ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့မျက်နှာစာသစ်ဖိုရမ် (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 13, 2026
image_latest


နေပြည်တော် မတ် ၁၃

မြန်မာ့မျက်နှာစာသစ်နှစ်ဖိုရမ်(ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) Forum on The Dawn of A New State (Trust, Stability & Development) ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပပညာရှင်များ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အနုပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားအား မြန်မာ့မျက်နှာစာသစ်ဖိုရမ် ဂုဏ်ပြုတေးသီချင်း “မြန်မာ့မျက်နှာစာသစ်” သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် “တည်ငြိမ်မှု၊ ယုံကြည်မှုမှသည် ဖွံ့ဖြိုးတိုးတက်မှုဆီသို့” Video Clip အား ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို တက်ရောက်လာကြသည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ တက်ရောက်လာကြသည့် ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေရန် နှုတ်ခွန်းဆက်သအပ်ပါကြောင်း။

ယနေ့ကျင်းပသည့် ဆွေးနွေးပွဲကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် အမြင်ကျယ်ကျယ်ဖြင့်ရှုမြင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၌ ပါဝင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ကြိုတင်သိမြင်နိုင်စေရေး၊ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ကုန်/သွင်းကုန်ကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍများတွင် ဥပဒေများရေးဆွဲကြသည့်အခါ ချဉ်းကပ်ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် ထိရောက်သည့် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းနိုင်စေရေး၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်းစားဆောင်ရွက်သင့်သည့်အချက်များ နိုင်ငံတကာတွင် ကျင့်သုံးနေသည့်အချက်များကို သိရှိနိုင်စေရေး၊ နိုင်ငံတော်အစိုးရသစ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းကူညီဆောင်ရွက်နိုင်စေရေးဟူသည့် ရည်ရွယ်ချက်(၄)ရပ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း။

ယခုဖိုရမ်ကို “နိုင်ငံ့မျက်နှာစာသစ်”ဟု အမည်တပ်ထားသော်လည်း နိုင်ငံ၏ ရုပ်ပိုင်းဆိုင်ရာမျက်နှာစာတစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ စိတ်သစ်၊ လူသစ်၊ အတွေးအမြင်သစ်၊ အခင်းအကျင်းသစ်၊ လုပ်နည်းလုပ်ဟန်သစ်၊ Vision အသစ်၊ Mission အသစ်တို့ကိုပါ ညွှန်းဆိုရည်ရွယ်ခြင်းဖြစ်ကြောင်းကို ဦးစွာပြောကြားလိုကြောင်း။

နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်းကိုပြန်ကြည့်သည့်အခါ အကောင်းမြင်လွန်းခြင်း၊ အဆိုးမြင်လွန်ခြင်းဟူသည့် အစွန်းတရား ၂ ပါးကို ရှောင်ရှားပြီး ပကတိအခြေအနေ၊ ပကတိအမြင်များဖြင့်သာ ရှုမြင်သုံးသပ်ပြောဆိုကြရမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီး မြန်မာ့နိုင်ငံရေးလမ်းကြောင်းသည် လှိုင်းလေထန်ခဲ့သည်ဟု ပြောဆိုသူများရှိကြသကဲ့သို့ နာတာရှည်ခရီးကြမ်းကြီးဟု ဆိုကြသူများလည်းရှိကြကြောင်း၊ ၁၉၄၈ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းသည် အကောင်းအဆိုးတို့ ရောပြွမ်းဖြစ်တည်နေခဲ့သည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှတွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ သက်ဆိုးအရှည်ဆုံးနိုင်ငံဟူ၍ပင် ပြောစမှတ်ပြုခဲ့ကြကြောင်း။

လွတ်လပ်ရေးရပြီး ၂ လအကြာကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ကြီးစိုးလာခဲ့သည်မှာ ယနေ့အချိန်ထိ ချုပ်ငြိမ်းပျောက်ကွယ်မှုမရှိနိုင်သေးသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပျောက်ကွယ်မှု မရှိသေးသည်မှာ အချို့သောလက်နက်ကိုင်တပ်ဖွဲ့များ၏ ကိုယ်ကျိုးစီးပွားအခြေခံသည့် လက်နက်ကိုင်လမ်းစဉ်များကြောင့်ဟု ဆိုနိုင်သကဲ့သို့ အမျိုးသားနိုင်ငံရေးအပေါ် ခံယူကျင့်သုံးခဲ့မှုအားနည်းခဲ့ခြင်းကြောင့် ယုံကြည်ချက်၊ ခံယူချက်များလွဲမှားကြခြင်းကြောင့်ဟုလည်း ဆိုရမည်ဖြစ်ကြောင်း။

