လူငယ်များ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိ
လူငယ်များ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 21, 2025

နေပြည်တော် မေ ၂၁
နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းမှုရှိပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိရာတွင် လူငယ်များ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များ မွေးမြူနေချိန်တွင် မောင်တို့မယ်တို့အနေဖြင့် သင်ယူခဲ့သည့်ပညာရပ်များ၏ အခြေခံသဘောတရားများမှတစ်ဆင့် စူးစမ်းလေ့လာမှုများ ပြုလုပ်ပြီး တိုးတက်အောင်မြင်အောင် ထပ်မံကြိုးစားသွားကြရန်လိုကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် အခြေခံနှင့် တန်းမြင့်ရေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) နှင့် အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း (၁/၂၀၂၅) မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နှစ်စဉ်နွေရာသီကျောင်းပိတ်ရက်ရှည်ကာလတွင် မိမိတို့၏ကိုယ်ပိုင်အချိန်များကို အကျိုးမဲ့မဖြစ်စေဘဲ မိမိအတွက်သော်လည်းကောင်း၊ တိုင်းပြည်အတွက်သော်လည်းကောင်း အကျိုးရှိစေသည့် ရေကြောင်း၊ လေကြောင်းပညာရပ်ဆိုင်ရာ လူငယ်သင်တန်းအသီးသီးကို လေ့လာသင်ယူတက်ရောက်ခဲ့ကြသည့် နိုင်ငံတစ်ဝန်းမှ မောင်မယ်များနှင့် တွေ့ဆုံပြီး ဂုဏ်ပြုအမှာစကား ပြောကြားခြင်းဖြစ်ကြောင်း။
ယခုသင်တန်းများကို ၂၀၁၄ ခုနှစ်၌ စတင်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုအထိသင်တန်း ၉ ကြိမ် ဖွင့်လှစ်ပြီးဖြစ်ကြောင်း၊ သင်တန်းစတင်ဖွင့်လှစ်ချိန်တွင် သင်တန်းသားတစ်ဦးကို သင်တန်းတစ်ကြိမ်သာ တက်ရောက်နိုင်ရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် သင်တန်းတက်ရောက်ပြီးလူငယ်များ၊ သင်တန်းမတက်ရသေးသည့် လူငယ်များ၏ ထက်သန်သည့် စိတ်ပါဝင်စားမှုနှင့် တင်ပြမှုများကြောင့် သင်တန်းတက်ရောက်ပြီး လူငယ်များကို နောက်နှစ်တွင် သင်တန်းဆက်တက်နိုင်ရန် တန်းမြင့်သင်တန်းများကို ၂၀၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ထို့ကြောင့် ယနေ့အထိ အခြေခံရေကြောင်း၊ လေကြောင်းလူငယ်သင်တန်း ၉ ကြိမ်၊ သင်တန်းသား ၈၄၄၆ ဦး၊ တန်းမြင့်ရေကြောင်း၊ လေကြောင်းလူငယ်သင်တန်း ၈ ကြိမ်၊ သင်တန်းသား ၁၆၄၄ ဦး၊ စုစုပေါင်း လူငယ် ၁၀၀၉၀ ဦးကို လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ကြောင်း။
သင်တန်းဖွင့်လှစ်ရသည့် မူလရည်မှန်းချက်များ အောင်မြင်ခဲ့ရုံသာမက သင်တန်းကာလတွင် နိုင်ငံ၏ဒေသအသီးသီးမှ လူငယ်များသည် သင်တန်းအတူတက်ရောက်ခွင့်၊ အတူပူးပေါင်းဆောင်ရွက်ခွင့်၊ အတွေ့အကြုံဗဟုသုတဖလှယ်ခွင့်များရရှိခဲ့ပြီး စိတ်တူကိုယ်တူ မိတ်ကောင်းဆွေကောင်းများရရှိခဲ့ကြခြင်းသည် တန်ဖိုးမဖြတ်နိုင်သည့် အခွင့်အလမ်းကောင်းတစ်ရပ်ပင်ဖြစ်ကြောင်း၊ အဆိုပါ မိတ်ကောင်းဆွေကောင်းအသိုက်အဝန်းမှတစ်ဆင့် သူ့မိတ်ဆွေ၊ ကိုယ့်မိတ်ဆွေ အသိုက်အဝန်းများ ထပ်တိုးပြီး ဖလှယ်ခွင့်ရရှိခြင်းကြောင့် လူငယ်ဘဝ၌ပင် ကျယ်ပြန့်သည့် လူမှုဆက်ဆံရေးနယ်ပယ်များကို ရရှိလာမည်ဖြစ်ကြောင်း။
