MSME လုပ်ငန်းများဖြင့် ပြည်နယ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်မည်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 16, 2024
image_latest


မွန်ပြည်နယ်တွင် ရှေးဟောင်းယဉ်ကျေးမှုပြတိုက်၊ ကိုလိုနီခေတ်အဆောက်အဦ၊ ပထမနှစ်ခြင်းအသင်းတော်၊ စိန်တုံးမိဖုရား၏ အုတ်ဂူ၊ စတုတ္ထမင်းသမီးနှင့် ၎င်း၏သားတော်၊ သမီးတော်တို့၏ အုတ်ဂူစသည်ဖြင့် သမိုင်းကြောင်းနှင့်ဆက်စပ်နေသည့် ရှေးဟောင်းအဆောက်အဦများစွာတည်ရှိနေသည်။ ပြည်နယ်အတွင်း ထင်ရှားသောတန်ခိုးကြီးဘုရား များစွာတည်ရှိသည့်အပြင် မွန်ရိုးရာဓလေ့များက နှစ်လိုဖွယ်ကောင်းလှသည်။ သာယာလှပသော အပန်းဖြေအနားယူစရာကမ်းခြေများ၊ ဒေသထွက်ကုန်များစွာထွက်ရှိသည့်အတွက် အစားအစာပေါကြွယ်လှသော ပြည်နယ်တစ်ခုလည်း ဖြစ်ပါ သည်။

အရောင်းပြခန်းများ စုစည်းပြသ

ထိုကဲ့သို့ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များစွာ၊ ဒေသထုတ်ကုန်များစွာတည်ရှိနေသော ပြည်နယ်ဖြစ်သည့်အတွက် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်ကို ပေါ်လွင်စေသော မွန်ရိုးရာအဆို၊ အက၊ အတီးပြိုင်ပွဲများ၊ ဌာနဆိုင်ရာပြခန်းများ၊ ဒေသထုတ်ကုန်များ များစွာပြသထားသော အရောင်းပြခန်းများ၊ ရိုးရာအစားအစာ အရောင်းပြခန်းများကို နှစ် (၅၀) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ ကျင်းပရာ၌ စုစည်းပြသရောင်းချခဲ့ပြီးဖြစ်သည်။

“ကျွန်တော်တို့ပြည်နယ်က ရာသီဥတုကောင်းတယ်။ စိုက်ပျိုးရေးထွက်ကုန်တွေ အများကြီးထွက်တယ်။ ရိုးရာလက်မှုလုပ်ငန်းတွေရှိတယ်။ ဒါတွေကပြည်နယ်ရဲ့ အခြေခံစီးပွားရေးဖြစ်တဲ့အတွက် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာမှာ ဒီလုပ်ငန်းတွေကို အခြေခံပြုပြီး ဖွံ့ဖြိုးရေးကို ဦးတည်စဉ်းစားရတယ်။ ဒေသလုပ်ငန်းအများစုကို ထင်ဟပ်တဲ့ MSME လုပ်ငန်းဖွံ့ဖြိုးရေးကို ဦးတည်ရတယ်။ ပြည်ပပို့ကုန် ပိုပြီးပို့လာနိုင်ရင် ဒေသဝင်ငွေပိုရလာမယ်။ ဒါကြောင့် ပြည်တွင်းသာမကဘဲ ပြည်ပကိုတစ်နှစ်ထက်တစ်နှစ် ပို့ကုန်ပိုမိုတင်ပို့နိုင်ဖို့ MSME နဲ့ပတ်သက်တဲ့ ထုတ်လုပ်မှုအပိုင်း၊ Packaging အပိုင်း၊ Financial အပိုင်း၊ Marketing အပိုင်း၊ Management အပိုင်း စတဲ့ ဆိုင်ရာအပိုင်းအားလုံးကို သက်ဆိုင်ရာဌာနတွေနဲ့ စဉ်ဆက်မပြတ် လုပ်ဆောင်ပေးနေပါတယ်။ ဒီအတွက်ရည်ရွယ်ပြီး ပြည်နယ်နေ့ကျင်းပရာမှာလည်း MSME ကဏ္ဍအတွက် အရောင်းပြခန်းတွေ ထည့်သွင်းကျင်းပခဲ့ပါတယ် ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးတိုးဝင်းက ပြောကြားသည်။

၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် နှစ် (၅၀) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အခမ်းအနား ကျင်းပခဲ့ရာတွင် လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးတို့အပြင် ပညာရေး ပြခန်း၊ ကျန်းမာရေးပြခန်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ထုတ်ကုန်ပြခန်းနှင့် ဒေသထွက် သစ်သီးဝလံပြခန်း၊ ရိုးရာအစားအစာအရောင်းပြခန်းများကို မတ် ၁၇ ရက်မှ ၁၉ ရက်အထိ သုံးရက်တာ အောင်အောင်မြင်မြင် စည်စည်ကားကား ပါဝင်ပြသနိုင်ခဲ့ပြီးဖြစ်သည်။

