နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 10, 2025

နေပြည်တော် ဇွန် ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့လိုက်ပါ၍ ယနေ့တွင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကြရာ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထိုသို့ကြိုဆို နှုတ်ဆက်စဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် ပညာရည်မြင့်မားရေးအတွက် KG + 9 အထိ အခမဲ့ပညာရေးစနစ်ဖြင့် သင်ကြားပေးလျက်ရှိကြောင်း၊ ပညာတတ်များဖြစ်မှသာလျင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် လူသားအရင်းအမြစ်ကောင်းများလည်း ရရှိနိုင်မည်ဖြစ်ပြီး ဒေသနှင့်နိုင်ငံ၏အကျိုးကိုလည်း ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ယူထားရသည့် သင်ကြားရေးလုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန်နှင့် စာပေပညာ၊ လူမှုဆက်ဆံရေး အသိပညာများရရှိစေရေး သင်ကြားပေးသွားရမည်ဖြစ်ကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဟူသည့်အတိုင်း ကလေးငယ်များအနေဖြင့် ငယ်စဉ်ကလေးဘဝ ကတည်းကပင် စည်းကမ်းစနစ်တကျဖြင့် နေထိုင်သွားလာပြောဆိုတတ်စေရေး သင်ကြားပေးသွားရမည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးအတွက်လည်း စည်းရုံးဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့်မှာကြားပြီး လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြန်လည်ပြုပြင်တည်ဆောက်ရန်လိုအပ်သည့် စာသင်ဆောင်များနှင့် ယာယီစာသင်ဆောင် ဆောက်လုပ်နေမှုတို့အား လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စာသင်ဆောင်များ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် ရေရှည်ခိုင်ခံ့ကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စာသင်ဆောင်များတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီးသို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးဆွမ်းတို့ကို ကပ်လှူပူဇော်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ကောင်းမှုတော်စေတီတော်မြတ်ကြီးအတွင်းပိုင်း၊ အပြင်ပိုင်းနှင့် စောင်းတန်းများ၊ သာသနိကအဆောက်အဦများ၌ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှု၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီး မြောက်ဘက်မျက်နှာစာရှိ မေတ္တာကန်၌ ငါးစာကျွေးခြင်း၊ ငါးလွှတ်ခြင်းတို့ဆောင်ရွက်၍ ကုသိုလ်ယူကြသည်။
ထို့နောက် စေတီတော်မြတ်ကြီးရှိ အောင်မြေဗောဓိဓမ္မာရုံအတွင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် ဂေါပကအဖွဲ့ဝင်များက ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီးသမိုင်းကြောင်း မှတ်တမ်းဓာတ်ပုံများ၊ မန္တလေးငလျင်မလှုပ်ခတ်မီမှတ်တမ်းဓာတ်ပုံများနှင့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုမှတ်တမ်းဓာတ်ပုံများဖြင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့ရမှုများကို မူလလက်ရာအတိုင်း ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်၊ မေတ္တာကန်ပတ်လည်၌ အရိပ်ရအပင်များကို အတန်းလိုက်၊ အကန့်လိုက်စိုက်ပျိုးသွားရန်၊ ဘုရားစေတီများရှိ စောင်းတန်းများတွင် ဘုရားဖူးလာရောက်သူများ စိတ်အေးချမ်းသာစွာဖြင့် နားနေနိုင်ရေးဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စေတီတော်မြတ်ကြီးအတွက် ဘက်စုံစုပေါင်းအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြသည်။
ဆွမ်းဦးပုညရှင်စေတီတော်
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဆွမ်းဦးပုညရှင်စေတီတော်သို့ ရောက်ရှိကြပြီး ထိခိုက်ပျက်စီးမှုများအား ရှင်းလင်းဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဓမ္မာရုံ၌ ဂေါပကအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးသမိုင်းကြောင်း မှတ်တမ်းဓာတ်ပုံများ၊ မန္တလေးငလျင်မလှုပ်ခတ်မီ မှတ်တမ်းဓာတ်ပုံများနှင့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုမှတ်တမ်းဓာတ်ပုံများ၊ စေတီတော်ကြီးအား ကျွမ်းကျင်ပညာရှင်များက တိုင်းတာစစ်ဆေးခြင်းများပြုလုပ်ခဲ့မှု