သစ်တောနယ်မြေအတွင်း ရွှေနှင့်ဓါတ်သတ္တု အမျိုးမျိုး/ စက်မှုတွင်းထွက်ကုန်ကြမ်းများ စမ်းသပ်တိုင်းတာ/ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက်





သစ်တောနယ်မြေအတွင်း ရွှေနှင့်ဓါတ်သတ္တု အမျိုးမျိုး/ စက်မှုတွင်းထွက်ကုန်ကြမ်းများ စမ်းသပ်တိုင်းတာ/ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက်


Ministry of Natural Resources & Environmental Conservation / October 02, 2018

လုပ်ငန်းအစီအစဉ်များ

 

(၁)ရွှေနှင့် ဓါတ်သတ္တုအမျိုးမျိုး၊ စက်မှုတွင်းထွက်ကုန်ကြမ်းများ စမ်းသပ်တိုင်းတာ/ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် ကုမ္ပဏီ/အဖွဲ့အစည်းများမှ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ သက်ဆိုင်ရာ သတ္တုတွင်း ဦးစီးဌာန/ လုပ်ငန်းများသို့ တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်။

 

(၂) အဆိုပြုလျှောက်ထားသည့် လုပ်ကွက်မြေဧရိယာသည် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ် တော/ သဘာဝထိန်းသိမ်းရေးနယ်မြေများအတွင်း ကျရောက်ခြင်း ရှိ/မရှိနှင့် ခွင့်ပြုပေးနိုင် ခြင်း ရှိ/မရှိ သက်ဆိုင်ရာ သတ္တုတွင်းဦးစီးဌာန/ လုပ်ငန်းများမှ သစ်တောဦးစီးဌာနသို့ သဘောထားမှတ်ချက် တောင်းခံရပါသည်။

 

(၃) သစ်တောဦးစီးရုံးချုပ်မှ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် သစ်တောဦးစီးဌာန သို့ အဆိုပြုလျှောက်ထာသည့် ဧရိယာ၏

 

(က) ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော/ သဘာဝနယ်မြေအတွင်း ပါဝင်ကျရောက် မှု အခြေအနေ

 

(ခ) သစ်တောသစ်ပင်ပေါက်ရောက်မှုအခြေအနေ

 

(ဂ) သစ်တောစိုက်ခင်းနှင့် သစ်ထုတ်ဧရိယာများအတွင်း ပါဝင်ကျရောက်မှုအခြေ အနေ

 

(ဃ) အဓိက ဆည်ရေလှောင်တမံများ၏ ရေဝေရေလဲဧရိယာအတွင်း ပါဝင်ကျ ရောက်မှု အခြေအနေ

 

(င) လုပ်ကွက်ပတ်ဝန်းကျင်ရှိ အခြားမြေအသုံးချမှု အခြေအနေ

 

(စ) သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှု အခြေအနေ

 

(ဆ) လုပ်ငန်းဆောင်ရွက်မည့် နည်းစနစ် စသည်တို့အား ကွင်းဆင်းစစ်ဆေး တင်ပြရန် တာဝန်ပေးဆောင်ရွက်ပါသည်။

 

(၄) သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးတာဝန်ခံ၏ သဘောထားမှတ်ချက်နှင့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့၏ တင်ပြချက် အစီရင်ခံစာများကို သစ်တောဦးစီးရုံးချုပ်မှ စိစစ် သုံးသပ်၍ ခွင့်ပြုရန် သင့်/ မသင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ ဆက်လက်တင်ပြ အစီရင်ခံပါသည်။

 

(၅) ပြည်ထောင်စုဝန်ကြီးရုံးမှ ခွင့်ပြုကြောင်း ပြန်ကြားလာသည့် လုပ်ကွက်များအား သတ္တုတွင်းခွင့်ပြုမိန့် တင်ပြလာပါက သစ်တောသစ်ပင်များ အစားထိုးစိုက်ပျိုးပေးမည့် လုပ်ငန်စီမံချက် ရေးဆွဲတင်ပြစေခြင်း၊ လုပ်ငန်းအာမခံငွေအား နှစ်စဉ် ဆောင်ရွက်မည့် စီမံချက်ပါ ဧရိယာအတိုင်း မြန်မာ့စီးပွားရေးဘဏ် (သို့မဟုတ်) မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသော ပုဂ္ဂလိကဘဏ်တစ်ခုခုတွင် လုပ်ငန်းပြီးမြောက်မှုအာမခံ Performance Guarantee ဖြင့် ပေးသွင်းစေ၍ လည်းကောင်း၊ မြေငှားခအခွန်ငွေအား သက်ဆိုင်ရာ ခရိုင်၊ သစ်တောဦးစီးဌာနတွင် ပေးသွင်းစေ၍ လည်းကောင်း၊ သက်ဆိုင်ရာတိုင်း ဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနမှ တင်ပြလာခြင်းအပေါ် စိစစ်မှန်ကန်ပါက သစ်တောဦးစီးရုံးချုပ်တွင် နှစ်စဉ် စာချုပ်ချုပ်ဆို ဆောင် ရွက်ပေးလျက်ရှိပါသည်။

 

(၆) သစ်တောဦးစီးရုံးချုပ်တွင် စာချုပ်ချုပ်ဆိုပြီးမှသာ အဆိုပါလုပ်ကွက်များအား သက်ဆိုင်ရာ ကုမ္ပဏီ/ အဖွဲ့အစည်းများမှ လုပ်ငန်းများ စတင်ဆောင်ရွက်ခွင့်ပြုပါသည်။

 