လုပ်ငန်းရှင်များ စိတ်ဝင်တစားလေ့လာ

ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ ပညာပေးပြခန်းတွင် ပြည်နယ်အတွင်းမှထွက်ရှိသည့် ရေချိုရေငန် ငါး/ပုစွန်များကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ညွှန်ကြားမှုအရ တိုင်းရင်းငါးဖယ်အောင်းနှင့် ငါးဖယ်မျိုးစိတ်နှစ်မျိုးကို စမ်းသပ်သားဖောက်မွေးမြူပြသရန်အတွက် ကြိုတင်ဆောင်ရွက်မှုလုပ်ငန်းများကို လည်းကောင်း၊ ပြည်နယ်အတွင်းရှိ အအေးခန်းများမှ ရေထွက်ကုန်ကြမ်းများကို အေးခဲပြုပြင်မွမ်းမံပြီး ရန်ကုန်မြို့မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေမှုများကိုလည်းကောင်းပြသခဲ့ရာ MSME လုပ်ငန်းရှင်များ စိတ်ဝင် တစားလေ့လာခဲ့သည့် ပြခန်းတစ်ခုဖြစ်ခဲ့သည်။

ပြည်နယ်သည် ရေထွက်ကုန်များစွာ ထွက်ရှိသည်ဖြစ်သည့်အတွက် ရေထွက်ကုန်ပစ္စည်းများကို ငါးမုန့်ခြောက်၊ ငါးခြောက်၊ ပုစွန်ခြောက်တို့အဖြစ် ထုတ်လုပ်ရောင်းချမှုအပြင် အသေးစား၊ အငယ်စားအိမ်တွင်းမှုပြုပြင်မွမ်းမံခြင်းလုပ်ငန်းများမှ အသင့်စားသုံးနိုင်သည့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန် ပြည်နယ်အစိုးရအနေဖြင့် အားပေးဆောင်ရွက်လျက်ရှိသည်။ ပြည်နယ်အတွင်းမှ ရေထွက်ကုန်ပစ္စည်းများကို အခြေခံထုတ်လုပ်ထားသည့် ငါးနှပ်ခြောက် (အသင့်ချက်)၊ ငါးတံခွန်ခြောက်(အသင့်ချက်)၊ ငါးမုန့်ခြောက်၊ ပုစွန်ခြောက်၊ ဗာလချောင်ကြော်၊ ငါးမီးတံသွယ်ခြောက်(အသင့်ချက်/ကြော်)၊ ငါးပိရေကျို (ကျိုက်ထို) တို့ကို ပြခန်းတွင် ပါဝင်ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခဲ့ရာ အထူးရောင်းချခဲ့ရသည်။

ပြခန်းများပြသရာတွင် မွန်ပြည်နယ်၏ ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product) ထုတ်ကုန်များဖြစ်သော ရော်ဘာလုပ်ငန်းမှ RSS-1,2,3,4,5၊ MSR-10-20၊ TSR-20၊ ရော်ဘာသား ရေကွင်း၊ ပူဖောင်း၊ မွန်ရိုးရာအဝတ်အထည်များ၊ မုဒုံစောင်နှင့်ရက်ကန်းထည်များ၊ သစ်သီးယိုမျိုးစုံများ၊ ဝါးနှင့်ပတ်သက်သော လက်မှုပစ္စည်းထည်များ၊ သစ်သားပန်းပုလုပ်ငန်းနှင့် ဆားလုပ်ငန်းတို့ကို ပါဝင်ပြသခဲ့သည်။

ထို့အတူ မွန်ပြည်နယ်၏ သွင်းကုန်အစားထိုးထုတ်ကုန်များဖြစ်သည့် အရိုးမြေဩဇာ၊ ရွှေဇီဝသဘာဝမြေဩဇာနှင့် လနတ်သားဂျစ်ဆမ်သဘာဝကျောက်မှုန့်မြေဩဇာတို့ကိုလည်း ပါဝင်ပြခဲ့သည်။ မွန်ပြည်နယ်၏ ပြည်ပပို့ကုန်ဖြစ်သော ခရမ့်ရော်ဘာများ၊ ရော်ဘာသစ်ခွဲသားနှင့် သစ်ပါးလွှာများ၊ ဝဥခြောက်၊ ဝဥမှုန့်နှင့် ဝဥနှင့်ပတ်သက်သော Value Added ထုတ်ကုန်များ၊ ကွမ်းသီးခြောက်နှင့် ကွမ်းသီးနုပေါင်းတို့ကိုလည်း ပြသရောင်းချခဲ့သည့်အပြင် မော်လမြိုင်စက်မှုဇုန် ထုတ်ထုတ်ကုန်များ၊ အသေးစားစက်မှုထုတ်ကုန်များ၊ သမဝါယမအသင်းများ၏ ထုတ်ကုန်များစသည်ဖြင့် ပြခန်းစုစုပေါင်း ၅၈ ခန်းကို မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အများပြည်သူသိရှိစေရန် စုစည်းပြသနိုင်ခဲ့သည်။