အခြေအနေများ၊ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သံကူကွန်ကရိထုတ်များဖြင့် အားဖြည့်တည်ထားမည့်နမူနာပုံစံများ၊ စေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အဦများနေရာချထားမည့် နမူနာပုံစံများအား ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား ရှေးမူမပြတ်မူလပုံစံအတိုင်း ပြန်လည်ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်သွားရန်၊ စေတီတော်မြတ်ကြီး၏ ယခင်မှတ်တမ်းဓာတ်ပုံများကို ပြန်လည်စုဆောင်း၍ သမိုင်းမှတ်တမ်းဓာတ်ပုံများ စနစ်တကျပြုစုထားရှိသွားရန်နှင့် စေတီတော်ကြီးနှင့် သာသနိကအဆောက်အဦများ ပြန်လည်တည်ဆောက်ရာတွင် ခိုင်ခံ့မှုရှိစေရေး စနစ်တကျတွက်ချက်တည်ဆောက်သွားရန်နှင့် အခြားလိုအပ်သည်များကိုလမ်းညွှန်မှာကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဓမ္မာရုံတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုသည်။
စစ်ကိုင်းတံတား(အင်းဝ) ဂုံးအမှတ်(၄)နှင့်(၅) ဖယ်ရှားရှင်းလင်း
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတံတား(ရတနာပုံ)သို့ရောက်ရှိကြရာ တာဝန်ရှိသူတစ်ဦးက စစ်ကိုင်းတံတား(အင်းဝ) ဂုံးအမှတ်(၄)နှင့်(၅) အပျက်အစီးများကို ဖယ်ရှားရှင်းလင်း၍ ရေလမ်းကြောင်း ဖွင့်လှစ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဧရာဝတီတံတား(ရတနာပုံ)တွင် Lateral Bracing, Bearing နှင့် Pier တိုင်များ ပျက်စီးသည့်အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
မဟာမြတ်မုနိဘုရားကြီး
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာမြတ်မုနိဘုရားကြီးသို့ရောက်ရှိကြပြီး ပန်း၊ ရေချမ်းကပ်လှူပူဇော်ကာ ဖူးမြော်ကြည်ညိုသည်။ ထို့နောက် ငလျင်ဘေးဒဏ်ဖြစ်ပေါ်ချိန်တွင် ပြင်းထန်သောလှုပ်ခတ်မှုများကြောင့် မြေခခဲ့ရသည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့၌ စေတနာရှင် အများပြည်သူများလှူဒါန်းထားရှိသည့် ရတနာရွှေငွေကျောက်သံပတ္တမြားနှင့် စိန်ဖူးတော်များ၊ ငလျင်လှုပ်ခတ်စဉ် ကွာကျခဲ့ရသည့် ရှေးဟောင်းလက်ရာ နံရံဆေးရေးပန်းချီများ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာမြတ်မုနိဘုရားကြီးနှင့် သာသနိကအဆောက်အဦများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများနှင့် ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိသည့်အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ပြတိုက်တော်ကြီးအတွင်း၌ မန္တလေးမြို့တော်ဝန်နှင့် မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌတို့က ငလျင်ဖြစ်ပေါ်ခဲ့စဉ်ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့ရမှုများအား မူလလက်ရာမပြတ် စနစ်တကျဖြင့် ပြန်လည်ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းများကို ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အင်ဂျင်နီယာရှုထောင့်မှကြည့်၍ ပြုပြင်မှုများကို ရေရှည်တည်တံ့ခိုင်မြဲအောင်ဆောင်ရွက်သွားရန်နှင့် ပြုပြင်မှုများကို စနစ်တကျမှတ်တမ်း ထားရှိရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးနှင့် စူဠာမုနိရုပ်ရှင်တော်မြတ်
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးသို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ကျောင်းတော်ကြီးအတွင်းရှိ စူဠာမုနိရုပ်ရှင်တော်မြတ်နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်များကို ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စူဠာမုနိရုပ်ရှင်တော်မြတ်အား ပိုမိုကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေးအတွက် ရွှေသင်္ကန်းတော်နှင့် ရွှေပလ္လင်တော်ကပ်လှူပူဇော်ထားရှိမှုအားကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဘက်စုံစုပေါင်းအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး ကျောင်းတော်ကြီးနှင့် ရုပ်ပွားတော်မြတ်များကို ပိုမိုကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေး ထိန်းသိမ်းဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစာများ - ၃၁၉၁ ခု

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
