COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍သတင်းထုတ်ပြန်ခြင်း

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍သတင်းထုတ်ပြန်ခြင်း


Ministry of Information/ Naypyitaw / September 28, 2021
image_latest


(၂၈-၉-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများ ကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါသည်။

COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း အား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၂၇-၉-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၈-၉-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၉,၈၈၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁,၆၃၀)ဦးတွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်းမှာ (၈.၂) ရာခိုင်နှုန်းရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၂၈၀,၈၄၅)ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၄၆၁,၀၆၆) ဦး ရှိပြီ ဖြစ်ပါသည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၅၅၅)ဦး ဖြစ်သဖြင့် ယနေ့အထိစုစုပေါင်း (၄၁၅,၃၇၆)ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၄၈) ဦး ရှိသဖြင့် ယနေ့ အထိ သေဆုံးသူစုစုပေါင်း (၁၇,၆၃၁) ဦး ရှိပါသည်။

•         ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှု ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်မှု တတိယလှိုင်းအတွင်း ဇူလိုင်လ အလယ်၌ အတည်ပြုလူနာတွေ့ရှိရမှုနှင့် ပိုးတွေ့ရှိမှုနှုန်းတို့ အမြင့်ဆုံးဖြစ်ခဲ့ပြီး အတည်ပြု လူနာ (၆,၇၀၁) ဦးနှင့် ပိုးတွေ့ရှိမှုနှုန်း (၄၀.၈) ရာခိုင်နှုန်းတို့ရှိခဲ့ပါသည်။ COVID-19 ရောဂါ ကူးစက်မှုအား ထိန်းချုပ်နိုင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ ဦးဆောင်မှု၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ပံ့ပိုးမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနသည် ရောဂါဖြစ်ပွားမှုများ သောဒေသများအား နေအိမ်တွင်နေထိုင်ရေးအစီအစဉ် (Stay at Home) မြို့နယ်များအဖြစ် သတ်မှတ်ခြင်း၊ (၁၇-၇-၂၀၂၁) ရက်နေ့မှ (၁၀-၉-၂၀၂၁) ရက်နေ့အထိ အများပြည်သူ ရုံးပိတ်ရက်ရှည်အဖြစ်သတ်မှတ်ခဲ့ခြင်းနှင့် သံသယလူနာများ၊ အနီးကပ်ထိတွေ့ခဲ့သူများနှင့် ရောဂါကူးစက်နိုင်ချေမြင့်မားသော အုပ်စုများအား ဓာတ်ခွဲစစ်ဆေးမှုတိုးမြှင့်ဆောင်ရွက်ခြင်း စသည့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ တက်ကြွစွာကြိုးပမ်းဆောင်ရွက်မှု၊ ပြည်သူလူထုမှ စနစ်တကျ စည်းကမ်းလိုက်နာမှု၊ ဌာနဆိုင်ရာအသီးသီးမှ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုရေးအသင်းအဖွဲ့အစည်းများမှ တက်ကြွစွာ ပံ့ပိုးပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် ဇူလိုင် လကုန်မှစ၍ အတည်ပြုလူနာတွေ့ရှိရမှုနှင့် ပိုးတွေ့ရှိမှုနှုန်းတို့ တဖြည်းဖြည်းလျော့နည်းလာခဲ့ ပါသည်။ သို့ဖြစ်ပါ၍ မိမိတို့၏ကဏ္ဍများအလိုက် COVID-19 ရောဂါ ထိန်းချုပ်ရေးလုပ်ငန်း များတွင် ယခုထက် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

        COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်အင်တာနက်စာမျက်နှာ www.mohs.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

#Ministry of Health