ဆားလုပ်ငန်းပြခန်းကို ပြည်နယ်နေ့မှာ ပါဝင်ပြသထားပါတယ်။ ပြည်နယ်ရဲ့ဆားလုပ်ငန်းက ပြည်တွင်းပြည်ပတင်ပို့နေတဲ့နာမည်ရပြီးသား MSME လုပ်ငန်းတစ်ခုပါ။ ဒါကြောင့် MSME ဖွံ့ဖြိုးရေးပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လုပ်ဆောင်နေတာကို ကြိုဆိုပါတယ်။ ပြည်နယ်ရဲ့ဆားလုပ်ငန်းတွေကို ပြည်ပကနေကမ်းလှမ်းတာတွေ ရှိတဲ့အတွက်ပိုပြီး တင်ပို့နိုင်ဖို့ မျှော်မှန်းလုပ်ဆောင်နေပါတယ် ဟု တောင်ကိုရီးယားနိုင်ငံသို့တင်ပို့ရန် (MoU) ရေးထိုးထားပြီးဖြစ်သည့် မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းထိန်က ပြောသည်။

မွန်ပြည်နယ်တွင် ပုဂ္ဂလိကနေလှန်းဆားကြမ်းထုတ်လုပ်သော ဆားတောင်သူ ၉၀၊ အိုင်အိုဒင်းဆားချော ထုတ်လုပ်သောလုပ်ငန်းရှင် ၁၅ ဦးနှင့် အပိုဓာတ်ဆားထုတ်လုပ်သော လုပ်ငန်းရှင်တစ်ဦးတို့သည် ဆားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

မွန်ပြည်နယ်အတွင်း MSME လုပ်ငန်းစုစုပေါင်း ၁၃၄၉၂ ခု ရှိပြီး ရော်ဘာလုပ်ငန်းသည် ပြည်နယ်အတွက် ပြည်ပဝင်ငွေအဓိကရှာဖွေပေးနေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ပြည်နယ်အတွင်း ရော်ဘာလုပ်ငန်းလုပ်ကိုင်နေသည့် မှိုင်းခံရော်ဘာစက်ရုံ ၂၆ ရုံ၊ ခရမ့်ရော်ဘာ စက်ရုံ ၁၁ ရုံ၊ ပူဖောင်းစက်ရုံ ၁၈ ရုံနှင့် ရော်ဘာသစ်ပါးလွှာ/ ခွဲသား စက်ရုံ ၂၄ ရုံ ရှိသည်။

 “ဒေသထွက်ရော်ဘာကုန်ကြမ်းကို ကုန်ချောထုတ်လုပ် ရောင်းချလျက်ရှိပါတယ်။ နှစ်စဉ်တန်ချိန် လေးသောင်းခန့်ထွက်ရှိပါတယ်။ တစ်နိုင်ငံလုံးတင်ပို့ရောင်းချမှုရဲ့ ၃၅ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အစိမ်းပြား၊ အထူးပြား၊ အပါးပြား၊ ခွက်ကျန်၊ မှိုင်းခံထုပ် စတဲ့ကုန်ကြမ်းတွေကို ဒေသကနေ ဝယ်ယူထုတ်လုပ်လျက်ရှိပါတယ်။ ဒေသက ထွက်ကုန်ပေါ်မှာထုတ်လုပ်တဲ့ MSME လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေကိုလည်း အလုပ်အကိုင်ရရှိစေပါတယ်။ ကျွန်တော် တို့ လုပ်ငန်းမှာဆိုရင် လခစားဝန်ထမ်းနဲ့ နေ့စားဝန်ထမ်း စုစုပေါင်း ၂၀၀ ကျော်ရှိပါတယ်။ ဒေသနဲ့ကိုက်ညီတယ်၊ ဒေသအလုပ်အကိုင် အခွင့်အလမ်းလည်းရတယ်။ ကျွန်တော်တို့စက်ရုံက ပြည်ပပို့ကုန်အဖြစ် နိုင်ငံတကာတာယာစက်ရုံတွေကလိုအပ်တဲ့ ခရမ့်ရော်ဘာ MSR10+SBR၊ MSR20+SBR နဲ့ RSSMSR+SBR တို့ကို အရည်အသွေးစံချိန်စံညွှန်းအတိုင်း ထုတ်လုပ်တင်ပို့လျက်ရှိပါတယ်ဟု ရော်ဘာ ကုန်ချောထုတ်လုပ်သည့် ဖူရှင်းဘရားသား (စ်) ကုမ္ပဏီမှ စက်ရုံမှူးကပြောသည်။