မိတ်ဆွေကောင်း၏အရေးပါမှု
နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းမှုရှိပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိရာတွင် လူငယ်များ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဦးတည်ချက် (၉) ရပ်တွင် ပြဋ္ဌာန်းထားသည့် လူမှုရေးကဏ္ဍ၌ လူငယ်များနှင့်ပတ်သက်ပြီး “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ”ဟူ၍ ပြဋ္ဌာန်းပေးထားပြီးဖြစ်ကြောင်း၊ ဗလငါးတန်အနက် မိတ္တဗလဟူသည်မှာ လူရယ်လို့ဖြစ်လာပါက မိတ်ကောင်းဆွေမွန်ရှိရန်လိုအပ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ ရိုင်းပင်းကူညီမှု၊ စာနာဖေးမမှု၊ အမှားတွေ့ပါက စေတနာဖြင့် ဝေဖန်ထောက်ပြမှု စသည်တို့သည် မိတ်ဆွေအချင်းချင်းပြုမူပေးတတ်သည့် အလေ့အကျင့်ကောင်းများပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့မိတ်ဆွေကောင်းများကို ပိုင်ဆိုင်ခြင်းအားဖြင့် မိမိတို့ဖြတ်သန်းရမည့် အနာဂတ်ဘဝကို ဖြောင့်တန်းအောင် လျှောက်လှမ်းနိုင်ကြမည်ပင် ဖြစ်ကြောင်း။
လူတိုင်းတွင်မိတ်ဆွေကောင်းရှိရန်အရေးကြီးသကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် မိမိတို့နိုင်ငံတော်ကြီးသည်လည်း မိတ်ဆွေကောင်းများ ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ပြည်တွင်းရေးအခြေအနေများနှင့်ပတ်သက်ပြီး အမှန်တရားဘက်က အရှိအတိုင်း ရပ်တည်ပေးသည့်နိုင်ငံများသည် နိုင်ငံတော်၏ မိတ်ဆွေကောင်းများပင်ဖြစ်ကြကြောင်း။
မကြာခင်ကဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကို မောင်တို့မယ်တို့လည်း သိရှိခဲ့ကြပြီးဖြစ်ကြောင်း၊ ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရချိန်တွင် အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ပေးရန်ရောက်လာသည့် မိတ်ဆွေကောင်းနိုင်ငံများ၊ ဝမ်းနည်းစာနာကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြသည့် နိုင်ငံ့ခေါင်းဆောင်များ၊ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ စားသောက်နေထိုင်ရေးကဏ္ဍစုံတွင် ပံ့ပိုးကူညီပေးကြသည့်အဖွဲ့အစည်းများနှင့် နိုင်ငံများသည် မိမိတို့နိုင်ငံအတွက် မိတ်ဆွေကောင်းများဟု ဆိုရမည်ဖြစ်ကြောင်း။
လူငယ်ဘဝကတည်းက အသိမှန် အတွေးမှန် ရှိကြရန်လို
စာအုပ်စာပေများသည်လည်း လူသားတို့၏ မိတ်ဆွေများဖြစ်ကြောင်း၊ လူများ၏ စိတ်ကို နူးညံ့စေသည့် ရသစာပေများ၊ အတွေးအခေါ် ဗဟုသုတမြင့်မားစေသည့် သုတစာပေများကို ဖတ်ရှုလေ့လာပြီး မိမိ၏ဘဝ အစဉ်တိုးတက်နေအောင် ကြိုးပမ်းသွားကြရန်နှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် အနာဂတ်သားကောင်းရတနာများဖြစ်အောင် ကြိုးပမ်းသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရန်လို
