ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ China Railway Eryuan Engineering Group တို့ မူဆယ်-မန္တလေးရထားလမ်းဖောက်လုပ်ရေးစီမံကိန်းဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study) ဆောင်ရွက်ရန် MoU လက်မှတ်ရေးထိုး

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ China Railway Eryuan Engineering Group တို့ မူဆယ်-မန္တလေးရထားလမ်းဖောက်လုပ်ရေးစီမံကိန်းဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study) ဆောင်ရွက်ရန် MoU လက်မှတ်ရေးထိုး


Ministry of Transport and Communications/ Nay Pyi Taw / October 26, 2018


အောက်တိုဘာ - ၂၂  နေပြည်တော်

၁။      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Railway Eryuan Engineering Group တို့သည် မူဆယ်-မန္တလေး ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းသစ်အား ဖြစ်မြောက်နိုင်ခြေ လေ့လာမှု (Feasibility Study) ဆောင်ရွက်ရန်အတွက် Memorandum of Understanding on Feasibility Study for Muse – Mandalay Railway Project Between Myanma Railways, Ministry of Transport and Communications of the Republic of the Union of Myanmar and China Railway Eryuan Engineering Group Co.,Limited, China Railway Group Limited , the People’s Republic of China လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

၂။      အဆိုပါ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Hong Liang နှင့် သံရုံးမှ တာဝန်ရှိသူများ၊ China Railway Eryuan Engineering Group Co.,Limited ၏ President ဖြစ်သူ Mr. ZHU YING နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ယနေ့လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Hong Liang တို့က အမှာစကား အသီးသီး ပြောကြားခဲ့ကြပါသည်။

၃။      ယခုဆောင်ရွက်မည့် ဖြစ်မြောက်နိုင်ခြေ လေ့လာမှုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏မူဝါဒအသစ် ဖြစ်သော One Belt, One Road မဟာဗျူဟာကို အခြေခံ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်စပ် Ruli East Railway ဘူတာ မှတစ်ဆင့် မြန်မာနိုင်ငံ မူဆယ် - လာရှိုး- ကျောက်မဲ- ပြင်ဦးလွင် တို့မှ တစ်ဆင့် မန္တလေးသို့ ရောက်ရှိမည့် အရှည် (၄၃၁)ကီလိုမီတာ (၂၇၀မိုင်)ခန့် ရှိသော ရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Railway Group Limited (CREC) ၏ကုန်ကျစရိတ် ကျခံမှုဖြင့်  ဖြစ်မြောက်နိုင်ခြေ လေ့လာမှု (Feasibility Study) ဆောင်ရွက်ပေးလိုကြောင်း၂၀၁၇ ခုနှစ်၊ မေလအတွင် းအဆိုပြုချက်အရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