မွန်ရိုးရာအထည်များကို ပြည်သူအများနှစ်သက်

ပြည်နယ်အတွင်းမှ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME) များတွင် မွန်ရိုးရာအထည်များ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများလည်းပါဝင်သည်။ မွန်ရိုးရာအထည်များကို မွန်တိုင်းရင်းသားများသာမက ပြည်သူအများ နှစ်သက်စွာဝယ်ယူဝတ်ဆင်ကြသည့်အတွက် မွန်ရိုးရာဓလေ့များ ထိန်းသိမ်းစောင့်ရှောက် ရန်နှင့် ပြည်နယ်အတွင်း ရိုးရာအထည် ရက်လုပ်ရောင်းချသူများ၏ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရန် ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product) အစီအစဉ်တွင်ထည့်သွင်းကာ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်နယ်အစိုးရအနေဖြင့် စီမံဆောင်ရွက်လျက်ရှိသည်။

ခေတ်ကာလပြောင်းလဲလာတော့ အရင်လိုရက်ကန်းတစ်ခုတည်းပေါ်မှာ မှီခိုလို့မရတော့ တခြားလုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင် ကြတာမျိုးတွေတော့ရှိပါတယ်။ အားသာချက်တစ်ခုက ဈေးကွက်မှာနေရာတစ်ခုရှိတဲ့ ရိုးရာဝတ်စုံဖြစ်တဲ့အတွက် ဒီလုပ်ငန်းလုပ်ကိုင်နေတဲ့ သူတွေအတွက် အခွင့်အလမ်းတစ်ခုပါ။ ဒီအခွင့်အလမ်းကို လုပ်ငန်း လုပ်ကိုင်သူတွေဆုပ်ကိုင်နိုင်ဖို့ ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဌာန ဆိုင်ရာတွေကကူညီပေးပါတယ်။ ပြပွဲတွေပြသတိုင်း ပါဝင်ပြသဖို့ဖိတ်ခေါ်တယ်။ နည်းပညာဖွံ့ဖြိုးရေးအတွက် သင်တန်းတွေလည်း ဖွင့်ပေးပါတယ် ဟု မွန်ပြည်နယ်နေ့ အထိမ်းအမှတ် MSME အရောင်းပြခန်းများတွင် ပါဝင်ပြသခဲ့သည့် မော်လမြိုင်မြို့မှ WE-mon မွန်ရိုးရာအထည်လုပ်ငန်းတာဝန်ခံ ဒေါ်မရမ်ယိမ်းနန်ကပြောသည်။

သို့ဖြစ်ရာ နိုင်ငံ့စီးပွား၊ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်တွင်းစီးပွားရေးကို အားပေးဆောင်ရွက်ခြင်းသည် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သည်။ ထို့အတွက် ပြည်တွင်းစီးပွားရေး လုပ်ငန်းအများစုဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များ ဖွံ့ဖြိုးရေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်စီးပွားဖွံ့ဖြိုးရေးဖော်ဆောင်ရာတွင် ပြည်နယ်အတွင်းမှ လုပ်ငန်း အများစုဖြစ်သည့် ပြည်နယ်၏ MSME များ ဖွံ့ဖြိုးရေးကိုအလေးပေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတော်အဆင့်အထိမ်းအမှတ်ပြပွဲများ၊ ဈေးရောင်းပွဲတော်များအပါအဝင် နေ့ထူးနေ့မြတ်ကျင်းပ ပြုလုပ်သည့်ပွဲတော်များတွင် ပြည်နယ်၏ MSME လုပ်ငန်းများကို ပါဝင်ပြသခြင်း၊ ကူညီအားပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်နယ်အတွင်းမှ MSME ထုတ်ကုန်များ ထုတ်လုပ်မှု၊ ထုပ်ပိုးမှု၊ ဈေးကွက်ရရှိမှု စသည့်ကွင်းဆက်တစ်လျှောက်လုံး အချိုးညီညီဖွံ့ဖြိုးလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြရေးသား လိုက်ရပါသည်။    ။

ဗညားဦး