နေပြည်တော်၌ သင်္ကြန်အတက်နေ့တွင် ရေကစားအပန်းဖြေသူများ ယခင်ရက်များထက် ကြက်ပျံမကျ စည်ကားများပြား


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 17, 2026
image_latest


နေပြည်တော် ဧပြီ ၁၆

နေပြည်တော်ဒေသခံများသာမက အနယ်နယ်အရပ်ရပ်မှ ပြည်သူများ သင်္ကြန်အကြိုနေ့မှစတင်၍ စည်ကားသိုက်မြိုက်စွာဖြင့် တိုးမပေါက်အောင် ပါဝင်ဆင်နွှဲကြသည့် နေပြည်တော် လမ်းလျှောက် သင်္ကြန်ပွဲတော်ကြီး၏ ယနေ့ ကျရောက်သည့် သင်္ကြန်အတက်နေ့တွင်လည်း နေပြည်တော် ရင်ပြင်အပြည့်သင်္ကြန်ချစ်သူများဖြင့် အထူးစည်ကားခဲ့ပြီး ညီရင်းအစ်ကို မောင်ရင်းနှမသဖွယ် စည်းလုံးညီညွတ်စွာဖြင့် လမ်းလျှောက်သင်္ကြန်ကို အတူတကွ ဆင်နွှဲကြသည်။ 

နံနက်ပိုင်းမှစတင်၍ နေပြည်တော်တစ်ခွင်မြို့လုံးအနှံ့ သင်္ကြန်တေးသံသာများ ပျံ့လွင့်လျက်ရှိပြီး ပြည်သူများ၏ မျက်နှာထက်တွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အတွက် ဂုဏ်ယူမှုအပြည်ဖြင့် ယနေ့သင်္ကြန်အတက်နေ့အထိ အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့မှုသွင်ပြင်များကို မြင်တွေ့ကြရကာ ၎င်းတို့အားလုံး၏ ခြေလှမ်းများသည်လည်း နေပြည်တော်ရင်ပြင်၌ ခမ်းနားထည်ဝါ စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကြီးဆီသို့ အတူတကွ ဦးတည်လျက်ရှိနေကြသည်ကို တွေ့မြင်ရသည်။ 

ထိုသို့ ဂုဏ်ယူပျော်ရွှင်မှုအပြည့်ဖြင့် အရောက်လှမ်းလာကြသည့် သင်္ကြန်ချစ်သူပြည်သူများကိုလည်း နေပြည်တော် လမ်းလျှောက်သင်္ကြန်ဧရိယာတစ်လျှောက် တည်ဆောက်ထားသည့်ဝန်ကြီး ဌာနအလိုက်မဏ္ဍပ်များမှဝန်ထမ်းများက ရင်းနှီးဖော်ရွေစွာဖြင့် အတူပျော်ရွှင်စွာ အတာရေသဘင်ပွဲ ဆင်နွှဲကြကာ အသင့်စီစဉ်ထားသည့် စတုဒိသာအကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံမှုကြောင့် ပြည်သူများ၏ စိတ်နှလုံးကို အေးငြိမ်းမှုရရှိစေခဲ့သည်။ 

ယနေ့သည် သင်္ကြန်၏ နောက်ဆုံးရက်ဖြစ်သည့်အတွက် နေပြည်တော်လမ်းလျှောက် သင်္ကြန်ဧရိယာတစ်လျှောက်တွင် နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်ကြသည့် ပြည်သူများသည် ယခင်ရက်များထက် ပိုမိုများပြားစွာ လာရောက်ဆင်နွှဲကြပြီး တာဝန်ရှိသူများကလည်း ပြည်သူများ ဘေးဘယာကင်းစွာ ဆင်နွှဲနိုင်ရေးအတွက် လိုအပ်သည့် အစီအမံများကိုလည်း စနစ်တကျ ဆောင်ရွက်ထားသည်ကို တွေ့မြင်ရသည်။ 

ကြည့်ရှုအားပေး

ထို့ပြင် ဝန်ကြီးဌာနများအလိုက် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထင်ဟပ်စေပြီး ခေတ်မီဒီဇိုင်းများဖြင့် ပေါင်းစပ်တည်ဆောက်ထားသည့် ဝန်ကြီးဌာနမဏ္ဍပ်များရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများက ပြည်သူလူထုနှင့် တစ်သားတည်းပူးပေါင်းကာ အတာရေကို ချစ်ကြည်ရင်းနှီးစွာ ပက်ဖျန်းကစားခဲ့ကြသည့်အပြင် သင်္ကြန်ချစ်သူ ပြည်သူများကလည်း ဝန်ကြီးဌာနကိုယ်စားပြု သင်္ကြန်ယိမ်းအဖွဲ့များ၏ ယှဉ်ပြိုင်ကပြဖျော်ဖြေမှုများကို တစ်ခဲနက်ကြည့်ရှုအားပေးခဲ့ကြသည့် မြင်ကွင်းသည်လည်း နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူတို့အကြား အပြန်အလှန် ယုံကြည်လေးစားမှုကို ပိုမိုခိုင်မာစေခဲ့သည့် ပြယုဂ်တစ်ခုအဖြစ် မြင်တွေ့ခဲ့ရသည်။ 

မြန်မာတို့၏ အမြင့်မားဆုံးသော စေတနာသဒ္ဓါတရားကို ပေါ်လွင်စေသည့် နေ့စဉ်မဏ္ဍပ်များအလိုက် စတုဒိသာကျွေးမွေးဧည့်ခံသည့် အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်ဆောင်ရွက်ထားရှိပြီး မြန်မာ့ရိုးရာ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ်၊ သာကူအစရှိသည့် ရိုးရာအစားအစာများကို အလှမဟုတ်ဘဲ အဝသုံးဆောင်နိုင်ရန် စီစဉ်ထားရှိရာ လာရောက်ရေကစားကြသူ ပြည်သူလူထုတစ်ရပ်လုံး အမောပြေခဲ့ကြပြီး ပျော်ရွှင်ချမ်းမြေ့စွာ သုံးဆောင်နေကြသည် ကိုတွေ့မြင်ရသည့်အပြင် သန့်ရှင်းလတ်ဆတ်သော အစားအစာများကို သက်သာသောဈေးနှုန်းဖြင့် ဆိုင်ခန်းများက ရောင်းချပေးလျက်ရှိရာ ဝယ်ယူစားသုံးကြသည့် ပြည်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

ယခုနှစ်တွင် ထူးခြားသည့် တင်ဆက်မှုအနေဖြင့် သင်္ကြန်ပွဲတော်ဆင်နွှဲရင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုပါ ပိုမိုသိရှိနားလည် မြတ်နိုးလာစေရန် ရည်ရွယ်၍ ပြည်သူများရေကစား၍ အမောပြေနိုင်စေရန် မြန်မာ့ရိုးရာ လက်ဖက်သုပ်၊ အကြော်စုံ၊ ပဲကြီးလှော်တို့နှင့်အတူ ရေနွေးကြမ်းကို သုံးဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားမှုကြောင့် မြန်မာတို့၏ နွေးထွေးသော ဧည့်ဝတ်ပြုမှုဓလေ့ လက်ဖက်ယဉ်ကျေးမှုမြင်ကွင်းသည်လည်း မြန်မာဆန်သော ကျေးလက်ဒေသ၏ အငွေ့အသက်များကို ပြန်လည်အသက်ဝင်လာစေခဲ့သည်။

ယင်းအပြင် မြန်မာအမျိုးသမီးများ၏ အလှတရားနှင့် အမှတ်သညာဖြစ်သော သနပ်ခါးသင်္ကြန် မဏ္ဍပ်ကိုလည်း သီးသန့်ထည့်သွင်းထားရှိကာ မြန်မာ့ရိုးရာ သနပ်ခါးသွေးခြင်း၊ လိမ်းခြယ်ခြင်း ဓလေ့များကိုပါ တစ်ပါတည်းလေ့လာခံစားနိုင်စေရန် စီစဉ်ထားရှိရာ လာရောက်လည်ပတ်သည့် ကလေးငယ်များနှင့် လူငယ်လူရွယ်များက သနပ်ခါးများကို ကိုယ်တိုင်သွေး၍ လိမ်းခြယ်ကြသည်ကို တွေ့မြင်ရသည်။

သင်္ကြန်ချစ်သူ ပြည်သူများ နေ့စဉ်စိတ်အေးချမ်းသာစွာဖြင့် သင်္ကြန်ပွဲတော်ကြီးကို ပါဝင်ဆင်နွှဲနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သယ်ယူပို့ဆောင်ရေး အစရှိသည့်ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အထူးအလေးအနက်ထား၍ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ပေးခဲ့ကြပြီး မဏ္ဍပ်များ၌ ရေကစားသူပြည်သူများ အဆင်ပြေချောမွေ့စေရေးနှင့် ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရေးအတွက် အနီးကပ်ကြီးကြပ် စီစဉ်ဆောင်ရွက်ပေးကြသည်။ 

ယမန်နှစ်က မန္တလေးငလျင်ကြီး ဖြစ်ပေါ်ခဲ့သော်လည်း ပြည်သူလူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှု၊ ကြံ့ကြံ့ခံနိုင်မှုတို့ကြောင့် ယခုနှစ်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ပုံမှန်အခြေအနေသို့ အပြည့်အဝ ပြန်လည်ရောက်ရှိခဲ့ပြီး နိုင်ငံတော်အစိုးရသစ်၏ ဦးဆောင်မှုအောက်တွင် ယခင်နှစ်များထက် ပိုမိုခမ်းနားထည်ဝါသော မဟာအတာသင်္ကြန် ပွဲတော်ကြီးကို ဂုဏ်ယူဝင့်ကြွားစွာ ပြန်လည် ဆင်နွှဲနိုင်ခဲ့ခြင်းနှင့်အတူ ပြည်သူများအနေဖြင့်လည်း မြန်မာနှစ်သစ် အခါသမယမှစ၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ လက်တွဲဆောင်ရွက်ကြရမည်ဆိုသည့် စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်များလည်း ရရှိခဲ့ကြကာ အနှစ်သာရပြည့်ဝသော သမိုင်းဝင် အတာရေသဘင်ပွဲတော်ကြီးအဖြစ် အထူးစည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

သန့်ဂျိုင်း

ဓာတ်ပုံ - ကိုကြီးထိန်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

ဗီဒီယိုများ