တပ်မတော်စစ်ကြောင်းများက သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းအား အပြည့်အဝပြန်လည်ထိန်းချုပ်၊ မန္တလေး-သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ ပုံမှန်အတိုင်းပြန်လည်သွားလာနိုင်ပြီဖြစ်
တပ်မတော်စစ်ကြောင်းများက သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းအား အပြည့်အဝပြန်လည်ထိန်းချုပ်၊ မန္တလေး-သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ ပုံမှန်အတိုင်းပြန်လည်သွားလာနိုင်ပြီဖြစ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 20, 2026
နေပြည်တော် ဇန်နဝါရီ ၂၀
တပ်မတော်စစ်ကြောင်းများအနေဖြင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီထိန်းချုပ်ထားသည့် သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းအား ဇန်နဝါရီ ၁၉ ရက်နေ့တွင် အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ယနေ့မှစ၍ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် မန္တလေး-သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင် စိတ်အေးချမ်းသာစွာဖြင့် ပြန်လည်သွားလာနိုင်ပြီဖြစ်၍ ဒေသတွင်းကုန်စည်ကူးသန်း ရောင်းဝယ်မှုများ လွယ်ကူလျင်မြန်ချောမွေ့စွာဖြင့် ပုံမှန်အတိုင်းဆောင်ရွက်နိုင်ပြီဖြစ်သည်။
NUG အကြမ်းဖက်အဖွဲ့အနေဖြင့် မန္တလေး၊ စစ်ကိုင်းနှင့် မိတ္ထီလာလွင်ပြင်တို့မှ လူငယ်လူရွယ်များ၊ DCS ပြုလုပ်သည့် သစ္စာဖောက်ဝန်ထမ်းများကို မက်လုံးပေးစည်းရုံးသိမ်းသွင်း၍ အကြမ်းဖက်သင်တန်းများပို့ချကာ MDY PDF အမည်ခံအကြမ်းဖက်သမားများအဖြစ် မွေးထုတ်ခြင်း၊ ဖြစ်သည့်နည်းဖြင့် အဓမ္မအင်အားစုဆောင်းခြင်း၊ လှုံ့ဆော်အားပေးခြင်းနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ပူးပေါင်း၍ ၎င်းတို့၏ စိတ်ကူးယဉ်စစ်ရေးအိပ်မက်ဖြစ်သော မန္တလေးမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှစ၍ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး ဆက်စပ်ဒေသများ၌ ရှမ်း-မန်း စစ်ဆင်ရေးအမည်ဖြင့် စစ်ရေးအကြမ်းဖက်မှုများကို စစ်ကြောင်းများခွဲ၍ မိုးကုတ်-သပိတ်ကျင်း-မတ္တရာ-မန္တလေး လမ်းကြောင်းတစ်လျှောက်နှင့် အနီးပတ်ဝန်းကျင်ရှိ မြို့/ရွာများ၊ နိုင်ငံအကျိုးပြုအစိုးရနှင့် ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံများတွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်စခန်းများအား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခြင်းများကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) စစ်ရေးလှုပ်ရှားမှုနှင့်အပြိုင် လုပ်ဆောင်လာခဲ့ကြပြီး မန္တလေးသို့ ရောက်ရှိနိုင်ရေးကြိုးပမ်းခဲ့ကြသည်။
ထိုကဲ့သို အကြမ်းဖက်သမားများ၏ သာလွန်အင်အားများဖြင့် တိုက်ကွက်ဖော်ဆောင်လာခဲ့မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြို့/ရွာများနှင့် နိုင်ငံအကျိုးပြု စက်ရုံ၊ အလုပ်ရုံများ ၎င်းတို့လက်အောက်သို့ အလုံးစုံကျရောက်မှုမရှိစေရေးအတွက် မိမိတို့၏ အသက်ကိုပဓာနမထားဘဲ ရဲဝံ့စွန့်စားစွာဖြင့် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism Operation) ကို မြေပြင်/ဝေဟင် ဟန်ချက်ညီပေါင်းစပ်ပြီး မြေပြင်သတင်းဖော်ထုတ်၍ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် သပိတ်ကျင်းဒေသအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင်လည်းကောင်း၊ မတ္တရာဒေသတစ်ဝိုက်ရှိ အယ်လ်ဖာဘိလပ်မြေစက်ရုံနှင့် ဖယောင်းတောင်ဒေသတို့အား ဩဂုတ်လ ၂၈ ရက်နေ့တွင်လည်းကောင်း၊ ဆည်တော်ကြီး ရေလှောင်တမံနှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်အား နိုဝင်ဘာ ၂၅ ရက်နေ့တွင်လည်းကောင်း၊ စဉ့်ကူးဒေသတစ်ဝိုက်အား ဒီဇင်ဘာ ၁၉ ရက်နေ့တွင်လည်းကောင်း၊ အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးပြီး ယာယီစိုးမိုးထားသည့် ဧရာဝတီတံတား (ရတနာသိင်္ဃ) အား ဒီဇင်ဘာ ၂၂ ရက်နေ့တွင်လည်းကောင်း စသည်ဖြင့် တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ စိတ်ကူးယဉ် စစ်ရေးအိပ်မက်များကို ရိုက်ချိုးဖျက်ဆီးနိုင်ခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အဆိုပါဒေသများအား ယာယီထိန်းချုပ်ထားစဉ်အတွင်း ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံ/ဆေးခန်းများနှင့် လူနေအိမ်များအား အကာကွယ်ရယူ၍ ဘန်ကာများ ဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ လူနေအိမ်အဆောက်အအုံများအကြားနှင့် အများပြည်သူသွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်း၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ စက်ရုံထုတ်ပစ္စည်းများကို ကိုယ်ကျိုးစီးပွားအဖြစ်အသုံးချခြင်း၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို ယုတ်မာရိုင်းစိုင်းစွာလုပ်ဆောင်ခဲ့ကြသဖြင့် ဒေသခံပြည်သူများအနေဖြင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် လူမှုစီးပွားဘဝများ အဘက်ဘက်မှ ဆုတ်ယုတ်နိမ့်ကျခဲ့ရသည်။
ထိုသို့ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် နေရာများအား တစ်ခုပြီးတစ်ခုပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ပြည်သူများအနေဖြင့် တပ်မတော်အပေါ် ယုံကြည်အားကိုးမှုနှင့် စိတ်အားထက်သန်စွာ အားပေးထောက်ခံလာခဲ့ကြပြီး အကြမ်းဖက်သမားများ၏ အဖျက်အမှောင့် လုပ်ရပ်များအပေါ် ဝိုင်းဝန်းရှုံချမှုများ လုပ်ဆောင်လာခဲ့ကြသည်။ ပြည်သူလူထု၏ အားပေးထောက်ခံမှုကို မရရှိတော့သည့် အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်ဆောင်ရွက်ခဲ့မှုများအပေါ် စိတ်ပျက်နောင်တရမှုများနှင့်အတူ ၎င်းတို့အဖွဲ့အတွင်း အနိုင်ကျင့်ဗိုလ်ကျမှုများကို လက်ခံနိုင်ခြင်းမရှိတော့ဘဲ တပ်မတော်၏ သဘောထားအမှန်ကို နားလည်သဘောပေါက်လာကြသည့် PDF အဖွဲ့ဝင်အချို့သည် နီးစပ်ရာ စစ်ကြောင်းများနှင့် ဆက်သွယ်၍ ဥပဒေဘောင်အတွင်းသို့ လက်နက်ခဲယမ်းများနှင့်အတူ ဝင်ရောက်မှုများ လုပ်ဆောင်လာကြသည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့်နေရာများအား ဒေသခံပြည်သူများနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များ၏ သတင်းပေးပို့မှုများကို စနစ်တကျပေါင်းစပ်သုံးသပ်ပြီး နယ်မြေသတင်းဖော်ထုတ်၍ မန္တလေး-မတ္တရာ စဉ့်ကူး-သပိတ်ကျင်းဒေသတစ်ဝိုက် တည်ငြိမ်အေးချမ်းရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့ရာ မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းအား ဒီဇင်ဘာ ၃၁ ရက်နေ့တွင်လည်းကောင်း၊ သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်နှင့် စိန်ကုန်းကျေးရွာဒေသတစ်ဝိုက်တို့အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင်လည်းကောင်း၊ ကင်းကျေးရွာနှင့် ရန်သူ့စခန်းကုန်းနေရာတို့အား ဇန်နဝါရီလ ၁၅ ရက်နေ့တွင်လည်းကောင်း အသီးသီးပြန်လည်ထိန်းချုပ်သိမ်းပိုက်ရရှိခဲ့သည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါသပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းတွင် ကျန်ရှိနေသည့် လမ်းပိုင်းနေရာအား စစ်ကြောင်းများခွဲ၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဟန်ချက်ညီဆောင်ရွက်ခဲ့ရာ ကင်းရွာဘက်မှ ချီတက်လာသည့် စစ်ကြောင်းသည် ဇန်နဝါရီ ၁၉ ရက်နေ့တွင် မလဲပေါက်ကျေးရွာအနီးရှိ ရည်မှန်းချက်နေရာနှင့် ဇန်နဝါရီ ၂၀ ရက်နေ့တွင် မလဲပေါက်ကျေးရွာအားလည်းကောင်း၊ အုန်ဒန်ကျေးရွာဘက်မှ ချီတက်လာသည့် စစ်ကြောင်းသည် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် အောင်ဗဒါန်းကျေးရွာ၊ ဇန်နဝါရီ ၁၈ ရက်နေ့တွင် စိန်အင်းကျေးရွာ၊ ဇန်နဝါရီ ၁၉ ရက်နေ့တွင် ရွှေညောင်ပင်ကျေးရွာတို့အားလည်းကောင်း သိမ်းပိုက်နိုင်ခဲ့ကာ အဆိုပါတပ်မတော်စစ်ကြောင်းများသည် ဇန်နဝါရီ ၂၀ ရက်နေ့တွင် မလဲပေါက်ကျေးရွာ၌ လက်ချင်းချိတ်ဆက်ပေါင်းဆုံနိုင်ခဲ့သဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အဆိုပါလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် မန္တလေး-စဉ့်ကူး-မတ္တရာ-သပိတ်ကျင်း-မိုးကုတ် ဒေသတစ်ဝိုက် တည်ငြိမ်အေးချမ်းရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်တွင် ပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာအသုံးပြုနိုင်ရေးအတွက် ရွပ်ရွပ်ချွံချွံသက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲများဖြစ်ပွားခဲ့၍ တပ်မတော်မှ အရာရှိ/စစ်သည်အချို့ နိုင်ငံတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး အချို့ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
ယင်းသို့ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားခဲ့သည့် ဆက်သွယ်ရေးလမ်းကြောင်းများကို တပ်မတော်က ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ပြီး ဒေသတွင်းကုန်စည်စီးဆင်းကူးသန်းရောင်းဝယ်မှုများကို လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ပြီဖြစ်ကာ ပညာရေး၊ ကျန်းမာရေးစသည့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် တပ်မတော်အပေါ်များစွာ ဂုဏ်ယူဝမ်းမြောက်ကျေးဇူးတင်လျက်ရှိကြောင်း သိရှိရသည်။
အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့/ရွာများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများကို ပြန်လည်သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းချီတက်လာသော တပ်မတော်စစ်ကြောင်းများအား အကြမ်းဖက်သောင်းကျန်းသူများ၏ မတရားနှိပ်စက်ညှင်းပန်းမှုဒဏ်ကို ခါးသီးစွာခံစားခဲ့ရသည့် ဒေသခံပြည်သူများက လမ်းကြောင်းတစ်လျှောက်လုံး၌ အောင်သပြေပန်းများ၊ ပန်းကုံးများ ကိုင်ဆောင်ကာ တစ်သားတည်းဖြစ်ပေါ်နေသော အိုးစည်ဒိုးပတ်များတီးခတ်၍ အကအလှများဖြင့် သောင်းသောင်းဖြဖြ ဝမ်းပန်းတသာကခုန်ကြိုဆိုခဲ့ကြသည့် တပ်မတော်နှင့် ပြည်သူမြင်ကွင်းကို ကြည်နူးဝမ်းမြောက်ဖွယ် တွေ့မြင်ရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသများအတွင်း လိုအပ်သည့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ကာ အကြမ်းဖက်သမားများ ဖျက်စီးခဲ့သည့် လမ်းတံတာများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အအုံများ၊ စာသင်ကျောင်းများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသအတွင်း ကုန်စည်ကူးသန်းရောင်းဝယ်မှု လွယ်ကူလျင်မြန် ချောမွေ့စေရေး၊ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးတို့အတွက် ဒေသခံပြည်သူများနှင့် လက်တွဲကာ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ Expression of Interest (EOI) နောက်ဆုံးထားတင်သွင်းရမည့် (ရက်) ပြင်ဆင်သတ်မှတ်ခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on January 20, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ Expression of Interest (EOI) နောက်ဆုံးထားတင်သွင်းရမည့် (ရက်) ပြင်ဆင်သတ်မှတ်ခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ လေလံတင်ရောင်းချမည့် ရက်/အချိန် ပြင်ဆင်သတ်မှတ်ခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on January 20, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ လေလံတင်ရောင်းချမည့် ရက်/အချိန် ပြင်ဆင်သတ်မှတ်ခြင်း
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 19, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ
