခုက္ကူ) တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

ကြည့်ရှုစစ်ဆေး

 

ပြည်ထောင်စုဝန်ကြီးသည် ဧပြီ ၅ ရက် ညနေပိုင်းတွင် အမှတ်(၇) စက်မှုသင်တန်းကျောင်း(မုံရွာ) စီမံကိန်းသို့ ရောက်ရှိပြီး မော်တော်ကား ပြုပြင်ထိန်းသိမ်းရေး သင်တန်းအလုပ်ရုံ၊ သတင်းအချက် အလက်နှင့် နည်းပညာ သင်တန်းအလုပ်ရုံ၊ လျှပ်စစ်သင်တန်းအလုပ်ရုံ၊ CNC သင်တန်းအလုပ်ရုံ၊ ရေခဲသေတ္တာနှင့် လေအေးပေးစက် သင်တန်း အလုပ်ရုံများတွင် သင်ထောက် ကူစက်နှင့် စက်ပစ္စည်းများ နေရာချတပ်ဆင်ရန် စီစဉ်ဆောင်ရွက်နေမှုများနှင့် သင်တန်းကျောင်းဆောင်များအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြေရှင်းပေးသည်။

 

ရှင်းလင်းတင်ပြ

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၆)အထည်စက်ရုံ (ဆားလင်းကြီး) သို့ ရောက်ရှိရာ တာဝန်ရှိသူများက လက်ရှိဝန်ထမ်းအင်အားနှင့် ကုန်ထုတ်လုပ်မှု အခြေအနေ၊ ရှေ့ဆက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် စက်ရုံတွင် အခြေခံပညာ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းစိမ်းတူညီ ဝတ်စုံများ ချုပ်လုပ်နေမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးပြီး ထုတ်ကုန် အရည်အသွေးကောင်းမွန်မှုကို အမြဲတမ်း ထိန်းသိမ်းထားရန်၊ ဈေးကွက်ဝင် ထုတ်ကုန် အမည်သစ်များ တိုးချဲ့ထုတ်လုပ်ရန် မှာကြားသည်။

 

ယင်းနောက် ဝန်ထမ်းများ၏ တင်ပြချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ပေါင်းစပ်ညှိနှိုင်း ပေးသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ဧပြီ ၆ ရက် ညနေပိုင်းတွင် အမှတ်(၄) စက်မှုသင် တန်းကျောင်းသို့ ရောက်ရှိရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးက ပုံမှန် တစ်နှစ် သင်တန်းနှင့် ရွေ့လျားစက်မှု သင်တန်းများ ဖွင့်လှစ်နေမှု အခြေအနေ၊ အိန္ဒိယနိုင်ငံနှင့် ပူးပေါင်း၍ ငါးနှစ်တာ သင်တန်းကျောင်း ဘက်စုံပြုပြင် ထိန်းသိမ်းရေး စီမံကိန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက စက်မှု သင်တန်းကျောင်းများ၏ အဓိက ရည်ရွယ်ချက်မှာ သင်တန်းသားများအား မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်မည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို တတ်မြောက်သည် အထိ လေ့ကျင့်သင်ကြားပေးရန်ဖြစ်ကြောင်း၊ လက်တွေ့ လုပ်ငန်းခွင်တွင် အခက်အခဲမရှိ လုပ်ကိုင်နိုင်အောင် စာတွေ့လက်တွေ့ကို သင်တန်းကျောင်းမှာပင် စနစ်တကျ လေ့ကျင့် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ လာမည့်နှစ်တွင် စက်မှုသင်တန်းကျောင်းများမှ ဘာသာရပ်တူသင် တန်းများ အတွက် Standard Common Curriculum ရေးဆွဲသင်ကြားသွားရန် မှာကြားသည်။

 

ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေး

 

ပြည်ထောင်စုဝန်ကြီးသည် ဧပြီ ၇ ရက် နံနက်ပိုင်းတွင် အမှတ်(၅)အထည်စက်ရုံသို့ ရောက်ရှိပြီး ကုန်ထုတ် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းခွင်တွင် လုပ်သားများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အကာအကွယ် ပစ္စည်းများ ပြည့်စုံစွာ ဝတ်ဆင်ကြရန်၊ ထုတ်ကုန်အရည်အသွေး ကောင်းမွန်စေရေး အတွက် ကုန်ထုတ်လုပ်ငန်းစဉ် တစ်လျှောက် တာဝန်ရှိသူ အဆင့်ဆင့်က တိတိကျကျ စစ်ဆေးကြပ်မတ် ဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

HOT NEWS
January 4,