ဒီမြေမှာမွေး ဒီမြေမှာ ကြီးပြင်းခဲ့ကြသူများပီပီ အမိနိုင်ငံတော်ကြီး၏ သမိုင်းကြောင်းအစဉ်အလာများကို ကောင်းစွာသိရှိနားလည်ထားရမည်ဖြစ်ကြောင်း၊ ခိုင်မာသည့် သမိုင်းအထောက်အထားများအရ မိမိတို့နိုင်ငံသည် လွန်ခဲ့သည့်နှစ်ပေါင်း ၂၁၀၀ (ဘီစီ ၁ ရာစု) ခန့်ကတည်းက မြို့ပြနိုင်ငံများ စတင်ထူထောင်နေထိုင်ခဲ့ကြသည့် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်သမိုင်းကြောင်းရှိသည့်နိုင်ငံဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၁၁၀၀ ခန့်က ပုဂံအင်ပါယာကို စတင်ထူထောင်ခဲ့ပြီးနောက်ပိုင်းတွင် တိုင်းရင်းသားပေါင်းစုံစုစည်းပြီး ကိုယ့်မင်း၊ ကိုယ်ချင်းနှင့် ရပ်တည်ခဲ့သည့် ဘုရင့်နိုင်ငံဖြစ်ကြောင်း၊ သမိုင်းကြောင်းအရ ရှည်လျားလှသော်လည်း အဆိုပါခေတ်က ခေတ်နှင့်လျော်ညီသည့် ခေတ်မီပညာရပ်များ သင်ကြားသင်ယူမှုမရှိနိုင်ခဲ့သဖြင့် ခေတ်ပညာတတ်များမရှိခြင်း၊ စည်းလုံးညီညွတ်မှု အားနည်းခြင်းများကြောင့် ခေတ်မီနိုင်ငံ၊ ခေတ်မီလူ့အဖွဲ့အစည်း၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ခေတ်မီတပ်မတော်တည်ဆောက်ရာတွင် အားနည်းခဲ့ကြရကြောင်း၊ ထို့ကြောင့် သမိုင်းအစဉ်အလာကြီးမားသည့် မိမိတို့နိုင်ငံသည် လွတ်လပ်ရေးဆုံးရှုံးခဲ့ရကြောင်း။
မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးသည် မျိုးချစ်လူငယ်များက ခေတ်မီတပ်မတော်တစ်ရပ် ထူထောင်ပြီး ပြည်သူလူထု၏ တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းကြိုးပမ်းမှုများကြောင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေးအတွက် ပြည်သူများ၊ တပ်မတော်သားများ အသက်၊ သွေး၊ ချွေး များစွာပေးဆပ်ပြီး စွန့်လွှတ်စွန့်စားမှုအပြည့်ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ကိုလိုနီနယ်ချဲ့များ၏ သွေးခွဲအုပ်ချုပ်မှုစနစ်ဆိုးများ၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် “ တိုင်းပြည်က နုနု၊ မုန်တိုင်းက ထန်ထန်” ဆိုသကဲ့သို့ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း၊ ရက်ပိုင်း၊ လပိုင်းသာရှိသေးသည့် လွတ်လပ်ရေးသစ်ပင်သည် အသီးအပွင့်မမြင်ရသေးခင်မှာပင် အမြစ်ကဆွဲနုတ်ခံရမည့်အဖြစ်မျိုး ကြုံခဲ့ရကြောင်း၊ တပ်မတော်နှင့် ပြည်သူလက်တွဲပြီး ခက်ခက်ခဲခဲလွတ်လပ်ရေးကို ကာကွယ်ခဲ့ရကြောင်း၊ ပြည်တွင်းသောင်းကျန်းမှု၊ ပြည်ပကူမင်တန်ကျူးကျော်မှုများ နှိမ်နင်းအပြီးတွင် နိုင်ငံရေးအားနည်းချက်များ၊ ပြည်ပ ပယောဂများကြောင့် တိုင်းပြည်ပြိုကွဲမည့်အန္တရာယ်နှင့် ကြုံတွေ့ရပြန်ကြောင်း၊ အမြစ်က နုတ်ခံရမည့် လွတ်လပ်ရေးသစ်ပင်ကို ခက်ခက်ခဲခဲကြိုးပမ်း ကာကွယ်နိုင်ခဲ့ပြီးနောက်ပိုင်းတွင် အပိုင်းပိုင်းဖြတ်မည့်အန္တရာယ်နှင့် ထပ်မံကြုံတွေ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး နိုင်ငံရေးစုစည်းညီညွတ်မှု၊ လူမှုရေးနှင့် စီးပွားရေး စည်းလုံးညီညွတ်မှုရရှိစေရေးအတွက် ဗဟိုကွပ်ကဲအုပ်ချုပ်မှုနှင့် နိုင်ငံကို ပြန်လည်စုစည်းတည်ဆောက်ခဲ့ရကြောင်း။
