တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ ဥက္ကဋ္ဌ၏ နှုတ်ခွန်းဆက်စကား
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ ဥက္ကဋ္ဌ၏ နှုတ်ခွန်းဆက်စကား
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 18, 2026
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
ယနေ့ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို တက်ရောက်လာကြတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံ ကြပါစေကြောင်း ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ယနေ့ဟာဆိုရင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့အညီ တတိယအကြိမ် အမျိုးသားလွှတ်တော် စတင်တဲ့ သမိုင်းမှတ်တမ်းတင် ဂုဏ်ယူစရာ နေ့တစ်နေ့ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ပြည်သူများကိုယ်စား ကျွန်တော့်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ပေးခဲ့ကြတဲ့အတွက် အထူးကျေးဇူးတင် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါကြောင်းနဲ့ ကျွန်တော့်ဘဝရဲ့ မှတ်တိုင်တစ်ခုအဖြစ် စွဲမြဲစွာ မှတ်သားထားရှိသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ဖို့အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များဟာ မဖြစ်မနေလုပ်ရမဲ့လုပ်ငန်းစဉ်ဖြစ်တာကြောင့် အခက်အခဲများစွာကြားကပင် လွတ်လပ်ပွင့်လင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ၊ သိက္ခာရှိတဲ့ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ပေးခဲ့တဲ့ နိုင်ငံတော်အစိုးရကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ဒီလိုရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့လို့လည်း ယနေ့ပြည်သူများ ရွေးကောက်တင်မြှောက်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များဟာ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကြီးကို တက်ရောက်လာနိုင်ကြတာပဲ ဖြစ်ပါတယ်။
လွှတ်တော်ဆိုတာ ဥပဒေပြုရေးအာဏာကို ပြည်သူလူထုထံမှ ရရှိထားတဲ့ ဥပဒေပြုအဖွဲ့အစည်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်အချုပ်အခြာအာဏာရဲ့ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနဲ့ အပြန်အလှန် ထိန်းကျောင်းခြင်းဆိုတဲ့ တာဝန်တွေကို ထမ်းဆောင်သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ရဲ့အခန်းကဏ္ဍဟာ ကြီးမားသလို လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါလှပါတယ်။
အမျိုးသားလွှတ်တော်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၁ အရ ဖွဲ့စည်းထားတာဖြစ်ပြီး ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများမှ ရွေးကောက်ခံကိုယ်စားလှယ်များနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနဲ့အညီ အမည်စာရင်းတင်သွင်းထားတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လွှတ်တော်ဖြစ်တာကြောင့် ပြည်ထောင်စုစိတ်ဓာတ်နဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြဖို့ ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်ကို ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ယခုကျင်းပတဲ့ တတိယအကြိမ်လွှတ်တော်ဟာ ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေနဲ့အညီ မဲအများဆုံးရသူ အနိုင်ယူစနစ်နဲ့ အချိုးကျကိုယ်စားပြုစနစ်တို့ကို ပေါင်းစပ်ဖြစ်ပေါ်လာတဲ့ လွှတ်တော်ဖြစ်တဲ့အတွက် ထူးခြားစွာ ပေါ်ပေါက်လာတဲ့ လွှတ်တော်ပဲဖြစ်ပါတယ်။
လွှတ်တော်လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေအချင်းချင်း ယဉ်ယဉ်ကျေးကျေးနဲ့ ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ် ဆက်ဆံဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေကို လေးစားလိုက်နာကြရမှာဖြစ်သလို လွှတ်တော်ကသတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း လိုက်နာကြရမှာ ဖြစ်ပါတယ်။ လွှတ်တော်ထဲရောက်လာချိန်မှာ ပါတီအရောင်အသွေးမခွဲခြားဘဲ ပြည်သူလူထုအကျိုးစီးပွားကို ရှေးရှုပြီး ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းဆွေးနွေးကြဖို့ တိုက်တွန်းလိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူအများက ယုံကြည်စွာ ရွေးချယ်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ မိမိတို့ကို ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူတို့ရဲ့အသံကို နားထောင်ပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ပါတယ်။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် ပြည်သူ့အကျိုးကို ရှေ့တန်းတင်ဆောင်ရွက်ကြရန် တာဝန်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ရမှာဖြစ်တဲ့အတွက် ပြည်သူ့အကျိုးစီးပွားကို မြင့်မြင့်မားမား ဖော်ဆောင်နိုင်အောင် ကိုယ်စားလှယ်တွေရဲ့ အရည်အချင်း တိုးတက်မြင့်မားစေဖို့ စဉ်ဆက်မပြတ် လေ့လာသွားကြရမှာ ဖြစ်ပါတယ်။
ဥပဒေပြုရေး လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာလည်း နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွား၊ နိုင်ငံတော်ရဲ့ နိုင်ငံရေးရည်မှန်းချက်၊ အမျိုးသားရေး ရည်မှန်းချက်၊ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားဖြစ်ထွန်းစေမှုတွေကို ဖော်ဆောင်ပေးမဲ့ ဥပဒေတွေ ပြဋ္ဌာန်းပေးတာ၊ ခေတ်စနစ်နဲ့ လျော်ညီအောင် ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းတာတွေ၊ ခေတ်စနစ်နဲ့လျော်ညီမှုမရှိတော့တဲ့ ဥပဒေတွေကို ရုပ်သိမ်းတာတွေဆောင်ရွက်ရာမှာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။
နိဂုံးချုပ်အနေဖြင့် ကျွန်တော်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခွင့်ရတဲ့အချိန်မှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့အကျိုးကို ရှေးရှုဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကတိပြုပြောကြားလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေ၊ လွှတ်တော်ရဲ့ထုံးတမ်းအစဉ်အလာတွေကို တိကျစွာ လေးစားလိုက်နာပြီး သမာသမတ်ကျစွာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
ကြေငြာချက်များ
တင်ဒါခေါ်ယူခြင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on February 04, 2026
တင်ဒါခေါ်ယူခြင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on January 28, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on January 07, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