အမျိုးသားရေးမူဝါဒနှင့် အမျိုးသားနိုင်ငံရေးဟူသည်မှာ လူထုလူတန်းစားရေး၊ လူမျိုးရေး၊ ဝါဒရေးတို့ထက် အရေးကြီးသည်ကို နိုင်ငံသားအားလုံး သတိပြုကြရန်လိုအပ်ကြောင်း၊ နိုင်ငံများ၏ အမျိုးသားရေးဝါဒများကို ကြည့်မည်ဆိုပါကလည်း ၎င်းတို့ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းနှင့် သီးခြားခွဲထွက်မနေဘဲ ဆက်စပ်နေသည်ဆိုသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားရေးဝါဒ၊ အမျိုးသားနိုင်ငံရေးဟူသည်မှာ မိမိတို့အမြဲပြောဆိုနေသည့် ဒို့တာဝန်အရေးသုံးပါးပင်ဖြစ်သည်ဟုပြောကြားလိုကြောင်း။

ရရှိထားပြီးဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး ဖြစ်ထွန်းမှုများကို ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်များနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး မိမိတို့အားလုံး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အစိုးရအဆက်ဆက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးစားခဲ့ကြသော်လည်း လုံးဝအဆုံးသတ်အောင်မြင်သည့်အထိ မဆောင်ရွက်နိုင်သေးဘဲ ပြည်တွင်းပြည်ပ သွေးထိုးနှောင့်ယှက်မှုများကြောင့် နှောင့်နှေးကြန့်ကြာမှုများရှိနေသေးသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် အပစ်အခတ်ရပ်စဲရေးတစ်ခုကိုသာမက လက်နက်ကိုင်ပဋိပက္ခများ၏ ဇစ်မြစ်ကိုပါ ဖြေရှင်းနိုင်အောင် ကြိုးစားရမည်ဖြစ်သည့်အတွက် နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းပေးကြရမည်ဖြစ်ကြောင်းကို ထပ်မံအသိပေးပြောကြားလိုကြောင်း၊ တိုင်းရင်းသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ စာနာမှုများ မွေးမြူပြီး အနာဂတ်နိုင်ငံတော်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် “အမျိုးသားစည်းလုံးညီညွတ်ရေး” လမ်းကြောင်းပေါ် အတူတကွလျှောက်လှမ်းကြရန် အစဉ်အမြဲ ဖိတ်ခေါ်ကမ်းလှမ်းခဲ့သကဲ့သို့ ဆက်လက်၍လည်း ဖိတ်ခေါ်ကြောင်းကို ပြောကြားလိုကြောင်း။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံသည်တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု၊ အခြေခံအဆောက်အအုံများတည်ရှိမှုတို့ပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားညီအစ်ကို မောင်နှမများအတူတကွ ပေါင်းစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို မိမိတို့အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဆောင်ရွက်နိုင်ခဲ့သော်လည်း ဒီမိုကရေစီအလေ့အကျင့်ကောင်းများ အားနည်းခဲ့မှု၊ အဖွဲ့အစည်းအသီးသီး၏ အတိတ်ဖြစ်ရပ်များအပေါ် မကျေနပ်ချက်များဖြစ်ပေါ်အောင် သွေးထိုးလှုံ့ဆော်လာမှု၊ ပါတီစွဲပုဂ္ဂိုလ်စွဲများကို ရှေ့တန်းတင်ပြီး နိုင်ငံ့အကျိုးကို လျစ်လျူရှုမှုများကြောင့် တည်ငြိမ်အေးချမ်းမှုများ အားနည်းခဲ့ရကြောင်း၊ အဆိုပါအားနည်းချက်များကို သင်ခန်းစာဖော်ထုတ်ပြီး အေးချမ်းတည်ငြိမ်သည့် လူမှုပတ်ဝန်းကျင်များဖြစ်ပေါ်လာအောင် တည်ဆောက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

တရားဥပဒေစိုးမိုးမှသာ တရားမျှတမှုနှင့် လူမှုဝန်းကျင်တည်ငြိမ်မှုရှိမည်ဖြစ်သကဲ့သို့ တရားဥပဒေစိုးမိုးမှုသည် ဖွံ့ဖြိုးရေး၏ အခြေခံအုတ်မြစ်လည်းဖြစ်သည့်အတွက် မိမိတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် တရားဥပဒေစိုးမိုးရေးကို တစ်ဖက်ကဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ အခြားတစ်ဖက်ကလည်းကောင်းမွန်သည့် အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာရေးအတွက် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှု (Reform)ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ကြမှသာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် အရည်အသွေးမြင့်တက်လာမည်ဖြစ်ကြောင်း။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး တို့အပြင် လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံ (Infrastructure) ဖွံ့ဖြိုးတိုးတက်ရန်လည်း မလွဲမသွေလိုအပ်မည်ဖြစ်ကြောင်း။

စီးပွားရေးဖွံ့ဖြိုးမှုအားနည်းရခြင်း၏ အဓိကအချက်မှာ စီးပွားရေးကို မောင်းနှင်လုပ်ဆောင်နိုင်မည့် အတတ်ပညာရှင်များ အားနည်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ အတတ်ပညာဟူသည်မှာ အတန်းပညာကိုအခြေခံပြီး ဆောင်ရွက်ရသည်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ပညာရေးကိုမဖြစ်မနေ အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူစဉ်ကာလတွင် ပညာရေးနှင့်ပတ်သက်၍ စာသင်ကျောင်းအရေအတွက်၊ ပညာရေးဝန်ထမ်းအရေအတွက်ဆိုင်ရာများနှင့် လိုအပ်ချက်များကို လေ့လာဖော်ထုတ်ခဲ့သကဲ့သို့ အနာဂတ်ပညာတတ် လူငယ်များများပြားလာစေရေးအတွက် Polytechnic တက္ကသိုလ်များ ဖွင့်လှစ်ပေးခဲ့ကြောင်း၊ အလားတူ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းများကိုလည်း ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ နောင်လာမယ့် လွှတ်တော်အသီးသီးနှင့် အစိုးရအသီးသီးအနေဖြင့်လည်း အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် ပညာရေးကို ဆက်လက်အားပေးဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုကြောင်း။

အခြေခံအဆောက်အအုံများဖြစ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ လမ်းပန်းဆက်သွယ်မှုနှင့် ဒေသတစ်ခုနှင့်တစ်ခု ကွန်ရက်ချိတ်ဆက်နိုင်မှု၊ ဒီဂျစ်တယ်ဆက်သွယ်ရေးစနစ် အားကောင်းမှုတို့သည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှု တိုးတက်ရေးတို့အတွက် အခရာကျသည့် လိုအပ်ချက်များပင်ဖြစ်ကြောင်း၊ ယင်းတို့ကိုပိုမိုတိုးတက်ကောင်းမွန်အောင် နိုင်ငံတော်အစိုးရတစ်ခုတည်းက ဆောင်ရွက်၍မရဘဲ ဒေသခံပြည်သူများ၊ အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယင်းတို့ကို အစိုးရက တည်ဆောက်အကောင်အထည်ဖော်ပေးရမည်ဖြစ်သကဲ့သို့ ဒေသခံပြည်သူ အားလုံးကမပျက်စီး၊ မပျောက်ပျက်အောင်၊ မသမာသူများ၏ ဖျက်ဆီးမှုမခံရအောင် ဝိုင်းဝန်းထိန်းသိမ်းပေးရန် လိုအပ်ကြောင်းကိုလည်း အသိပေးပြောကြားလိုကြောင်း။

မိမိတို့နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မည့် အစီအမံများကို ချမှတ်ကြသည့်အခါ စီးပွားရေးအရ၊ လုံခြုံရေးအရနှင့် နည်းပညာအရဟူသည့် မတူညီသည့်နယ်ပယ်များနှင့် လိုက်ဖက်မျှတစွာ ပေါင်းစပ်စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် စီးပွားရေးအပိုင်းတွင် ပြောင်းလဲလာနေသည့် ကမ္ဘာ့အစီအစဉ်သစ် (New World Order)နှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲမှုများလုပ်ကြရမည်ဖြစ်ကြောင်း၊ ဈေးကွက်တစ်ခုတည်းကို အလွန်အမင်း မှီခိုနေမှုကို လျှော့ချကြရမည်၊ ကုန်သွယ်ဆက်ဆံရေးများကို ဒေသစုံဖြန့်ကြက်နိုင်စွမ်းမြှင့်တင်ကြရမည်၊ ဖြစ်ပေါ်လာနိုင်သည့် ကမ္ဘာလုံးဆိုင်ရာပြတ်တောက်မှု (Global Disruptions)များကြောင့် ဖြစ်လာနိုင်သည့်ဆုံးရှုံးမှုများကို လျှော့ချနိုင်ရေးအတွက်လည်း ဒေသဆိုင်ရာစီးပွားရေးပေါင်းစည်းမှု (Regional Economic Integration)များကို လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသတွင်းထုတ်လုပ်မှုကွင်းဆက် (Supply Chains)များကို အားကောင်းလာစေရေး ပူးပေါင်းပါဝင်ကြရမည်၊ နိုင်ငံများ၏ အမျိုးသားအကျိုး စီးပွားလုံခြုံရေးအတွက် အဓိကကဏ္ဍများဖြစ်သည့် စားရေရိက္ခာ၊ စွမ်းအင်နှင့်နည်းပညာကဏ္ဍများကဲ့သို့ လုပ်ငန်းများကို ဦးစားပေးရင်းနှီးမြှုပ်နှံကြရမည်ဖြစ်ကြောင်း။

အလားတူ စွမ်းအင်နှင့်အရင်းအမြစ်လုံခြုံရေးသည်လည်း နောက်ထပ်စဉ်းစားရမည့် အကြောင်းကိစ္စဖြစ်ကြောင်း၊ စွမ်းအင်၊ ရေနှင့်ရှားပါးသတ္တုများကို ရယူသုံးစွဲနိုင်မှုသည် ရေရှည်တည်ငြိမ်ရေးအတွက် အလွန်အရေးကြီးသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ နျူကလီးယားနှင့် ကွဲပြားခြားနားသည့် အခြားသောစွမ်းအင်များတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ပထဝီနိုင်ငံရေးကြောင့် ပြတ်တောက်မှုများဖြစ်ပေါ်လာမည့် အန္တရာယ်များအတွက် ကြိုတင်ဆောင်ရွက်သည့်အနေဖြင့် ရှားပါးသတ္တုများနှင့် စားနပ်ရိက္ခာဖူလုံရေးတို့ကို လုံခြုံစိတ်ချရစေရေး စီမံဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း။

ပြောင်းလဲနေသည့် နိုင်ငံတကာအခြေအနေများအောက်တွင် မြန်မာနိုင်ငံသည်လည်း စိန်ခေါ်မှုများနှင့်အတူ အခွင့်အလမ်းများစွာရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရှင်သန်ရေးနှင့် အသွင်ကူးပြောင်းရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်လျက်ရှိသည်ဟုပြောကြားလိုကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှုကို တစ်ဖက်ကကြိုးစားဆောင်ရွက်နေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေးနှင့်အတူ လူမှုဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆက်စပ်ဆောင်ရွက်သွားရမည်ဖြစ်သဖြင့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းညီညွတ်မှုနှင့် လူမှုသဟဇာတဖြစ်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်ပေးသွားရန် လိုအပ်သည်ကိုပြောကြားလိုကြောင်း။

မြန်မာနိုင်ငံ၏ တည်ငြိမ်မှု၊ ဒီမိုကရေစီထွန်းကားမှုနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အပေါ်တွင် နိုင်ငံတကာအသိုက်အဝန်း၏ စာနာနားလည်မှု၊ ထောက်ခံအားပေးမှုနှင့် ရိုင်းပင်းကူညီမှုများကို ယခုထက်ပိုမို ရရှိလာစေမည်ဟုလည်း ယုံကြည်မျှော်လင့်ပါကြောင်း။

ယနေ့ဆွေးနွေးပွဲတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့မှ စီးပွားရေးဆိုင်ရာပညာရှင်များ လာရောက်ဆွေးနွေးကြသည့်အတွက် ၂၀၂၆ ခုနှစ် မြန်မာ့မျက်နှာစာသစ်ကို ပုံဖော်တည်ဆောက်မှုတွင်များစွာ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း။