(၇) စာချုပ်ချုပ်ဆိုခွင့်ပြုပြီး လုပ်ကွက်များတွင် စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ဆောင်ရွက် ခြင်း ရှိ/မရှိ၊ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုကြောင့် သဘာဝဝန်းကျင်နှင့် သစ်တောသစ်ပင်များကို ထိခိုက်မှု ရှိ/မရှိတို့ကို သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် သစ်တော ဦးစီးဌာနများမှ စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးခြင်း၊ နှစ်စဉ် သတ်မှတ်အခွန်ငွေများ ပေးသွင်း ရန် ကြီးမတ်ခြင်းတို့ ဆောင်ရွက်ရပါသည်။

 

(၈) လုပ်ငန်းဆောင်ရွက်ခွင့်ပြုသည့် ကာလကုန်ဆုံးသည့်အခါ ဖြစ်စေ၊ ဆက်လက်လုပ်ငန်း လိုခြင်း မရှိ၍ ပြန်လည်အပ်နှံသည့်အခါဖြစ်စေ ကွင်းဆင်းစစ်ဆေး၍ စည်းကမ်းသတ်မှတ် ချက်များနှင့် ကိုက်ညီမှု ရှိမှသာ လုပ်ကွက်ပယ်ဖျက်ပြီး ပေးသွင်းထားသော လုပ်ငန်းအာမခံငွေ ကို ပြန်လည် ထုတ်ယူခွင့်ပြုပါသည်။

 

(၉) ရွှေနှင့်သတ္တုအမျိုးမျိုး၊ စက်မှုတွင်းထွက် ကုန်ကြမ်းများ စမ်းသပ်တိုင်းတာ/ တူးဖော် ထုတ်လုပ်မှုများကို လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များ သတ်မှတ်၍ သက်ဆိုင်ရာ ကုမ္ပဏီ/ လုပ်ငန်းရှင်များအား သတ္တုတွင်းခွင့်ပြုမိန့်ပါ ခွင့်ပြုကာလနှင့်အညီ အောက်ပါဇယားတွင် ဖော်ပြပါ ရှိသည့် မြေငှားခအခွန်ငွေနှင့် လုပ်ငန်းအာမခံငွေကို ပေးသွင်းစေ၍ နှစ်စဉ် မြေငှားစာချုပ်ချုပ်ဆို ခွင့်ပြုလျက်ရှိပါသည်-

 

စဉ်

သတ္တုအမျိုးအစား

(၁)ဧကလျှင် လုပ်ငန်းအာခံငွေ (ကျပ်)

(၁)ဧကလျှင် မြေငှားခအခွန်ငွေ (ကျပ်)

၁။

ရွှေ

၂၀၀,၀၀၀

၅၀,၀၀၀

၂။

ခနောက်စိမ်း၊ ခဲမဖြူ/ အဖြိုက်နက်၊ မင်းဂနိစ်၊ ကြေးနီ၊ ခဲနှင့်ရောရာ၊ သံ သတ္တုရိုင်း၊ ဓါတ်သတ္တု၊ ဘောက်ဆိုဒ်၊ အင်ကြင်းကျောက်၊ ခရိုမီယမ်

၁၀၀,၀၀၀

၂၅,၀၀၀

၃။

ထုံးကျောက်၊ ကျောက်မီးသွေး၊ မြေဖယောင်း၊ သင်ပုန်းကျောက်၊ စကျင် ကျောက်၊ ဘရိုက်တီးကျောက်

၅၀,၀၀၀

၁၅,၀၀၀

 

(၁၀) စာချုပ်ချုပ်ဆိုခွင့်ပြုထားသည့်ကုမ္ပဏီ/လုပ်ငန်းရှင်များမှ စာချုပ်စည်းကမ်းတစ်စုံတစ်ရာ ကို ချိုးဖောက်ပါက စာချုပ်စည်းကမ်းဖောက်ဖျက်မှုဖြင့် တရားစွဲဆို အရေးယူဆောင်ရွက်ပြီး သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြ၍ ခွင့်ပြုပြီး စာရင်းမှ ပယ်ဖျက်ကာ ပေးသွင်းထားသည့် လုပ်ငန်းအာမခံငွေအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ပါသည်။

 

သက်ဆိုင်သည့် ဥပဒေ/နည်းဥပဒေများ

 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သစ်တောနယ်မြေ များအတွင်း ရွှေနှင့်ဓါတ်သတ္တုအမျိုးမျိုး၊ စက်မှုတွင်းထွက်ကုန်ကြမ်းများ စမ်းသပ်တိုင်းတာ/ တူးဖော် ထုတ်လုပ်ရန် မူအား ခွင့်ပြုထားခြင်း မရှိသော်လည်း ၁၉၉၂ ခုနှစ်၊ သစ်တောဥပဒေ ပုဒ်မ ၁၂(က) နှင့် ၁၉၉၅ ခုနှစ်၊ သစ်တောနည်းဥပဒေများ ပုဒ်မ ၂၀(က)တို့အရ -

 

နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတို့ ကို ချင့်ချိန်ပြီး ရွှေနှင့် သတ္တုအမျိုးမျိုး၊ စက်မှုတွင်းထွက်ကုန်ကြမ်းများ စမ်းသပ်တိုင်းတာ/ တူးဖော် ထုတ်လုပ်မှုများကို လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များ သတ်မှတ်၍ ပတ်ဝန်းကျင် ထိခိုက်ပျက် စီးမှု အနည်းဆုံးဖြစ်စေမည့် နည်းလမ်းများဖြင့် စနစ်တကျ စိစစ်ခွင့်ပြုခြင်း၊ စစ်ဆေးကြပ်မတ်ခြင်း၊ လိုက်နာဆောင်ရွက်မှု မရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်း များကို ဆောင်ရွက်လျက် ရှိပါသည်။

 



HOT NEWS
January 4,