ဗဟိုကွပ်ကဲအုပ်ချုပ်မှုတွင် အားနည်းချက်များရှိသကဲ့သို့ အားသာချက်များလည်း ရှိခဲ့ကြောင်း၊ စုစည်းသည့်နိုင်ငံရေးစနစ်ကို တည်ဆောက်နိုင်ခဲ့သော်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် အားနည်းခဲ့ကြောင်း၊ ထိုအပေါ်တွင် အခွင့်ကောင်းယူပြီး ပြည်တွင်းပြည်ပအဖျက်သမားများသည် နှစ်ရှည်လများ နည်းအမျိုးမျိုးဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ရယူခဲ့ရပြီး ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို တည်ငြိမ်အေးချမ်းစွာ ကူးပြောင်းနိုင်ရန် တည်ဆောက်ဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုနေရာတွင် သတိပြုမိရန်ကလည်း ပြည်ပ၏ပယောဂပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးချိန်ကတည်းက မတည်မငြိမ်ဖြစ်အောင် စဉ်ဆက်မပြတ် လုပ်ဆောင်လာခဲ့သည့် အဆိုပါအင်အားစုများနှင့် ၎င်းတို့၏အဆက်အနွယ်များကပင် အဆိုပါကိစ္စကို နှပ်ကြောင်းပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အချိန်မရွေးဝင်ရောက်စွက်ဖက်၍ ကောင်းစေရန် ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ယင်းကိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း၊ အဖျက်သမားများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဟန်ချက်ညီမှု၊ လူမှုစီးပွားဘဝဟန်ချက်ညီမှုများကို သိရှိကြကြောင်း၊ အဆိုပါဟန်ချက်ညီမှုများကို ဖျက်ဆီးနိုင်မှသာ ၎င်းတို့၏ ယုတ်မာသည့် နိုင်ငံတော်ပြိုကွဲစေရေးအကြံအစည်များနှင့် ဒေသအတွင်း မြန်မာကို တည်ကြက်ထားပြီး ၎င်းတို့ထိန်းချုပ်လိုသည့်နိုင်ငံများကို ထိန်းချုပ်လိုသည့် အကြံအစည်များအား အကောင်အထည်ဖော်နိုင်မည်ကို သိရှိကြကြောင်း၊ ယင်းကို ၎င်းတို့ စဉ်ဆက်မပြတ် ဆောင်ရွက်နေကြသည်ကို မိမိတို့နိုင်ငံသားများအားလုံးက သိရှိသတိရှိကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်အဖြစ် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်အဖြစ် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးတို့ကို ချမှတ်ထားကြောင်း၊ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းသည့်နေရာတွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်းကကဲ့သို့ သမိုင်းတွင် အရုပ်ဆိုးအကျည်းတန်သည့် အဖြစ်မျိုးများ၊ ရွေးကောက်ပွဲမတိုင်မီကာလတွင်လည်း ဒီမိုကရေစီအမည်ခံဥပဒေမဲ့လုပ်ဆောင်မှုများ၊ အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုများကြောင့် တိုင်းပြည်၏ စည်းလုံးညီညွတ်မှု၊ ဟန်ချက်ညီရပ်တည်မှုများ ပြိုကွဲမည့်အဖြစ်များ ထပ်မံမဖြစ်ပေါ်စေရေး လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံသားတိုင်းသည် မိမိတို့နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကို သိရှိပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် ဦးဆောင်လူငယ်များအဖြစ် ပါဝင်ကြရန်လိုကြောင်း။
တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုသည့်စကားနှင့်အညီ ဒီမြေမှာမွေး၊ ဒီမြေမှာ ကြီးပြင်းကြသူများသည် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိကြရမည့် တာဝန်ဝတ္တရားရှိကြကြောင်း၊ အလားတူ မိမိအပေါ်ပြုဖူးသည့် ကျေးဇူးမှန်သမျှကိုလည်း အစဉ်အသိအမှတ်ပြုနိုင်မှသာ လူပီသပြီး လူ့အဖွဲ့အစည်းက အသိအမှတ်ပြုခံရသည့် လူသားများဖြစ်လာကြမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ရာမှတစ်ဆင့် ရရှိခဲ့သည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုများကို ဆက်လက်မွေးမြူပြီး ပြည်ထောင်စုစိတ်ဓာတ်ကိုမွေးမြူကြရန်၊ နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များ မွေးမြူနေချိန်တွင် သင်ယူခဲ့သည့်ပညာရပ်များ၏ အခြေခံသဘောတရားများမှ စူးစမ်းလေ့လာမှုများပြုလုပ်ပြီး တိုးတက်အောင်မြင်အောင် ထပ်မံကြိုးစားသွားကြရန်၊ မှန်ကန်သည့် အသိအမြင်များရရှိစေရန် စာကောင်းပေမွန်များကို ဖတ်ရှုပြီး မိဘဆရာသမားများ၏ အဆုံးအမများအတိုင်း လိုက်နာနေထိုင်သွားကြရန် “ ပညာရွှေအိုး လူမခိုး” ဆိုသည့်အတိုင်း ပြောင်းလဲတိုးတက်နေသည့် ပညာခေတ်တွင် ပညာကို တစိုက်မတ်မတ် ရှာဖွေရင်း တစ်ဖက်တွင်လည်း မိမိတို့၏ ကျန်းမာရေးအတွက် ဂရုပြုဆင်ခြင်နေထိုင်သွားကြရန်၊ အမိတိုင်းပြည်အပေါ် သစ္စာစောင့်သိရိုသေပြီး သင်ယူတတ်မြောက်ခဲ့သည့် ပညာရပ်များနှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားကိုးအားထားပြုရမည့် မျိုးဆက်သစ်မောင်မယ်များဖြစ်အောင် ကြိုးစပမ်းသွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး လူငယ်မောင်မယ်များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂါဝရပြုလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။
၎င်းနောက် ရေကြောင်းလူငယ်သင်တန်းမှ မငုရီကိုကိုနှင့် လေကြောင်းလူငယ်သင်တန်းမှ မသုရတနာအောင်တို့က အခြေခံနှင့် တန်းမြင့်ရေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) နှင့် အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း (၁/၂၀၂၅) တို့တွင် တက်ရောက်သင်ကြားခဲ့ရသည့် ရေကြောင်း၊ လေကြောင်းဆိုင်ရာ အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် ဗဟုသုတများနှင့် အကျိုးကျေးဇူးများကို ဦးစွာရှင်းလင်းပြောကြားကြသည်။
ထို့နောက် မိမိတို့ရေကြောင်း၊ လေကြောင်းလူငယ်မောင်မယ်များအနေဖြင့် နွေရာသီအားလပ်ရက်ကာလများတွင် အနာဂတ်နိုင်ငံတော်အကျိုးဖြစ်ထွန်းစေမည့် ပညာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားခွင့်ရရှိခဲ့ပြီး ဒေသအသီးသီးမှလူငယ်မောင်မယ်များနှင့် တစ်စုတစ်စည်းတည်း တွေ့ဆုံခွင့်ရရှိသည့်အတွက် နိုင်ငံတော်အကြီးအကဲနှင့်တကွ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုသင်တန်းများမှ ရရှိခဲ့သည့် အသိပညာဗဟုသုတများသည် မိမိတို့လူငယ်မောင်မယ်များ ဆက်လက်လျှောက်လှမ်းကြရမည့် ရည်မှန်းချက်ပန်းတိုင်များနှင့် တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာမှ အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ အထောက်အကူပြုသွားမည်ဖြစ်သည်ဟုလည်း ယုံကြည်ပါကြောင်း၊ မိမိတို့လူငယ်မောင်မယ်များအနေဖြင့် နိုင်ငံတော်အကျိုးစီးပွားအတွက် ထိရောက်စွာစွမ်းဆောင်ပေးနိုင်သော တက်ကြွသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် အစဉ်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ကျေးဇူးတင်စကားများ အသီးသီးပြန်လည် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များကို လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခြေခံနှင့် တန်းမြင့်ရေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) နှင့် အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း (၁/၂၀၂၅) မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များသည် ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားသို့ မတက်ရောက်မီ ဇေယျာသီရိဗိမာန်အတွင်း ခင်းကျင်းပြသထားသော မြန်မာ့တပ်မတော်မှ ထုတ်လုပ်သည့်လက်နက်များ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)တွင် ဝတ်ဆင်အသုံးပြုနေသည့် ဝတ်စုံအမျိုးမျိုး၊ မြန်မာ့တပ်မတော်မှ ထုတ်လုပ်သည့် ဆက်သွယ်ရေးစက်ပစ္စည်းများ၊ တပ်မတော် (ရေ) မှ ထုတ်လုပ်သည့် ရေယာဉ်များ၏ပုံစံငယ်များ၊ ရေတပ်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ တပ်မတော် (လေ) တွင် အသုံးပြုနေသည့် လေယာဉ်နှင့် ရဟတ်ယာဉ်များ၏ ပုံစံငယ်များ၊ လေသူရဲများ၏ ဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများ၊ Simulator ဖြင့် လေယာဉ်ပျံသန်းမှု သရုပ်ပြကွက်များကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက သိရှိလိုသည်များကို ရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစာများ

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။
ကြေငြာချက်များ
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on May 14, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)အတွက် ပထမနှစ်ကျောင်းသား/သူအသစ်များခေါ်ယူခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on May 20, 2025
၁။ သမဝါယမဦးစီးဌာနအောက်ရှိ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း(မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)များတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၆) ရက်နေ့တွင်ဖွင့်လှစ်မည့် ပထမနှစ်သင်တန်းအတွက် ကျောင်းသား/သူအသစ်များ ခေါ်ယူမည်ဖြစ် ပါသည်။
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၉-၅-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသော အမှုစာရင်း
အခွန်အယူခံခုံအဖွဲ့ / Posted on May 19, 2025
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၉-၅-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသော အမှုစာရင်း