ယခုဆွေးနွေးပွဲကြီး၏ ရလဒ်များသည် မြန်မာနိုင်ငံ၏ မျက်နှာစာသစ်ကို လှပစွာပုံဖော်နိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ မကြာခင်ကာလတွင် အစိုးရအဖွဲ့သစ်နှင့်အတူ မြန်မာနိုင်ငံ၏ အာရုဏ်ဦးနံနက်ခင်းသစ်တစ်ခု (သို့မဟုတ်) မျက်နှာစာသစ်တစ်ခုကို ရောက်ရှိတော့မှာဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် အမှောင်များပြေပျောက်ပြီး ရွှေရောင်လင်းလက် အလင်းဖြာစေမည့် ရောင်နီသစ်ချိန်ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မင်္ဂလာရှိသည့် အချိန်အခါသမယတွင် မြန်မာနိုင်ငံသားအားလုံးစည်းလုံးမှု၊ ညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ကြွယ်ဝချမ်းသာမှု၊ လွတ်လပ်မှု စသည့် ကောင်းကျိုးတရားများ ရရှိခံစားနိုင်ကြပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို အတူတကွဝိုင်းဝန်းအကောင်အထည်ဖော် သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်အသီးသီးကို မိမိအနေဖြင့်ကြိုဆိုပါကြောင်း၊ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍တရားမျှတစွာဖြင့် စစ်မှန်သည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့်ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲပေးမှုရာခိုင်နှုန်းအနေဖြင့် ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ပြည်သူများအနေဖြင့် တက်ကြွစွာဖြင့် မဲပေးခဲ့ကြကာ စစ်မှန်သည့်မဲရလာဒ်များဖြင့် ပေါ်ထွက်လာသည့် ရွေးကောက်ခံကိုယ်စားလှယ်များသည် ပြည်သူကိုစစ်မှန်စွာကိုယ်စားပြုသူများဖြစ်၍ မိမိအနေဖြင့် ဝမ်းမြောက်ကြောင်းကို ပြောကြားလိုကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံတော်ကိုစီးပွားရေးအရမည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ကို စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အူမတောင့်မှ သီလစောင့်မည်ဟူသည့် စကားနှင့်အညီ ပြည်သူလူထုအားလုံး၏လူမှုစီးပွားဘဝများ အဆင်ပြေအောင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ တစ်ဖက်မှလည်း နိုင်ငံ၏ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း။