၄။      အဆိုပြု တင်ပြချက်အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့များ၏သဘောထားမှတ်ချက်များ၊ အကြံပြုချက်များ အသီးသီး တောင်းခံရယူခဲ့ပါသည်။  ထို့နောက် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သေ ာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၁၈)သို့ မူအားဖြင့် ခွင့်ပြုချက် တင်ပြခဲ့ပါသည်။ ခွင့်ပြုချက်အရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားနှင့် CREEC တို့သည် နားလည်မှုစာချွန်လွှာ မူကြမ်းအား ပြုစုခဲ့ပါသည်။ အဆိုပါ နားလည်မှုစာချွန်လွှာကို သက်ဆိုင်ရာ ဌာနများနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့၏အကြံပြုချက်များ၊ သဘောထားများနှင့်အညီ အဆင့်ဆင့် သုံးသပ်ရယူပြုစုပြီးနောက် ခွင့်ပြုချက် တင်ပြခဲ့ရာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၆/၂၀၁၈)က သဘောတူညီ ခွင့်ပြုခဲ့ပါသည်။ သဘောတူ ခွင့်ပြုချက်အရ မူဆယ်-မန္တလေးရထားလမ်းကို Standard Gauge စနစ်ဖြင့် ဖောက်လုပ်ရန်အတွက် ဖြစ်မြောက်နိုင်ခြေ လေ့လာမှု ပြုလုပ်ရန် မြန်မာ့မီးရထားနှင့် CREEC တို့ လက်မှတ်ရေးထိုးခြင်း ဖြစ်ပါသည်။ နားလည်မှုစာချွန်လွှာကို နှစ်ဘက်လက်မှတ်ရေးထိုးပြီးနောက် ဖြစ်မြောက်နိုင်ခြေ လေ့လာမှု ပြုရာတွင် လုပ်ငန်းများချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစီး၍ လုပ်ငန်းနယ်ပယ်နှင့် သက်ဆိုင်သည့် ဌာနများမှကိုယ်စားလှယ်များ၊ CREEC မှ ကိုယ်စားလှယ်များ ပါဝင်သော ပူးတွဲညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်း၍ လိုအပ်သည့် ပေါင်းစပ် ညှိနှိုင်းမှုများကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၅။      ယနေ့ လက်မှတ်ရေးထိုးသည့် မူဆယ်-မန္တလေ းရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study-F/S) ဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာ (MoU) တွင် ကုန်ကျစရိတ်ကို F/S ဆောင်ရွက်သူက ကျခံရမည်ဖြစ်ကြောင်း၊ F/S ဆောင်ရွက်သူအနေဖြင့် စီမံကိန်းတည်ဆောက်ခွင့်ရမည်ဟု အာမခံချက်မရှိကြောင်း ထည့်သွင်းဖော်ပြထားပါသည်။ F/S ဆောင်ရွက်ခွင့် သဘောတူညီချက် MoU သက်တမ်းကို (၂)နှစ်သတ်မှတ်ထားပြီး နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတကာအဆင့်မီ စီမံကိန်းတစ်ခု ဖြစ်စေရေးအတွက် ပတ်ဝန်းကျင်သက်ရောက်မှု ဆန်းစစ်ခြင်း(Environmental Impact Assessment-EIA)၊ လူမှုဝန်းကျင်အပေါ် သက်ရောက်မှု ဆန်းစစ်ခြင်း (Social Impact Assessment-SIA)များလည်း ပါဝင်မည်ဖြစ်ပါသည်။ F/S ပြုလုပ်ရာတွင် လုပ်ငန်းများ ကျွမ်းကျင်မှု ရရှိစေရန် တရုတ်နိုင်ငံဘက်မှ ကျွမ်းကျင်သူ အနည်းဆုံးနှင့် မြန်မာ့မီးရထားမှ အင်ဂျင်နီယာအများစုကို အသုံးပြုသွားရန်၊ တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သည့်အချိန်တွင် International Competitive Bidding (ICB) စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် တို့အား ထည့်သွင်း ဖော်ပြထားရှိပါသည်။

၆။      အဆိုပါ ရထားလမ်းပိုင်းသစ် စီမံကိန်းသည် အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်း(National Transport Master Plan) ၏ ဦးစားပေး အကောင်အထည်ဖော်ရန် လိုအပ်သည့် သယ်ယူပို့ဆောင်ရေးစင်္ကြံ (၅)ခုတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP) မှ ဦးဆောင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အာရှဖြတ်သန်း ရထားလမ်းမကြီးကွန်ရက် Trans Asian Railway Network (TAR) ၏ တောင်ဘက် စင်္ကြံပေါ်တွင် တည်ရှိသည့် အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါသည်။ ၎င်းမှတစ်ဆင့် အိန္ဒိယနိုင်ငံ၏ အရှေ့ဘက်သို့ ဆက်လက် ချိတ်ဆက်၍ ဥရောပအထိ ဖြတ်သန်းသွားလာနိုင်မည့် အလားအလာကို လည်းကောင်း၊ မြန်မာ့မီးရထား ကွန်ရက်လမ်းကြောင်း များမှတစ်ဆင့် တောင်ဘက်ရှိ အင်ဒိုချိုင်းနား ကျွန်းဆွယ်အထိ ဆက်သွယ်နိုင်မည့် အလားအလာကိုလည်းကောင်း အရှိန်မြှင့်တင် တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည့် အခွင့်အလမ်း ရရှိနိုင်မည် ဖြစ်ပါသည်။ 

၇။      အဆိုပါ ရထားလမ်းသစ် တည်ဆောက် ဖောက်လုပ်နိုင်ခြင်းဖြင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် ပြည်ပပို့ကုန်/ သွင်းကုန်များကို အချိန်တိုအတွင်း ထိရောက် လျင်မြန်လွယ်ကူစွာ သယ်ယူ ပို့ဆောင်ပေးနိုင်ခြင်း၊ ရထားဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းကိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အသက်သာဆုံးဖြစ်ခြင်း၊ ရထားလမ်းတစ်လျှောက် တည်ရှိရာ ဒေသအသီးသီးမှ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက် ရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများလည်း တစ်ဆက်တစ်စပ်တည်း ဖြစ်ထွန်း ခံစားနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,