ကမ္ဘာပေါ်တွင် အုပ်ချုပ်မှုစနစ်အမျိုးမျိုးရှိပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံကျင့်သုံးမှု များကွဲပြားကြသည်ကိုတွေ့ရကြောင်း၊ ပါတီစုံစနစ်ကျင့်သုံးသည့်နိုင်ငံများ၊ တစ်ပါတီတည်းကသာ ဦးဆောင်ဆောင်ရွက်သည့်နိုင်ငံများ၊ အင်အားကြီးနှစ်ပါတီမှ ဦးဆောင်ဆောင်ရွက်သည့်နိုင်ငံများ စသည်ဖြင့်ကျင့်သုံးမှုအမျိုးမျိုးကို လေ့လာတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်သူများမှလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးလျက်ရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို ကျင့်သုံးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်ကိုကျင့်သုံးရာတွင် လူပုဂ္ဂိုလ် ၊ လူမျိုးစုအပေါ် အခြေခံခြင်းမဟုတ်ဘဲ နေရာဒေသကို အခြေခံ၍ ကျင့်သုံးခြင်းဖြစ်သည်ကို သတိချပ်ကြစေလိုကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံ၏အနာဂတ်ကိုပုံဖော်ရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းပါ အချက်အလက်များအပေါ်တွင်အခြေခံပြီး ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ၏ပညာရေး ကဏ္ဍမြှင်တင်ရေးအတွက် မဖြစ်မနေအလေးထားလုပ်ဆောင်ကြရန်လိုကြောင်း၊ ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားဆောင်ရွက်လျက်ပြီး ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေး အတတ်ပညာများလိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍ တိုးတက်လာစေရေးအားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ စိုက်ပျိုးမွေးမြူရေး အသိပညာများတတ်ကျွမ်းသည့် လူသားအရင်းအမြစ်များ တိုးတက်လာစေရေးအတွက်လည်း အခြေခံပညာအထက်တန်းတက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများကို စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအသိပညာများကို သင်ကြားပေးလျက်ရှိသကဲ့သို့ လာမည့်ပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်းအဆင့်မှစတင်၍ သင်ကြားနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာအချက်အလက်များကို လေ့လာကြည့်မည်ဆိုပါက စာပေအတတ်ပညာဆိုင်ရာများ၊ အနုသုခုမပညာရပ်များ၊ လူနေမှုစနစ်များအနေဖြင့် အဆင့်အတန်းမြင့်မားခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင် စစ်မက်များဖြစ်ပွားခြင်း၊ ပြည်ပကျူးကျော်စစ်များဖြစ်ပွားခြင်း၊ အချင်းချင်းမသင့်မြတ်မှုများဖြစ်ပွားမှုကြောင့် စစ်ပွဲဖြစ်ပွားခြင်းများကြောင့် မိမိတို့၏ ရှေးယခင်က တတ်မြောက်ခဲ့သည့် အသိပညာ၊ အတတ်ပညာများကို ဆက်လက်လက်ဆင့်ကမ်းထိန်းသိမ်းနိုင်မှု အားနည်းခဲ့ကြသည်ကိုတွေ့ရကြောင်း၊ အလားတူလွတ်လပ်ရေးဆုံးရှုံးပြီး ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ချိန်တွင်လည်း မိမိတို့နိုင်ငံ၏ ပညာရေးနိမ့်ပါးအောင် ဆောင်ရွက်ခဲ့ကြကြောင်း၊ လွတ်လပ်ရေးရရှိပြီးချိန်တွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ခြင်းကြောင့် တည်ငြိမ်အေးချမ်းမှုများပျက်ပြားခဲ့ရပြီး ပညာသင်ကြားမှုများထိခိုက်ခဲ့ရကြောင်း။

အတန်းပညာရှိမှသာ အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါကြွယ်ဝလာမည်ဖြစ်သဖြင့် ပညာရည်မြှင်တင်ရေးကို မိမိတို့အနေဖြင့် မဖြစ်မနေ ဆက်လက်ဆောင်ရွက်သွားကြရမည်ကို လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သတိချပ်ကြစေလိုကြောင်း၊ ယေဘုယျအားဖြင့် ဝေးလံခေါင်ပါးသည့်ဒေသများ၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားလျက်ရှိသည့် ဒေသများတွင် ပညာရေးအားနည်းကြသည်ကိုတွေ့ရကြောင်း၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားလျက်ရှိသည့် ဒေသများရှိ ပညာရေးကိုလေ့လာကြည့်ပါက တစ်ဦးချင်းပညာရေးအားနည်းမှုကြောင့် စဉ်းစားတွေးခေါ်မှုများအားနည်ပြီး ပဋိပက္ခများဖြစ်ပေါ်နေသည်ကိုတွေ့ရှိရကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့မှုကြောင့် ယခုကဲ့သို့သော အခြေအနေသို့ရောက်ရှိခဲရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပချိန်တွင် မဲစာရင်းများမှန်ကန်မှုရှိစေရေးနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းကြောင့် သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ လွတ်လပ်မျှတသည့်ရွေးကောက်ပွဲတစ်ခုအဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ ထို့ကြောင့်ယခုအခါ အဆိုပါသန့်ရှင်းသည့် ဆန္ဒမဲများဖြင့်ထွက်ပေါ်လာသည့် ရွေးကောက်ခံကိုယ်စားလှယ်များ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း။

မိမိတိုနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကို အဓိကထားဆောမင်ရွက်နေခြင်းဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်း (Agro-base Industires)ကို မဖြစ်မနေအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူဖွံ့ဖြိုးတိုးတက်နေသည့်ခေတ်နှင့်အညီ နည်းပညာများဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်း(Agro-base Industires) ကိုဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စက်မှုကုန်ကြမ်းသီးနှံများကို ပိုမိုတိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ထိုအထဲတွင် ဝါသီးနှံကိုစိုက်ပျိုးခြင်းဖြင့် ဝါမှ ဝါဂွမ်း၊ ချည်နှင့် အထည်အလိပ်များကို ထုတ်လုပ်နိုင်ပြီး စက်မှုကုန်ထုတ်လုပ်ငန်းများကို များစွာအထောက်အကူပြုစေနိုင်ကြောင်း၊ အလားတူ မိမိတို့နိုင်ငံ၏ သစ်တောထွက်သယံဇာတများတွင် ပေါကြွယ်ဝစွာရှိပြီးဖြစ်သည့်ဝါးများကို အသုံးပြု၍လည်း ဝါးပျော့ဖတ်နှင့် အခြားတန်ဖိုးမြှင့်ထုတ်ကုန်များကို စက်မှုကုန်ထုတ်လုပ်ငန်းများဖြင့် ဆောင်ရွက်နိုင်ကြောင်း။

အလားတူ မိမိတို့နိုင်ငံတွင် အသေးစား၊ အလတ်စားနှင့် အငယ်စားစီးပွားရေး (MSME) ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်း စားသောက်ကုန်များကို သာမကအခြား ပြည်တွင်းသုံးပြည်ပအစားထိုး ထုတ်ကုန်များနှင့် ပြည်ပပို့ကုန်များကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများကိုလျှော့ချနိုင်ပြီး နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေများရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်များတင်ပို့ခြင်းကြောင့် နိုင်ငံခြားငွေများရရှိမှသာ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော ထုတ်ကုန်များကို အရည်အသွေးပြည့်မီစွာဖြင့် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်းနေထိုင်ကြသူများ အားလုံးက အမှန်တကယ်အလုပ်လုပ်ကြရန်လိုကြောင်း၊ အလားတူသုံးစွဲမှုများ ဆောင်ရွက်ရာတွင် အသုံးနှင့် အဖြုန်းကိုနားလည်ပြီး တစ်ဦးချင်းမှအစချိုးခြံချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံတော်၏ ငွေကြေးသုံးစွဲမှုများကိုလျှော့ချနိုင်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ထိခိုက်ပျက်စီးခဲ့ရသည်များကို ပြန်လည် သဘာဝဘေးအန္တရာယ်များကြောင့် တည်ဆောက်ရေး ဆောင်ရွက်နေရဆဲဖြစ်ကြောင်း၊ နိုင်ငံတိုးတက်ရေးအတွက် အမှန်တကယ်အလုပ်လုပ်သူများ ဖြစ်ကြရန်လိုကြောင်း၊ နိုင်ငံ့အနာဂတ် တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် လူငယ်များနှင့် အမျိုးသမီးများပါဝင်မှု အခန်းကဏ္ဍကိုလည်း မိမိအနေဖြင့် အလေးထားအသိအမှတ်ပြုပါကြောင်း၊ ယခုမြန်မာ့မျက်နှာသစ် နှစ်ဖိုရမ်(ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်မှု)သည် မိမိတို့နိုင်ငံ၏ အနာဂတ်အတွက် အရေးပါသည့်ဆွေးနွေးပွဲ၊ အဓိပ္ပါယ်ရှိသည့် ဆွေးနွေးပွဲဖြစ်သဖြင့် အားလုံးက အလေးထားဆွေးနွေးဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိုရမ်တွင်ပါဝင်ဆွေးနွေးကြမည့် ပြည်ပပညာရှင်များအား မြန်မာ့မျက်နှာစာသစ်ဖိုရမ်ကျင်းပခြင်းအထိမ်း အမှတ်လက်ဆောင်များအား ပေးအပ်သည်။

၎င်းနောက် မြန်မာ့မျက်နှာစာသစ်ဖိုရမ်တွင်ပါဝင်ဆွေးနွေးကြမည့် နိုင်ငံတကာ ပညာရှင်များက နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကြသည်။

ထို့နောက် အနုပညာရှင်များက “ရောင်နီသစ်ပြီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာ့မျက်နှာစာသစ်ဖိုရမ် အထိမ်းအမှတ်ပြခန်းများအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ မြန်မာ့မျက်နှာစာသစ်နှစ်ဖိုရမ် (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်မှု) Forum on The Dawn of A New State(Trust, Stability & Development) ကို ရည်ရွယ်ချက်(၄)ရပ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မတ်လ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ပြည်တွင်း၊ ပြည်ပပညာရှင်များကပါဝင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစာများ - ၃၄၆၉ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download